အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က လစ်လပ်နေသည့် အင်္ဂလန်အသင်းနည်းပြ ရာထူးအတွက် နည်းပြ တူချယ်လ် ကိုခန့်အပ်ရန် သဘောတူညီမှုရရှိ

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က လစ်လပ်နေသည့် အင်္ဂလန်အသင်းနည်းပြ ရာထူးအတွက် နည်းပြ တူချယ်လ် ကိုခန့်အပ်ရန် သဘောတူညီမှုရရှိ

လန်ဒန် အောက်တိုဘာ ၁၆

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ) က လစ်လပ်နေသည့် အင်္ဂလန်အသင်းနည်းပြရာထူးအတွက်   ချယ်လ်ဆီးအသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်း နည်းပြဟောင်းတူချယ်လ်ကို ခန့်အပ်ရန် သဘော တူညီမှု ရရှိခဲ့ကြောင်း သိရသည်။

အသက် ၅၁ နှစ်အရွယ် နည်းပြတူချယ်လ်သည် ပရော်ဖက်ရှင်နယ် နည်းပြဘဝကို    ၂၀၀၉  ခုနှစ်က မိန့်ဇ် အသင်းနှင့်စတင်ပြီးနောက်  ဥရောပထိပ်တန်းအသင်းကြီးများဖြစ်သည့် ဒေါ့မွန်အသင်း၊ ပီအက်စ်ဂျီ အသင်း၊ ချယ်လ်ဆီးအသင်း၊ ဘိုင်ယန်မြူးနစ်အသင်းတို့ကို အဆင့်ဆင့်တာဝန်ယူကိုင်တွယ်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘောလုံးရာသီအကုန်တွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် လမ်းခွဲပြီးနောက် ကလပ်အသင်းလက်မဲ့ ဖြစ်နေသူဖြစ်သည်။

အင်္ဂလန်အသင်းနည်းပြဟောင်း ဆောက်ဂိတ်သည် အသင်းကို  ၂၀၁၆  ခုနှစ်က စတင် တာဝန်ယူ ကိုင်တွယ်ခဲ့ကာ ပြီးခဲ့သည့်ဇူလိုင်လအတွင်း ကျင်းပခဲ့သည့် ယူရို  ၂၀၂၄  ပြိုင်ပွဲအပြီးတွင် စာချုပ်ဖျက် သိမ်း၍ လမ်းခွဲပြီးနောက် အင်္ဂလန်အသင်း နည်းပြရာထူးလစ်လပ်နေရာမှ လက်ရှိတွင် နည်းပြသစ် အဖြစ် တူချယ်လ်ကိုခန့်အပ်ရန် သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်သည်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က အင်္ဂလန်အသင်းနည်းပြသစ်အဖြစ် အစောပိုင်းက မန်စီးတီးအသင်းနှင့် အနာဂတ်မရေမရာဖြစ်နေသည့် နည်းပြဂွါဒီယိုလာကို ခန့်အပ်လိုသော်လည်း ဂွါဒီယိုလာကိုယ်တိုင်က အင်္ဂလန်အသင်းနည်းပြရာထူးကို  စိတ်ဝင်စားမှုမရှိသည့်အတွက်  နည်းပြတူချယ်လ်ကိုသာ   ခန့်အပ်ရန် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။

အစောပိုင်းက နည်းပြတူချယ်လ်သည် မန်ယူအသင်း နည်းပြသစ်အဖြစ် ရေပန်းစားခဲ့သော်လည်း မန်ယူအသင်းက တရားဝင်ကမ်းလှမ်းမှုမပြုလုပ်ခဲ့ဘဲ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အင်္ဂလန် ဘောလုံး အဖွဲ့ချုပ်က အင်္ဂလန်အသင်းနည်းပြသစ်အဖြစ် တူချယ်လ်ကိုခန့်အပ်ရန် တရားဝင်ဆွေးနွေးမှုများ  လုပ်ဆောင်ခဲ့ရာမှ   လက်ရှိတွင်   သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်သည်။

အင်္ဂလန်အသင်းနည်းပြအဖြစ် နည်းပြတူချယ်လ်ကိုခန့်အပ်ရန် သဘောတူညီမှုရရှိပြီးနောက် ယာယီ နည်းပြ လီကာစလေအနေဖြင့် အသင်းနည်းပြရာထူးမှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။

Ref;Dailymail

Dates: 
Thursday, October 17, 2024 - 12:09