၂၀၂၅ အာရှဖလား အမျိုးသမီး ဖူဆယ်ခြေစစ်ပွဲတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီး ဖူဆယ်အသင်း အုပ်စု(D)၌ ကျရောက်
ရန်ကုန် အောက်တိုဘာ ၁၇
၂၀၂၅ အာရှဖလား အမျိုးသမီးဖူဆယ် ခြေစစ်ပွဲ အုပ်စုမဲခွဲပွဲကို ယနေ့တွင် မလေး ရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ပြုလုပ်ခဲ့ရာ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ် အသင်းသည် အုပ်စု(D)တွင် ဗီယက်နမ် အသင်း၊ တရုတ်တိုင်ပေအသင်း၊ မကာအို အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်ခဲ့ ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ပါဝင်သည့် အုပ်စု(D)ပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပသွားမည်ဖြစ်ပြီး ခြေစစ်ပွဲအဆင့်တွင် ၁၉ သင်းဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ရာ ငါးသင်းသုံးအုပ်စုနှင့် လေးသင်းတစ်အုပ်စုခွဲကာ ကျင်းပသွားမည်ဖြစ်ကာ ခြေစစ်ပွဲကို လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်မှ ၁၉ ရက်ထိ ကျင်းပ သွားမည်ဖြစ်သည်။
၂၀၂၅ အာရှဖလား အမျိုးသမီးဖူဆယ်ခြေစစ်ပွဲတွင် အုပ်စုလေးခုမှ ထိပ်ဆုံးရပ်တည် မှုရ နှစ်သင်းစီ ရှစ်သင်းနှင့် အုပ်စုလေးခုမှ အကောင်းဆုံးအုပ်စု တတိယရအသင်း စုစု ပေါင်းကိုးသင်းခြေစစ်ပွဲ အောင်မြင်မည်ဖြစ် သည်။
၂၀၂၅ အာရှဖလား အမျိုးသမီးဖူဆယ် ပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် တရုတ်အသင်း၊ ၂၀၁၈ ပြိုင်ပွဲ ချန်ပီယံ အီရန် အသင်းနှင့် ဒုတိယရ ဂျပန်အသင်းတို့မှာ တိုက်ရိုက်ဝင်ခွင့်ရခဲ့ပြီး ခြေစစ်ပွဲအောင် ကိုးသင်း စုစုပေါင်းအသင်း ၁၂ သင်းဖြင့် တရုတ်နိုင်ငံ၌ ၂၀၂၅ ခုနှစ် မေလ ၇ ရက်မှ ၁၈ ရက်ထိ ကျင်းပသွားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီး ဖူဆယ်အသင်းသည် ၂၀၂၅ အာရှဖလား အမျိုးသမီး ဖူဆယ်ခြေစစ်ပွဲမတိုင်မီ လာမည့်နိုဝင်ဘာ လအတွင်း ယှဉ်ပြိုင်ရမည့် ၂၀၂၄ အာဆီယံ အမျိုးသမီးဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲအတွက် စက်တင်ဘာလ ၃၀ ရက်မှစတင်ပြီး ပဏာမ ကစားသမား ၂၆ ဦးဖြင့် ရန်ကုန်မြို့၌ စခန်းသွင်းလေ့ကျင့်မှုများ လုပ်ဆောင်လျက် ရှိနေကြောင်း သိရသည်။