တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) (၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်လာကြသူများ၏ စကားသံများ
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ကျင်းပခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများ၏ စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။
ဗိုလ်မှူးကြီးဝဏ္ဏအောင် [အဖွဲ့ဝင်၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ]
NCA စာချုပ်ဟာ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တည်းက ရေးဆွဲထားတာမဟုတ်ဘဲ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတွေအကြား ဆွေးနွေးညှိနှိုင်းပြီး သဘောတူ ရေးဆွဲထားတာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားပြီး နိုင်ငံတကာနဲ့ ပြည်တွင်းအသိ သက်သေတွေ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ အတွက် မည်သည့်အချိန်မှ ပျက်ပြယ်မှု မရှိဘဲ တည်ရှိနေမယ့် သမိုင်းဝင်စာချုပ်ပဲဖြစ်ပါတယ်။
NCA ရဲ့ အနှစ်သာရက ဒို့တာဝန်အရေး (၃)ပါးကိုရှေးရှုပြီး လွတ်လပ်မှု၊ တန်းတူ ညီမျှမှုနဲ့ တရားမျှတမှုတို့ကို အခြေခံတဲ့ ပင်လုံစိတ်ဓာတ်နဲ့အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အဝရှိတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်တို့ကိုအခြေခံတဲ့ ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနဲ့အညီ တည်ဆောက်သွားဖို့ပဲဖြစ်ပါတယ်။ NCA မှာပါရှိတဲ့ အနှစ်သာရတွေနဲ့ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက် သွားနိုင်ဖို့အတွက် NCA နှစ်ပတ်လည်နေ့ အခမ်းအနားတွေကို နှစ်စဉ်ကျင်းပရခြင်း ဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်စေလိုတဲ့ စိတ်ဆန္ဒရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ အစဉ် အမြဲဖိတ်ခေါ်လျက် ရှိပြီး တွေ့ဆုံဆွေးနွေးမှုတွေကို NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇)ဖွဲ့၊ NCA လက်မှတ်မရေးထိုးထားသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(၃)ဖွဲ့၊ နိုင်ငံရေးပါတီတွေ၊ ငြိမ်းချမ်းရေးအကျိုး ဆောင်တွေနဲ့ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ အခုအချိန်ထိ တွေ့ဆုံဆွေးနွေးမှု ၁၄၂ ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါတယ်။
ဆွေးနွေးတဲ့ အကြောင်းအရာတွေက ဒေသတည်ငြိမ်အေးချမ်းရေး၊ နယ်မြေဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ အကြမ်းဖက်လုပ်ရပ် များအား အားပေးကူညီမှုမပြုရေး၊ မူးယစ်ဆေးဝါး၊ လက်နက်/ခဲယမ်းနဲ့ တရားမဝင် လုပ်ငန်းများအား ရောင်းဝယ်ခြင်း၊ ပါဝင် ပတ်သက်ခြင်း မပြုလုပ်ရေး၊ အမှန်တကယ် လိုအပ်နေသော နေရာဒေသများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရေးနဲ့ ဒီမို ကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး အတွက် ဆွေးနွေးညှိနှိုင်းကြပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ခုနှစ်)မှာ ပြင်ဆင်၊ ဖြည့်စွက်ဖို့ လိုအပ်မယ့်ကိစ္စရပ်တွေကို လွှတ်တော်နဲ့ NCA လမ်းကြောင်းတွေက ပြဋ္ဌာန်းချက် စည်းကမ်းနဲ့အညီ ဆောင်ရွက် သွားနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။
