သဘာဝသာယာမင်္ဂလာရှိရာ သီတင်းကျွတ်ချိန်ခါ
သီတင်းကျွတ်လသည် မြန်မာပြက္ခဒိန်၏ သတ္တမမြောက်လဖြစ်သည်။ ရက်မစုံလဖြစ်ပြီး ရာသီပန်းမှာ ကြာပန်းဖြစ်သည်။ စန်းယှဉ်နက္ခတ်မှာ အသဝနီနက္ခတ်ဖြစ်သည်။ ဗုဒ္ဓဘာသာ၏ ဝါတွင်းကာလ ပြီးဆုံးသော အချိန်အခါလည်း ဖြစ်သည်။ “တော်ကျွတ်မုန်းရှေ့”ဆိုသော စကားအရ နဂါးဦးခေါင်းသည် အရှေ့အရပ်သို့လှည့်၏။ ရက်ရာဇာများမှာ အင်္ဂါနှင့်ကြာသပတေးတို့ဖြစ်ပြီး တနင်္ဂနွေနှင့်တနင်္လာတို့မှာ ပြဿဒါးရက်များ ဖြစ်ကြသည်။
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် သီတင်းကျွတ် လပြည့်နေ့ရောက်တိုင်း မီးထွန်းပွဲတော်ကို ဆင်နွှဲ ကြသည်။ ပုဂံမြို့ မြင်းကပါဂူပြောက်ကြီးဘုရားရှိ ရှေးဟောင်းပန်းချီကားတွင် ဘုရားရှင် ဆင်းသက် လာပုံနှင့် မီးထွန်းနေပုံကို ရေးဆွဲထားသောကြောင့် မီးထွန်းပွဲတော်သည် ပုဂံခေတ်ကတည်းက ကျင်းပခဲ့သည်မှာ အထင်အရှားဖြစ်၏။
ရှေးမြန်မာမင်းများ လက်ထက်တွင် မင်းသား၊ မင်းမြေး၊ မှူးတော် မတ်တော်တို့၏ အဆင်တန်ဆာများ အသစ်လဲလှယ်ပေးခြင်းကို သီတင်းကျွတ်လတွင် ပြုလုပ်ကြသည်။ ထို့ပြင်ဘုရားစေတီတို့တွင် ဆီမီး ပူဇော်ထွန်းညှိခြင်းနှင့် ဝါကျွတ်ကန်တော့ပွဲကို ကျင်းပကြသည်။ ထို့ကြောင့် ဖိုးသူတော်ဦးမင်း၏ ဆယ့်နှစ်လ ရာသီဘွဲ့သဖြန်တွင် "ကြာငါးမည်ကြိုင်သင်းလို့၊ လျှံဝင်းတဲ့ပြောင်ထိန်၊ ရွှေနန်းတောင် တော်ဦးမှာလ၊ ကွန့်မြူးမြင်းမိုရ်မီး၊ ညီးတဲ့ခါချိန်၊ ရှိခိုးငယ်နှိမ်၊ သုံးကြိမ်ရိုပြောင်း၊ သက္ကစ္စဂါရဝါနှင့်၊ စဉ်အလာ ပူဇော်ပွဲကို၊ ခဲကြပေတောင်း" ဟု စပ်ဆိုခဲ့သည်။
ယနေ့ခေတ်တွင် စေတီ၊ ပုထိုး၊ ဘုရားကျောင်းကန်များနှင့် နေအိမ်ခြံဝင်းတို့၌ ရောင်စုံလျှပ်စစ်မီး၊ စက္ကူ မီးပုံး၊ ဖယောင်းတိုင်၊ မြေဆီမီးခွက်များဖြင့် အလှဆင်ထွန်းညှိကြသည်။ ကျေးလက်ဒေသများတွင် ရွာသူ၊ ရွာသားများသည် အိုးစည်ဒိုးပတ်၊ အကအခုန်များဖြင့် ဘုန်းကြီးကျောင်းကို သွားရောက်ကာ မီးထွန်း ပွဲတော်ကို ကျင်းပကြ၏။ ရပ်ကွက်၊ ကျေးရွာအလိုက်ဘုရားပွဲတော်၊ နိဗ္ဗာန်ဈေးတို့တွဲဖက်ဆင်နွှဲကြကာ ဇာတ်ပွဲ၊ အငြိမ့်ပွဲများလည်း ကပြကြသည်။ ထို့ပြင်မိဘ၊ ဆရာသမား၊ မိမိထက်အသက်ဂုဏ်ဝါကြီးသူ၊ မြင့်မြတ်သူ၊ ရိုသေလေးစားထိုက်သူတို့အပေါ် အပြစ်ကြီးငယ်ရှိပါက ခွင့်လွှတ်ပါရန်ငယ်သူတို့က ရှိခိုး ကန်တော့ တောင်းပန်ကြသည်။
