‌မန်စီးတီးအသင်းက ဒီဘရိုင်း၏ နေရာ၌ လေဗာကူဆင်အသင်းမှ လူငယ်ကစားသမား ဖလိုရီယန်ဝက်ဇ်နှင့် အစားထိုးရန် ပြင်ဆင်လျက်ရှိ

 

‌မန်စီးတီးအသင်းက ဒီဘရိုင်း၏ နေရာ၌ လေဗာကူဆင်အသင်းမှ လူငယ်ကစားသမား ဖလိုရီယန်ဝက်ဇ်နှင့် အစားထိုးရန် ပြင်ဆင်လျက်ရှိ

 

မန်ချက်စတာ  အောက်တိုဘာ  ၂၀

    မန်စီးတီးအသင်းက  ယခုဘောလုံးရာသီအကုန်တွင်  အသင်းမှထွက်ခွာဖွယ်ရှိနေသည့် ကွင်းလယ် ကစားသမား  ဒီဘရိုင်း၏နေရာ၌  လေဗာကူဆင်အသင်းမှ လူငယ်ကစားသမား ဖလိုရီယန်ဝက်ဇ်နှင့် အစားထိုးရန် ပြင်ဆင်လျက် ရှိကြောင်း သိရသည်။

အသက်  ၃၃ နှစ်အရွယ်  ဒီဘရိုင်းသည်  ၂၀၁၅ခုနှစ်က  ဝုဖ်ဘတ်အသင်းမှ   မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက်      အသင်းနှင့်အတူ ဘောလုံးရာသီတိုင်း     ခြေစွမ်းပြကစားနိုင်ခဲ့ကာ မန်စီးတီးအသင်း၏ အဓိကကွင်းလယ် ကစားသမားအဖြစ် ကာလရှည်ရပ်တည်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ၏   အကောင်းဆုံးကွင်းလယ် ကစားသမားများတွင် တစ်ဦးအပါအဝင် ရပ်တည်နိုင်ခဲ့သူဖြစ်သည်။

ဒီဘရိုင်းသည်  မန်စီးတီးအသင်းနှင့်အတူ  ပရီးမီးယားလိဂ်ဖလားနှင့် ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုများစွာဆွတ်ခူးနိုင်ခဲ့ရာတွင် အဓိက ကစားသမား အဖြစ် ပါဝင်ခဲ့သည့်အပြင် ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု အပါအဝင် တစ်ဦး ချင်းဆုများကိုလည်း ဆွတ်ခူးနိုင်ခဲ့သည်။

သို့သော်   ဒီဘရိုင်းသည် နောက်ပိုင်းဘောလုံးရာသီများတွင်   ဒဏ်ရာ ပြဿနာများကြောင့်  မကြာခဏအနားယူနေရပြီး ခြေစွမ်းပိုင်းလည်း ကျဆင်းလာသည့်အတွက်  မန်စီးတီးအသင်းက ယခုဘောလုံးရာသီအကုန်တွင်     အလွတ်ပြောင်းရွှေ့ကြေးဖြင့်     လက်လွှတ်ဖွယ်ရှိနေကာ    ၎င်း၏နေရာ၌ ဖလိုရီယန်ဝက်ဇ်နှင့် အစားထိုးလိုနေခြင်းဖြစ်သည်။

ဖလိုရီယန်ဝက်ဇ်သည် ပြီးခဲ့သည့်ဘောလုံးရာသီ အကုန်က လေဗာကူဆင်အသင်း ရှုံးပွဲမရှိစံချိန်ဖြင့် ဂျာမန်ဘွန်ဒက်စ်လီဂါဖလား    ဆွတ်ခူးနိုင်ခဲ့ရာတွင် အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့သူဖြစ်သကဲ့သို့ယခုဘောလုံး ရာသီတွင်လည်း  အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြနိုင်သည့်အတွက် ၎င်းကို မန်စီးတီးအသင်းအပြင်  ဘိုင်ယန်မြူးနစ်အသင်းကလည်း ခေါ်ယူရန် ပစ်မှတ်ထားနေသည်။ ထို့ကြောင့် မန်စီးတီးအသင်း အနေဖြင့် ဘိုင်ယန်မြူးနစ် အသင်းနှင့်  အပြိုင်ကမ်းလှမ်းရဖွယ် ရှိနေပြီး  လေဗာကူဆင်အသင်းက  ဖလိုရီယန်ဝက်ဇ်ကို လက်မလွှတ်လိုသော်လည်း အသင်းနှင့် စာချုပ်သက်တမ်းမှာ တစ်နှစ်သာ ကျန်ရှိတော့သည့်အတွက်  အသင်းတွင် ထိန်းသိမ်းထားရန် ခက်ခဲဖွယ် ရှိနေကြောင်း သိရသည်။

Dates: 
Monday, October 21, 2024 - 09:38