နေပြည်တော် ဒီဇင်ဘာ ၁၆
မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မိုးညှင်းမြို့နယ်၊ အင်းတော်မြို့နယ်နှင့် ပုသိမ်ကြီး မြို့နယ်တို့ ၌ ယမန်နေ့က မူးယစ်ဆေးဝါးများဖမ်းဆီး ရမိကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ သည် ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် က မိုးညှင်းမြို့နယ် ကာဒူကျေးရွာအုပ်စု ခါနန်ကျေးရွာရှိ မျိုးဆော့(ခ)မာလ၏နေအိမ် သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား ၁၉ဝဝ နှင့် ဘိန်းဖြူ သုည ဒသမ ဝဝ၂၇ ကီလိုတို့ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ နံနက် ၇ နာရီ ၂၅ မိနစ်တွင် အင်းတော်မြို့နယ် ကသာ-အင်းတော်သွား ကားလမ်း နဘား ကျေးရွာလမ်းခွဲတွင် ဖြီးထွယ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၆၆ ကီလိုကိုလည်းကောင်း၊ ထို့အတူ ညနေ ၄ နာရီတွင် ပုသိမ်ကြီး မြို့နယ် ကျောက်ချော ကျေးရွာ အနီးရှိ ၁၆ မိုင်စစ်ဆေးရေး ဂိတ်၌ ထွန်းထွန်းဦး မောင်းနှင်ပြီး အောင်ကိုကိုမောင် လိုက်ပါလာသော AD VAN အမျိုး အစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်းရှိ ခရီးဆောင် အိတ်အတွင်းမှ ဘိန်းဖြူ သုည ဒသမ ၉၉ကီလိုနှင့် စိတ်ကြွဆေးပြား ၂၉၇ဝဝတို့ကို သိမ်းဆည်း ရမိခဲ့ပြီး ကွင်းဆက်အရ ည ၇ နာရီ ၄၅ မိနစ်တွင် ရမည်းသင်းမြို့နယ် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် အမှတ်(၂၄၅/၃)အနီးတွင် နေထက်လင်းကို ထပ်မံဖမ်းဆီး ရမိခဲ့သည်။
အဆိုပါ ဖမ်းဆီး ရမိသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။
ရဲပြန်ကြား