ယခုကဲ့သို့ အစဉ်အလာကောင်းသည် ယနေ့ထက်တိုင် တည်တံ့လျက်ရှိသည်။ ထို့ကြောင့် စာဆိုရှင် ဦးပြုံးချိုက "ဂါရဝေ၊ သက္ကစ္စံ ပဏာမေဖြင့်၊ သဒ္ဓါခြွေကန်တော့ပွဲကိုလ၊ မစဲပေါင်ကုသိုလ်နှိုးကြတယ်၊ မျိုးမြန်မာ့တိုင်း" ဟု ရေးစပ်သီကုံးခဲ့သည်။
ဗုဒ္ဓဘာသာအနေဖြင့် သီတင်းကျွတ်လတွင်“အဘိဓမ္မာအခါတော်နေ့”ဆိုသော နေ့တစ်နေ့ရှိသည်။ ၎င်းနေ့ ပေါ်ပေါက်လာပုံမှာ မြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိံသာနတ်ပြည်တွင် ဝါဆို ဝါကပ်တော်မူသည်။ နတ်ပြည်ရှိ ပဏ္ဍုကမ္ဗလာ ကျောက်ဖျာထက်တွင် မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားကို ကျေးဇူးဆပ်လိုသည့် ရည်ရွယ်ချက်ဖြင့် အဘိဓမ္မာ ခုနစ်ကျမ်း တရားတော် ဟောကြား၏။ စကြဝဠာတိုက် တစ်သောင်းမှဗြဟ္မာ၊ နတ်အပေါင်းတို့သည်လည်း တရားနာရန် လာရောက် ကြသည်။
အဘိဓမ္မာဆိုသည်မှာ သတ္တလောက၊ ဩကာသလောက၊ သင်္ခါရလောကတို့မှ အကြောင်းအရာများကို ခွဲခြမ်းစိတ်ဖြာကာ ပြည့်စုံစွာဟောကြားထားသော ပရမတ္တဒေသနာတော် ဖြစ်သည်။ ရုပ်၊ နာမ်တရားနှင့် ပတ်သက်၍ အရှိကိုအရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း ဓမ္မဓိဋ္ဌာန်ကျကျ ဟောပြသော တရားတော် ဖြစ်သည်။ ထို့ပြင် အဘိဓမ္မာတရားတော်တွင် ကုသိုလ်၊ အကုသိုလ်တို့ကို အကျဉ်းချုပ် ပြဆိုသည့် ဓမ္မသင်္ဂဏီကျမ်း၊ ခန္ဓာတရားတို့ကိုသုတ္ထနည်း၊ အဘိဓမ္မာနည်းဖြင့် အမေးအဖြေပြုကာ အကျယ်တဝင့် ဟောကြားသော ဝိဘင်းကျမ်း၊ ဇာတ်အမျိုးမျိုးကို ဟောကြားသည့် ဓာတုကထာကျမ်း၊ ပုဂ္ဂိုလ် အမျိုးမျိုးတို့ကို ခွဲခြားသတ်မှတ်အမည်တပ်ကာ ဟောကြားသော ပုဂ္ဂလပညတ်ကျမ်း၊ အယူဝါဒနှင့် ဆိုင်သော စကား၏ တည်ရာဖြစ်ပြီး အဘိဓမ္မာအနှစ်သာရပြည့်စုံသော ကထာဝတ္ထုကျမ်း၊ အနုလုံပဋိလုံ၊ ပုစ္ဆာနှင့်ဝိသဇ္ဇနာ၊ သန္နိဋ္ဌာန်နှင့် သံသယအစုံစုံကို ပြုပြီးဟောကြားသည့် ယမိုက်ကျမ်း၊ ကုသိုလ်တရားတို့ ကို ၂၄ ပစ္စည်းဖြင့်ဝေဖန်ဟောကြားပြီး သဗ္ဗညုတဉာဏ်တော်၏ကျက်စားရာဖြစ်သောပဋ္ဌာန်းကျမ်းဟူ၍ ကျမ်းခုနစ် ကျမ်းရှိသည်။ အဘိဓမ္မာတရားတော်သည် သာမန်ပုဂ္ဂိုလ်တို့ နားလည်ရန်ခက်ခဲပြီး ဗုဒ္ဓ ဘုရားရှင် ကသာအကုန်အစင်သိတော်မူ၏။ ပရိယတ္တိသာသနာကွယ်ပရာတွင် အဘိဓမ္မာ ပိဋကတ်တော် ကစတင်ကွယ်လိမ့်မည်ဟု အဋ္ဌကထာများတွင် ရေးသားထားသောကြောင့် ရှေးပုဂ္ဂိုလ်ပညာရှိတို့သည် အဘိဓမ္မာကို အထူးအားစိုက် သင်ကြားကြသည်။
