ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၆)သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ကျင်းပပြုလုပ်
နေပြည်တော်၊ ၂၀၂၄ အောက်တိုဘာလ ၂၁ ရက်
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့ စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၆)တွင်ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်း ကျောင်းအသီးသီးသို့ ရောက်ရှိ၍ လိုအပ်သည့်ကြိုတင် ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၆) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲများသို့ နေပြည်တော်ကောင်စီဉက္ကဋ္ဌ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၆)မှ သင်တန်းသားများအား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ် ကြပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်း စောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင်တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင် ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်း ဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ် သင်ကြားပေးခဲ့သည်။ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁)ကို ၂၀၂၄ ခုနှစ်၊ အေပြီလ ၈ ရက်မှ စတင်၍ ဖွင့်လှစ် သင်ကြားပေးခဲ့ရာ ယခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၆)ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့ သားကောင်းများသည် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော် ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ဦးလည်မသုန်ကျေပွန်စွာ ထမ်းဆောင်နေကြ ပြီ ဖြစ်သည်။
ယနေ့တွင် ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၆)မှ နိုင်ငံ့သားကောင်းလူငယ်များအဖြစ် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များ ကို ဂုဏ်ယူစွာထမ်းဆောင်ရန် သင်တန်းတက်ရောက်ကြမည့် သင်တန်းသားများ၏ စကားသံများကိုလည်း ယခုလိုပဲ ကြားသိရပါတယ် ----
ပထမ
ကျွန်တော်ဟိုအရင် အပတ်စဉ်တွေကတည်းက ပါချင်နေခဲ့တာပါ။ ဒါပေ မယ့် ကိုယ်ကျတဲ့ အပတ်စဉ်(၆) မှာ ကျတော့လဲ အပတ်စဉ်(၆)မှာ ကျွန်တော် တတ်တာပါဗျ။ မိဘတွေကတော့ ဂုဏ်ယူပါတယ်ဗျ။ ကျွန်တော် ဒီသင်တန်းကို ရောက်လာတာကတော့ အရင်က တစ်ယောက်တည်းပါ ။ ဒီသင်တန်းမှာတော့ သူငယ်ချင်းပေါင်း အယောက် ၂၀၀ ကျော်လောက်ထိ ရခဲ့ပါတယ်။ အခု ကျွန်တော် တို့ ကျသင့်တဲ့ တာဝန်ကို ကျွန်တော်တို့ ထမ်းဆောင်သွားမှာပါ။ ကိုယ့်မိသားစု အတွက် မဟုတ်ပါဘူး။ နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်သွားမှာပါ။
ဒုတိယ
ကျွန်တော်ပြည်သူ့စစ်မှုထမ်း လာရောက်တတ်ရောက်ရတာ ကျွန်တော် ပျော်လဲ ပျော်ပါတယ်ဗျ။ ကျွန်တော်ဒီထဲကို ရောက်တာကလဲ ကျွန်တော့်ရဲ့ အပေါင်းအသင်းတွေနဲ့လဲ ၊ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေနဲ့လဲ တွေ့ရတဲ့အတွက် လဲ အရမ်းကို ဝမ်းသာပါတယ်ဗျ။ ဒီသင်တန်းက သင်ကြားပေးမယ့် စစ်နည်းစနစ် တွေကိုလဲ ကျွန်တော် ဆုတေါရအောင်လဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သင်တန်းဆင်းသွားမယ့် အချိန်မှာလဲ ကျတဲ့နေရာမှာ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။