ဒီမိုကရေစီနိုင်ငံတွေမှာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရတစ်ရပ် ပေါ်ထွန်းလာဖို့အတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အဓိကဖြစ်ပါတယ်။ ဆန္ဒမဲပေးပိုင်ခွင့် ရှိတဲ့ မဲဆန္ဒရှင် ပြည်သူတွေကလည်း ဆန္ဒမဲပေးရာမှာ ခြိမ်းခြောက်ခံရမှု၊ စိုးရိမ်မှု၊ အနှောင်အဖွဲ့ရှိမှုများမရှိဘဲ လွတ်လပ်ခြင်း၊ တရားမျှတခြင်းတို့နဲ့ မဲပေးနိုင်ခွင့်ရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် NCA လက်မှတ် ရေးထိုးထားတဲ့ EAO တွေ၊ NCA လက်မှတ် မရေးထိုးထားသေးတဲ့ EAO တွေ၊ နိုင်ငံရေး ပါတီတွေနဲ့ ဆွေးနွေးခဲ့ကြပြီး ဘုံသဘော တူညီချက်လေးချက် ညှိနှိုင်းရရှိခဲ့ပါတယ်။ ဒီအချက်တွေထဲက ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့အချက်အနေနဲ့ တရားဥပဒေ စိုးမိုးရေး၊ ဒေသတည်ငြိမ်ရေးနဲ့ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲများ လွတ်လပ်၍ တရားမျှတစွာ ယှဉ်ပြိုင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုတဲ့ အချက်ပါရှိပါတယ်။
လက်ရှိအချိန်မှာ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးအတွက် ငြိမ်းချမ်းရေးကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ပြည်တွင်းအရေးသာဖြစ်လို့ ပြည်တွင်းရှိ အဓိကသက်ဆိုင်သူတွေနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းသွားမှာပဲဖြစ်ပါတယ်။ နိုင်ငံရေး နည်းလမ်းအရ ဆွေးနွေးညှိနှိုင်းအဖြေရှာ နိုင်ရေး NCA ကို အလေးထားအကောင် အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ NCA လက်မှတ် မရေးထိုးသေးတဲ့ EAO တွေကိုလည်း Bilateral တွေ့ဆုံဆွေးနွေးပြီး သဘောတူညီချက်များရရှိအောင် ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ NCA လက်မှတ်ရေးထိုးထားသော EAO များ၊ NCA လက်မှတ်မရေးထိုးထားသေးသော EAO များ အားလုံးကို တရားဝင် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ပါဝင်လာစေ ရေး စိတ်ရှည်စွာနဲ့ အစဉ်အမြဲဖိတ်ခေါ်တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း(ငြိမ်း) [အဖွဲ့ဝင်၊ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ]
ကျွန်တော်တို့ တစ်နိုင်ငံလုံးငြိမ်းချမ်းရေး ရရှိဖို့အတွက် လက်မှတ်ထိုးခဲ့တာ ဒီနေ့ဆို ၉ နှစ်ပြည့်မြောက်ပါပြီ။ ငြိမ်းချမ်းရေးက နိုင်ငံတော်အစိုးရ အဆက်ဆက် ကြိုးပမ်း ခဲ့ကြတယ်။ NCA ပေါ်ပေါက်လာတာက သမ္မတကြီး ဦးသိန်းစိန် လက်ထက်မှာ ဖြစ်ပါတယ်။ NCA လက်မှတ်ရေးထိုးပြီးတဲ့ နောက်ပိုင်း ကျွန်တော်တို့နိုင်ငံမှာ ငြိမ်းချမ်း ရေးရဲ့ အရသာကို အတော်ခံစားခဲ့ရပါ တယ်။ တစ်တိုင်းပြည်လုံး လွတ်လွတ်လပ်လပ် သွားလာနိုင်တဲ့ အခြေအနေ၊ တစ်နိုင်ငံလုံး လွတ်လွတ်လပ်လပ် ကူးသန်းရောင်းဝယ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ ကာလကြုံတွေ့ရပါတယ်။
