တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးရမိ
နေပြည်တော် အောက်တိုဘာ ၁၅
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီး ဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ ၁၁ ရက်တွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ (၄)လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံးပစ္စည်း(၁)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၈၂၆၂၂၇၂၀)ကို လည်းကောင်း၊ အောက်တိုဘာလ ၁၄ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း(၁)မျိုး၊ လူသုံးကုန်ပစ္စည်း(၁)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၆၉၂၅၃၄၀) ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၉၅၄၈၀၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် အောက်တိုဘာလ ၁၂ ရက်တွင် ရခိုင်ပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သံတွဲခရိုင်၊ ဂွမြို့နယ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် ဆိုင်ကယ်အပိုပစ္စည်း (၂)မျိုး၊ စားသောက်ကုန်ပစ္စည်း (၄)မျိုး၊ ဓာတ်ဆီ (၆၃)ပီပါ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၈၅၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် အောက်တိုဘာလ ၁၄ ရက်တွင် မွန်ပြည်နယ်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျိုက်ထိုမြို့နယ် အတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ်(၄)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၀၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ ကျိုက်မရောမြို့နယ်၊ စပယ်ဂူလမ်းဆုံ၊ ကျိုက်မရောပူးပေါင်း စစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် စားသောက်ကုန်ပစ္စည်း (၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၇၅၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu D-Max Pickup (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၀၀၀၀၀၀) နှင့် မော်လမြိုင်မြို့၊ စျေးကြိုရပ်ကွက်၌ မော်တော်ယာဉ် (၄)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း (၁)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၁၄၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Pickup (၁)စီး၊ Bagan Light Truck (၁)စီး၊ Nissan Diesel Truck (၁)စီး၊ Nissan Condor Truck (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၇၀၀၀၀၀၀)တို့ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၉၂၁၅၀၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ရှမ်းပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျိုင်းတုံမြို့နယ်၊ မြို့ရှောင်လမ်း၊ ကျိုင်းဖောင်းရွာအနီး၌ စုပုံထားသော အကောက်ခွန်မဲ့ လုပ်ငန်းသုံးပစ္စည်း (၁)မျိုး၊ လူသုံးကုန်ပစ္စည်း (၁)မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၆၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန် ပစ္စည်း(၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၈၇၆၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ယစ်မျိုးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ ၁၄ ရက်တွင် ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၂)စီးနှင့် သာမညမှ ဖြူးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီးတို့ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း (၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၉၈၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hyundai Truck (၁)စီး၊ Nissan Caravan (၁)စီး၊ Toyota Hiace (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀) ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ အောက်တိုဘာလ ၁၅ ရက်တွင် တောင်ငူ ခရိုင်အတွင်း၌ တရားမဝင် သစ်မာ (၁၁ ဒသမ ၃၀၅)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၆၈၇၄၀၀)ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၃၂၈၅၄၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်၊ ၁၂ ရက်၊ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၈)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၅၇၃၆၀၆၀) ဖမ်းဆီးရမိခဲ့ပါသည်။ တရားမဝင် တင်သွင်းမှုများနှင့် သစ်များတရားမဝင် တင်ပို့မှုများကြောင့် နိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးပန်းတိုင်များကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် သိသာစွာ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေနိုင်သကဲ့သို့ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍမှရရှိသည့် အခွန်အခများ၊ တရားဝင်အလုပ်အကိုင် အခွင့်အလမ်းများ၊ ဂေဟစနစ်နှင့် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်များအပေါ် ထိခိုက်နစ်နာမှုများလည်း ဖြစ်ပေါ်စေနိုင်ပါသည်။
သို့ဖြစ်ပါ၍ တရားမဝင်ကုန်သွယ်မှုများ လျော့နည်း ပပျောက်စေရေး သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။