ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များနှင့်ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ ဒီဇင်ဘာ - ၁၆
    
ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝစေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများမှ လှူဒါန်းသည့် အာဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ်များအလိုက် တပ်မတော်သား များက သွားရောက်ပေးအပ်လှူဒါန်းလျက်ရှိသည်။
    
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပြည်သူ့ဆေးရုံ၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ တရုတ်လှစံပြကျေးရွာတိုက်နယ်ပြည်သူ့ဆေးရုံနှင့် ပဲခူးတိုင်း ဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ပဒဲကောတိုက်နယ်ဆေးရုံများသို့ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်၍ တပ်မတော်စက်ရုံအသီးသီးမှ ထုတ်လုပ်သော အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် တပ်ရင်း/တပ်ဖွဲ့အသီးသီးမှထွက်ရှိသော စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။