ဒါကိုတည်မြဲအောင် ဆက်လက်ကြိုးပမ်းရင်း မမျှော်လင့်တဲ့ ကိစ္စတွေပေါ်ပေါက်လာခဲ့တယ်။ သို့သော် ကျွန်တော်တို့အနေနဲ့ NCA လမ်းကြောင်းပေါ်မှာ ကျန် တဲ့အဖွဲ့တွေပါဝင်လာအောင်၊ တစ်နိုင်ငံလုံးငြိမ်းချမ်းအောင်၊ ပြည်သူတွေ အားလုံး လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေထိုင်လုပ်ကိုင် စားသောက်နိုင်အောင် ကျွန်တော်တို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ ဒီနေ့လို အခမ်းအနား ကျင်းပနိုင်အောင် ကြိုးပမ်းကြတဲ့ NCA လက်မှတ်ရေးထိုးတဲ့ တိုင်းရင်းသားအဖွဲ့တွေ၊ ခေါင်းဆောင်တွေ၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှုဌာနက တာဝန်ရှိသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ပြည်သူတွေမျှော်မှန်းထားတဲ့ ငြိမ်းချမ်းရေးရအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။
ဦးလှမောင်ရွှေ [ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအဖွဲ့(CPR)]
NCA (၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကနေ ပြည်သူတွေကို တင်ပြ လိုတာက ကျွန်တော်တို့ အားလုံးမှာ အခက် အခဲတွေ ရှိနိုင်တယ်။ အမြင်မတူမှုတွေ ရှိနိုင်တယ်။ ဒီလိုအမြင်မတူမှုတွေကို လက်နက်ကိုင်တဲ့နည်းနဲ့ ဖြေရှင်းတာက နှစ်ပေါင်းများစွာကြာပြီ မအောင်မြင်ခဲ့ဘူး။ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ နောက်ကျ မယ်။ ငွေကြေးအရင်းအနှီးတွေ ဆုံးရှုံးတဲ့အပြင် လူသားအရင်းအမြစ်တွေလည်း ဆုံးရှုံးခဲ့ကြရတယ်။ အခုအနေအထားမှာ လက်နက်စွဲကိုင်ပြီး ဖြေရှင်းတာက ရလဒ် ရမယ်လို့ ယုံကြည်သူ ရှိကောင်းရှိမယ်။ ကျွန်တော်တော့ မယုံကြည်ဘူး။ ဒါကြောင့် အခုလိုဆွေးနွေးတဲ့နည်းနဲ့ ညှိနှိုင်းဆွေးနွေး ကြမယ်ဆိုရင် ကျွန်တော်တို့ အရင်းအမြစ် ပြုန်းတီးမှုတွေ သက်သာမယ်။ ဖွံ့ဖြိုးတိုးတက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
ဒေါက်တာအေးမောင် [ဥက္ကဋ္ဌ၊ ရခိုင့်ဦးဆောင်ပါတီ (နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင်)]
NCA စာချုပ်ဖြစ်တည်လာတာ ၉ နှစ် ပြည့်ပြီ။ ကျွန်တော်တို့အမြင်က မြန်မာနိုင်ငံ၊ မြန်မာ့သမိုင်းမှာ ဒုတိယအရေးကြီးဆုံး စာချုပ်ဖြစ်ပါတယ်။ ဒီလို (၉) နှစ်မြောက် NCA နှစ်ပတ်လည်နေ့မှာ လာရောက်ပြီး ကျွန်တော်တို့ ကြုံတွေ့ခဲ့ရတာတွေ၊ မျှော်မှန်းချက်တွေကို တင်ပြခွင့်ရတာ ဝမ်းသာပါတယ်။ NCA စာချုပ်မှသည် ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော် အသိုက်အဝန်းကြီး ခိုင်ခိုင်မာမာပေါ်ပေါက်စေချင်တဲ့ ဆန္ဒရှိပါတယ်။ အောင်မြင်ပါစေ၊ ငြိမ်းချမ်းပါစေလို့ ဆုတောင်းပါတယ်။
စောမြရာဇာလင်း [ဥက္ကဋ္ဌ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)]