မြတ်ဗုဒ္ဓသည် အဘိဓမ္မာကို ဝါဆိုလပြည့်နေ့မှ သီတင်းကျွတ်လပြည့်နေ့အထိ သုံးလတာ ဟောကြား သည်။ ဘုရားရှင်ဆွမ်းခံနေချိန်၊ ဆွမ်းကွမ်းဘုဉ်းပေးနေချိန်နှင့် နားနေချိန်များတွင် ဘုရားရှင် ကိုယ်စား နိမ္မိတရုပ်ပွားတော်ကို ဖန်ဆင်းပြီး စဉ်ဆက်မပြတ် ဟောကြား၏။ ဘုရားရှင်က မြောက်ကျွန်း ဥတ္တရကုရတွင် ဆွမ်းခံပြီးသောအခါ ဟိမဝန္တာအနောက်ဘက်ရှိ အနောတတ်အိုင်အနီးရှိ ကျောက်ဖျာ ပေါ်သို့ ကြွရောက်သည်။ ထိုအချိန်တွင်ရှင်သာရိပုတ္တရာမထေရ်က ဘုရားရှင်ကို ဝတ်ကြီးဝတ်ငယ် ပြုစုသည်။ ဘုရားရှင်သည် တာဝတိံသာနတ်ပြည်တွင် တစ်နေ့တာဟောကြားခဲ့သည့် အဘိဓမ္မာ တရား အား သင်္ခေပ(အကျဉ်း)နည်းဖြင့် ရှင်သာရိပုတ္တရာကို နေ့စဉ်ဟောကြား၏။ သီတင်းကျွတ်လပြည့်နေ့တွင် အဘိဓမ္မာတရားတော် ဟောကြားမှုပြီးဆုံးသောကြောင့် ၎င်းနေ့ကို အဘိဓမ္မာ အခါတော်နေ့ဟု ခေါ်ဆို ကြသည်။
မြတ်စွာဘုရားရှင်သည် အဘိဓမ္မာတရားတော် ဟောကြားမှုပြီးဆုံးသောအခါ လူ့ပြည်သို့ဆင်းသက်မည့် အကြောင်း သိကြားမင်းကို မိန့်ကြားလိုက်သည်။ လူ့ပြည်သို့ မဆင်းသက်မီ ရေမီးအစုံဖြင့် လောကဝိ ဝရဏ တန်ခိုးပြာဋိဟာ ပြတော်မူသည်။ သိကြားမင်းသည် မြင်းမိုရ်တောင်ထိပ်တွင် ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းတို့ ဖန်ဆင်းလိုက်၏။ လက်ယာဘက်ရွှေစောင်းတန်းတွင် နတ်များ၊ လက်ဝဲဘက်ငွေစောင်းတန်း၌ ဗြဟ္မာကြီးများက လိုက်ပါပို့ဆောင်သည်။ ဘုရားရှင်သည် အလယ်တွင် ရှိသောပတ္တမြား စောင်းတန်း၌ နေတော်မူပြီး ရောင်ခြည်တော် ခြောက်သွယ်ကွန့်မြူးကာ ဆင်းသက် တော်မူ၏။
မြတ်စွာဘုရား၏ လက်ယာနံပါးတွင် ပဉ္စသီခနတ်သားက ဗေလုဝစောင်းတီးပြီးလိုက်ပါသည်။ လက်ဝဲ ဘက်နံပါးတွင် မာတလိနတ်သားက နတ်ပန်းနံ့သာ အမွှေးအကြိုင်တိုင်များကို ကိုင်စွဲကာလိုက်ပါ၏။ သုယာမနတ်မင်းက စာမရီသားမြီးဖြင့် ယပ်ခတ်၍လည်းကောင်း၊ သန္တုဿိတ နတ်မင်းက ပတ္တမြား ယပ်ဝန်းဖြင့် ယပ်ခတ်၍လည်းကောင်း လိုက်ပါလာသည်။ သိကြားမင်းကလည်း ဝိဇယုတ္တရ ခရုသင်း မှုတ်ကာ မြတ်ဘုရား၏ လက်ယာဘက်မှ ဆင်းသက်လိုက်ပါ၏။ လက်ဝဲဘက်ငွေ စောင်းတန်းတွင် သဟမ္ပတိဗြဟ္မာကြီးသည် ထီးဖြူကြီးဖြင့် ဆောင်မိုးပူဇော်ပါသည်။
