ဂိုးသွင်းနှုန်း ကျဆင်းနေခြင်းအတွက် စိတ်ပျက်စရာဖြစ်ရပြီး ဝက်စ်ဘရွန်းနှင့်ပွဲမှာ နိုင်ရမည့်ပွဲဖြစ်ကြောင်း နည်းပြဂွါဒီယိုလာဆို

မန်ချက်စတာ၊ ဘောလုံး

မန်စီးတီးအသင်းသည် ပြီးခဲ့သည့်မန်ယူနှင့်ပွဲတွင် ဂိုးမရှိသရေကျခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်ညက ဝက်စ်ဘရွန်းနှင့် ကစားသည့် ပွဲတွင်လည်း တစ်ဂိုးစီသရေသာ ကစားနိုင်ခဲ့သဖြင့် နည်းပြဂွါဒီယိုလာက ဂိုးသွင်းနှုန်း ကျဆင်းနေခြင်း အတွက်  စိတ်ပျက်ရကြောင်း ပြောဆိုသကဲ့သို့ ဝက်စ်ဘရွန်းနှင့်ပွဲမှာ နိုင်ကိုနိုင်ရမည့်ပွဲ ဖြစ်ကြောင်းပြောသည်။

မန်စီးတီးအသင်းသည် ယခုရာသီတွင် အဓိကတိုက်စစ်မှူး အဂူရို ဒဏ်ရာကြောင့် ကာလအတော်ကြာ နားနေခဲ့ရသည့် အတွက် တိုက်စစ်ပိုင်းတွင် ဂိုးသွင်း နှုန်းကျသွားခဲ့ကာ ပွဲစဉ်(၁၂)အပြီး ၁၈ ဂိုးသာသွင်း ထားနိုင်သည်။

 မန်စီးတီးသည် ဝက်စ်ဘရွန်းအသင်းကို ဂန်ဒိုဂန်၏ပထမပိုင်းသွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ပထမပိုင်း မပြီးမီမှာပင် ရူဘင်ဒီယက်စ်က ကိုယ့်ဂိုး ကိုယ်ပြန်သွင်းမိ၍ တစ်ဂိုးစီသရေဖြစ်ခဲ့ပြီး ဒုတိယပိုင်းတစ်ပိုင်းလုံး  အနိုင်ဂိုး မသွင်းနိုင်ခဲ့သဖြင့် ဂွါဒီယိုလာက ယခုကဲ့သို့ စိတ်ပျက်စကားဆိုခဲ့သည်။ ဂွါဒီယိုလာက ''အသင်း အခက်ကြုံ နေရတယ်ဆိုတာ အမှန်တရားပဲ။ ဂိုးများများမပေးရဘူး။ သူတို့ရသွားတဲ့ဂိုးက လူထိပြီး လမ်းကြောင်း ပြောင်းပြီး ဂိုးဝင် သွားတာပါ။  ကစားပုံကောင်းပေမယ့်  သွင်းဂိုးပိုင်းမှာတော့ ဒုက္ခရောက်နေ တာအမှန်ပဲ။ ဒီခေတ်ပွဲတွေမှာ အနိုင်ရလဒ်ကသာ အဓိကပဲ။ အနိုင်တစ်ဂိုး သွင်းနိုင်ခဲ့ရမှာကို မသွင်းနိုင်ခဲ့ဘူး''ဟုပြောသည်။