ရခိုင်ပြည်လွတ်မြောက်ရေး ပါတီက လက်မှတ်ထိုးခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တစ်ယောက် အနေနဲ့ရော ပါတီဥက္ကဋ္ဌအနေနဲ့ပါ တက်ရောက်လာတာဖြစ်ပါတယ်။ NCA နဲ့ပတ်သက်ပြီး အမှတ်တရတွေအများကြီး ရှိပါတယ်။ NCA ကို ကျွန်မတို့ လွယ်လွယ် ကူကူနဲ့ရခဲ့တာ မဟုတ်ပါဘူး။ အတိုက်အခံတွေ၊ စိတ်မောကိုယ်မောဖြစ်ခဲ့ရတဲ့ အချိန်တွေ အများကြီးရှိခဲ့တယ်။ ဒါပေမယ့် NCA ကိုရအောင် ကြိုးပမ်းခဲ့ခြင်းဟာ မြန်မာ့သမိုင်းမှာ အင်မတန်ထူးခြားတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ ဒီထူးခြားတဲ့ ဖြစ်ရပ်ကို တချို့ပုဂ္ဂိုလ်တွေက NCA ပျက်စီး သွားပြီ စသဖြင့် ပြောဆိုကြတာရှိပါတယ်။ NCA လက်မှတ်ထိုးထားကြတဲ့ ပုဂ္ဂိုလ်တွေက ပျက်စီးသွားပါပြီ၊ မသုံးတော့ဘူးလို့ မပြောသမျှ NCA က ရှိနေဦးမှာ ဖြစ်ပါ တယ်။ စစ်ကို စစ်နဲ့မဖြေရှင်းဘဲ စားပွဲဝိုင်းနဲ့ဖြေရှင်းဖို့ စဉ်းစားတာက ဒီစာချုပ်ကြီး ဖြစ်ပေါ်လာဖို့ အဓိကအကြောင်းရင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့က NCA ကို တန်ဖိုးထားတယ်။ NCA မှာ အားလုံး ပြည့်စုံသလားလို့မေးရင် မပြည့်စုံတာတွေရှိမှာပါ။ ပြည့်စုံမှုရှိအောင် ပြန်လုပ်လိုတဲ့ဆန္ဒနဲ့ သတ္တိရှိဖို့ အရေးကြီးတယ်။ ဒါကြောင့် NCA နှစ်ပတ်လည်နေ့ကို ကျင်းပခြင်းသည် မင်္ဂလာရှိတဲ့ နေ့ထူးနေ့မြတ်အဖြစ် ကျွန်မတို့ သတ်မှတ်ပါတယ်။
ဦးကိုကိုကြီး [(ဥက္ကဋ္ဌ၊ ပြည်သူ့ပါတီ) (နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ ခေါင်းဆောင်)]
နိုင်ငံတည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ငြိမ်းချမ်းရေးက မရှိမဖြစ်လိုအပ် ပါတယ်။ ကျွန်တော်တို့ မျိုးဆက်သာမက နောင်မျိုးဆက်တွေအတွက်ပါ အခြေခံ ကောင်းတွေ တည်ဆောက်ပေးခဲ့ဖို့လိုတယ်။ ဒီနေ့ဖြစ်ပေါ်နေတဲ့ အခြေအနေကနေ အမြန်ဆုံးရုန်းထွက်ပြီး လှပတဲ့အနာဂတ်ကို တည်ဆောက်ဖို့ ကျွန်တော် အတတ် နိုင်ဆုံးဆွေးနွေးကြမှာဖြစ်ပါတယ်။ ဒီမိုကရေစီကို လိုလားတောင့်တတဲ့ နိုင်ငံရေး သမားတွေ အားလုံးရဲ့ အသက်က ပြည်သူပါ။ ပြည်သူတွေကိုယ်တိုင်က နိုင်ငံရေး နည်းလမ်း၊ အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ ပြဿနာတွေ ဖြေရှင်းနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက် အားကောင်းလာအောင်၊ ပြည်သူတွေ ကြားထဲမှာ ပျံ့နှံ့လာအောင် ဆောင်ရွက်ကြဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဒီလိုနိုင်ငံရေးဆွေးနွေးပွဲတွေ ကနေ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ၊ ရလဒ်ကောင်းတွေထွက်ဖို့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားသွားပါမယ်။ အမြင် မတူသေးတဲ့သူတွေ အချင်းချင်းလည်း ငါနဲ့မတူ ငါ့ရန်သူဆိုတာမျိုး မသတ်မှတ်ဘဲ သဘောထားကြီးကြီးနဲ့ ဆောင်ရွက်ကြရင် လှပတဲ့ အနာဂတ်ကို ကျွန်တော်တို့ ဖော်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။