နိုင်ငံနှင့်လူမျိုးအတွက် ဂုဏ်ယူဖွယ်ကောင်းသည့်ပြိုင်ပွဲကြီး
အယ်ဒီတာ့အာဘော်
(၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်)
မြန်မာနိုင်ငံသည် သမိုင်းကြောင်း ရှည်လျားသည့်နိုင်ငံဖြစ်သည်နှင့်အညီ သမိုင်းကြောင်းနှင့်အတူ ဖြစ်ထွန်းပေါ်ပေါက်လာခဲ့သော ကိုယ်ပိုင်အနုသုခုမ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ ဝတ်စားဆင်ယင် ထုံးဖွဲ့မှု၊ မိခင်ဘာသာစကား၊ စာပေသမိုင်းကြောင်းတို့မှာလည်း မြင့်မားလှသည်။ နိုင်ငံနှင့် လူ့အဖွဲ့အစည်း၏ စံထားရမည့် တန်ဖိုးများဖြစ်သည့်အပြင် ဂုဏ်ယူဖွယ်ရာ အမွေအနှစ်များဖြစ်သည်။ ထိုသို့ကောင်းမွန်သော အမွေအနှစ်များကို ရှေးမြန်မာများက ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသလို ယနေ့ခေတ်မြန်မာများကလည်း ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ကြရမည်ဖြစ်သည်။ မြန်မာဟုဆိုရာတွင် မြန်မာနိုင်ငံအတွင်း နှစ်ပရိစ္ဆေဒ ကြာမြင့်စွာ အေးအတူပူအမျှအတူတကွ ယှဉ်တွဲနေထိုင်လာခဲ့ကြသည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားအပေါင်းကို ရည်ညွှန်းခြင်းဖြစ်သည်။
မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင်လည်း တိုင်းရင်းသားပေါင်းစုံတို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုဝေးရာ အသိုက်အဝန်းကြီးဖြစ်ပြီး လူမျိုး၊ လူမျိုးစုအသီးသီးတို့၏ ယဉ်ကျေးမှုများပေါင်းစည်း နေထိုင်ရာ အစုအဝေးတစ်ခုဖြစ်သည်။ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် တိုင်းရင်းသားများ၏ ရိုးရာတူရိယာပစ္စည်းများကို ပေါင်းစပ်ပြီး တိုင်းရင်းသားဘာသာစကားနှင့် ရေးစပ်ထားသည့် ဂီတအနုသုခုမနှင့် တိုင်းရင်းသားအကပြိုင်ပွဲများကို တွေ့မြင်ရသည်။
တိုင်းရင်းသားအားလုံး၏ အနုပညာနှင့်ဓလေ့ ထုံးတမ်းများကို ယခုကဲ့သို့ ဂုဏ်ယူစွာ ဖော်ထုတ်ပေးနေသည်မှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို လေးစားတန်ဖိုးထားခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို လေးစားတန်ဖိုးထားခြင်းလည်း ဖြစ်သည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ကြီးကျယ်ခမ်းနားစွာ ကျင်းပလာခဲ့သည်မှာ စတင်ကျင်းပသည့် နှစ်မှယခုနှစ်ထိ ရေတွက်လျှင် ငွေရတုသို့တိုင်ခဲ့ပြီဖြစ်သည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်အနေဖြင့်လည်း သုံးနှစ်တိုင်တိုင် အောင်အောင်မြင်မြင် ကျင်းပပေးလျက်ရှိသည်။ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ သံယောဇဉ်တရား၊ မေတ္တာတရား ထားရှိမှုတို့သည် ယခုကဲ့သို့ပြိုင်ပွဲကြီးမှ နားလည်မှုမှန်ကန်စွာ ပေါ်ထွက်လာမည်ဖြစ်သည်။ တိုင်းရင်းသားအချင်းချင်း ယဉ်ကျေးမှုဖလှယ်ခွင့်၊ ကြားသိမြင်တွေ့ခွင့်ရသည့် အတွက်လည်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာသည်ထက် ခိုင်မာလာမည်ဖြစ်သည်။ နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ ကိုယ်တိုင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)ယှဉ်ပြိုင်နေမှုများကို တက်ရောက်ကြည့်ရှု အားပေးလျက် ရှိသည်။
