တရုတ်စူပါလိဂ် လစာ ကန့်သတ်လိုက်၍ ထိပ်တန်း ကစားသမားများ ပြန်လည် ထွက်ခွာဖွယ်ရှိနေ

ပေကျင်း၊ ဘောလုံး

တရုတ်စူပါလိဂ်ဘောလုံးပြိုင်ပွဲတွင်  ပရီးမီးယားလိဂ်နှင့်  ဥရောပထိပ်တန်းလိဂ်များမှ  ထိပ်တန်းကစားသမား များကို လစာအဆမတန် ပေး၍ ခေါ်ယူမှုများရှိသော်လည်း ယခု တရုတ်ဘောလုံးအဖွဲ့ချုပ်က လာမည့် ဘောလုံး ရာသီ မှစတင်ပြီး  ကစားသမားများ  လစာထိန်းချုပ် ကန့်သတ်မှု စည်းမျဉ်းသစ်ပြဋ္ဌာန်းလိုက်သဖြင့်  အဆိုပါ ကစားသမားများ တရုတ်နိုင်ငံမှ ပြန်လည် ထွက်ခွာဖွယ်ရှိနေသည်။

တရုတ်ဘောလုံးအဖွဲ့ချုပ်သည် လာမည့် ရာသီမှစတင်ပြီးပြည်တွင်းတရုတ်ကစားသမားများအတွက် တစ်နှစ်လစာ အများဆုံး  ပေါင် ၅၇၂ဝဝဝ သာပေးရမည်ဟု ပြဋ္ဌာန်းခဲ့ ကာ ပြည်ပကစားသမားများကိုလည်း တစ်နှစ် လစာ အများဆုံးအဖြစ် ပေါင် ၂ ဒသမ ၇ သန်း သာပေးရမည်ဟု  ကန့်သတ်ချက်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါစည်းမျဉ်းသစ်ကြောင့် တရုတ်စူပါ လိဂ်တွင် ရှန်ဟိုင်း SIPG အသင်း၌ တစ်နှစ် လစာ ပေါင် ၁၈ ဒသမ ၈၇ သန်း ရရှိနေသော  ချယ်လ်ဆီးနှင့် ဘရာဇီးကစားသမားဟောင်း  အော်စကာသည် ထိုအသင်းတွင် နောက်ရာသီ ဆက်ကစားပါက လက်ရှိ လစာထက် များစွာ လျှော့ယူရမည်ဖြစ်သည်။

သို့သော် တရုတ်ဘောလုံး အဖွဲ့ချုပ်သည် လာမည့်နှစ်တွင် စည်းမျဉ်းအတိုင်းမလုပ်သေးဘဲ  သုံးနှစ် အချိန်ပေးပြီးမှ  လုပ်ဆောင်ရန် လည်း စဉ်းစားနေကြောင်း သိရသည်။

။။။။။။။။။။။