အဂ္ဂသာဝကဓမ္မသေနာပတိ ရှင်သာရိပုတ္တရာ မထေရ်နှင့် ပရိသတ်အပေါင်းသည် သာဝတ္ထိပြည်၊ သင်္ကဿနဂိုရ်မြို့တံခါးတွင် ဘုရားရှင်ကို သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။ သာဝတ္ထိပြည်သူ ပြည်သား အပေါင်းတို့ကလည်း မြတ်စွာဘုရားကို ဖူးမြော်ရန် လာရောက်ကြကာ မီးတိုင်၊ မီးပန်း၊ ဆီမီး၊ ပန်း၊ ရေချမ်းတို့ဖြင့် ကပ်လှူကြ၏။ ဘုရားရှင်၏ အသရေကို ဖူးမြင်ကြရသော ၃၆ ယူဇနာအတွင်းရှိ ပရိသတ်တို့မှာ ဘုရားဖြစ်လိုကြောင်း ဆုပန်ကြသည်။ ထို့ကြောင့် သီတင်းကျွတ် လပြည့်နေ့ ကို "ဘုရားဆုပန်နေ့" ဟုလည်းကောင်း၊ ဘုရားရှင်သည် တာဝတိံသာနတ်ပြည်မှ ကြွချီတော်မူသည်ကို အကြောင်းပြုကာ"တာဝတိံသာပွဲ" ဟုလည်းကောင်း၊ မြင်းမိုရ်တောင်ထိပ်မှ ဆင်းသက် သည်ကို အစွဲပြုပြီး "မြင်းမိုရ်ပွဲ" ဟုလည်းကောင်းခေါ်ဆိုကြသည်။
ဗုဒ္ဓဘာသာတွင် သီတင်းကျွတ်လပြည့်နေ့ကို “ပဝါရဏာနေ့”ဟုလည်း ခေါ်ဆိုကြသေးသည်။ ၎င်းနေ့ ပေါ်ပေါက်လာပုံမှာ ဘုရားရှင်လက်ထက်က ကောသလတိုင်း ဇနပုဒ်ရွာကျောင်း တစ်ကျောင်းမှ ရဟန်းတို့သည် ငြင်းခုံမှုမရှိရအောင် ဝါတွင်းကာလတွင် အချင်းချင်း စကားမပြောဘဲနေထိုင်ကြ၏။ ထိုအကြောင်းအရာကို ဘုရားရှင်သိတော်မူသည့်အခါ စကားမပြောဘဲနေခြင်းသည် တိရစ္ဆာန်တို့ နေထိုင်နည်း (ပသုသံဝါသ)နှင့် လူအတို့အကျင့် (မူဂပဗ္ဗတ)များ ဖြစ်ကြောင်းဆုံးမတော်မူသည်။ ထို့ပြင် သီတင်းကျွတ်လပြည့်နေ့တွင် ရဟန်း အပေါင်းတို့သည် သိမ်တစ်ခုတည်းတွင် စုဝေးပြီး အချင်းချင်း အပြစ်ကြီးငယ်ရှိပါက သည်းခံခွင့်လွှတ်ရန်၊ လမ်းမှန်ကိုညွှန်ပြရန်၊ သွန်သင်ဆုံးမရန် တောင်းပန်ကြ ရမည်ဟု ဘုရားရှင်က ပညတ်တော်မူ၏။ ထိုသို့ပြုမူသည်ကို ပဝါရဏာပြုသည်ဟုခေါ်ဆိုသည်။ ပဝါရဏာ ပြုခြင်းသည် သံဃာအချင်းချင်း ညီညွတ်မှု၊ ဝမ်းမြောက်ဝမ်းသာ စကားပြောရမှု၊ အချင်းချင်း ငြင်းခုံမှုမရှိဘဲ ချမ်းသာစွာနေရမှု အကျိုးတရားများ ရရှိစေသည်။
အချုပ်အားဖြင့်ဆိုရလျှင် သီတင်းကျွတ်လသည် မိုးရာသီကုန်ဆုံးကာ ခြေခင်းလက်ခင်း သာယာသော လတစ်လဖြစ်သည်။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် မီးထွန်းပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပကြသည်။ ဘုရားရှင်က ကျယ်ဝန်းနက်နဲလှသော အဘိဓမ္မာတရားတော်ကို ဤလတွင် ဟောကြား တော်မူခဲ့သည်။ ရဟန်းသံဃာများ၏ စည်းလုံးညီညွတ်မှုကိုပြသသော ပဝါရဏာနေ့သည်လည်း တည်ရှိသည်။ ဘိုးဘွားမိဘဆရာသမားတို့ကိုလည်း ကန်တော့ကြသည်။ ထို့ကြောင့် သီတင်းကျွတ် လသည် သဘာဝအနေဖြင့်လည်း သာယာနေသည်။ လောကီလောကုတ္တရာအရေးတို့တွင် ကောင်းခြင်း မင်္ဂလာနှင့် ပြည့်စုံနေပေရာ“သဘာဝသာယာမင်္ဂလာရှိရာ သီတင်းကျွတ်ချိန်ခါ”ပင်ဖြစ်ပါတော့သည်။ ။
စိန်ဌေးလှိုင်(ပခုက္ကူ)