အောက်တိုဘာလ ၁၉ ရက်တွင် ကျင်းပသည့် တိုင်းရင်းသားရိုးရာ/ ကျေးလက်ရိုးရာ အလွတ်တန်းအဆင့်အကပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ရိုးရာအကအဖွဲ့များက တိုင်းရင်းသားနှင့် ကျေးလက်ရိုးရာဓလေ့စရိုက်များ ပေါ်လွင်စေသည့် အကအလှများဖြင့် အဖွဲ့လိုက်အချိုးအဆစ် ညီညာ ပြေပြစ်ရသမြောက်စွာ ကပြယှဉ်ပြိုင်ကြသည်။ ချစ်ခင်မြတ်နိုးဖွယ်ကောင်းလှသည့် တိုင်းရင်းသားရိုးရာ/ ကျေးလက်ရိုးရာအကများမှာ ကြည့်မြင်ရသူတို့အဖို့ ဆန်းသစ်လှသည်။ တစ်နှစ်ထက်တစ်နှစ် အစီအစဉ်အသစ်များ တိုးချဲ့ကာယှဉ်ပြိုင်စေခြင်းဖြင့် ပိုမိုပြည့်စုံမှုရှိလာသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင် ဘာသာရပ်စုံလင်အောင် ထည့်သွင်းပြိုင်ပွဲဝင်စေသည့်အပြင် ဇာတ်သဘင်ပညာရပ်များ မတိမ်ကောမပပျောက်စေရန် အတွက် ဇာတ်တော်ကြီးများကိုလည်း ကပြယှဉ်ပြိုင်စေလျက်ရှိသည်။ ဇာတ်တော်ကြီးဆယ်ဘွဲ့သည် ဗုဒ္ဓအဖြစ်သို့ ရောက်တော်မမူမီ ဗုဒ္ဓလောင်းလျာ၏ ဆယ်ဘဝဖြစ်တော်စဉ်ကို ဖော်ပြခြင်းဖြစ်သည်။ ရုပ်စုံသဘင်အဖွဲ့လိုက်ပြိုင်ပွဲတွင် “ဝေဿန္တရာ” ဇာတ်တော်ကြီးကို လည်းကောင်း၊ ဇာတ်တော်ကြီးပြိုင်ပွဲတွင် “မဟာဇနက” ဇာတ်တော်ကြီးကိုလည်းကောင်း ကပြယှဉ်ပြိုင်ကြရသည်။ ပြိုင်ပွဲများအနေဖြင့် မူရင်းဇာတ်တော်ကြီး၏ တီးလုံး၊ တီးချက်များကို မြန်မာ့ဇာတ်သဘင်၏ ဆို ငို ပြော ပညာရပ်များ၊ အကအလှများနှင့် အနုပညာ ရသမြောက်စွာပေါင်းစပ်ပြီး ယှဉ်ပြိုင်ကြရခြင်းဖြစ်သည်။ ရုပ်စုံသဘင်နှင့်ဇာတ်သဘင် ပညာရပ်များကို ယခုကဲ့သို့ပြိုင်ပွဲ ကျင်းပပေးခြင်းဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ်များ စိတ်ဝင်စားလာကြသည်။ ပညာရပ်တစ်ခု၏ တန်ဖိုးကိုထဲထဲဝင်ဝင် သိမြင်လာသည်။ ရုပ်စုံသဘင်မှာ ကြိုးဆွဲနှင့် ဆို၊ ငို၊ ပြော ၁၃ ယောက်၊ ဆိုင်းခုနစ်ယောက်ပါဝင် ယှဉ်ပြိုင်ခွင့်ပြုထားသည်။ ရုပ်သေးပညာရပ်တိမ်ကောစ ပြုလာချိန်တွင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင် အင်တိုက်အားတိုက် ဆင်နွှဲခွင့်ရခြင်းမှာ ပါဝင်ယှဉ်ပြိုင်သူတို့အတွက် ဝမ်းသာဖွယ်ဖြစ်သည်။မြန်မာ့ရိုးရာ အနုသုခုမပညာရပ်များမှာ အဖွဲ့လိုက်ပါဝင် ယှဉ်ပြိုင်ရသည်များတွင် အဖွဲ့သားအားလုံးက မိမိတို့ကျရာ ဇာတ်ရုပ်ကိုပီပြင်စွာ ဆောင်ရွက်နိုင်ကြရသည်။ အနုသုခုမပညာရပ်များမှာ သင်တိုင်းလည်း တတ်မြောက်သည်မဟုတ်ဘဲ ဇွဲ၊ လုံ့လ၊ ဝီရိယ ကြိုးစားမှုနှင့် ပါရမီအခြေခံရှိမှသာ တတ်မြောက်သည့်ပညာရပ်ဖြစ်သည်။ ခက်ခဲနက်နဲလှသည့်အပြင် ပညာရပ်အားလုံးကို ထိန်းချုပ်ထားသည်မှာ စည်းနှင့်ဝါးဖြစ်ပြီး ပရမ်းပတာပညာရပ် မဟုတ်ပေ။ အနှစ်ချုပ်ဆိုရသော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးဆောင်လမ်းညွှန်စီမံမှုနှင့်အတူ နှစ်စဉ်ကျင်းပလျက်ရှိသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှာ နိုင်ငံနှင့်လူမျိုးအတွက် အလွန်ပင်ဂုဏ်ယူဖွယ်ရာ ကောင်းလှသည့် ပြိုင်ပွဲဖြစ်ပါကြောင်း ဂုဏ်ပြု ရေးသားလိုက်ရပေသည်။ ။