အောင်မြင်စွာပြီးမြောက်သည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုပြိုင်ပွဲ
အယ်ဒီတာ့အာဘော်
(၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်)
(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အောက်တိုဘာလ ၁၄ ရက်မှ ၂ဝ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး အောက်တိုဘာလ ၂၃ ရက်တွင် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးဆောင်မှု၊ အနုသုခုမပညာရှင်များ၊ ဝါသနာရှင်များ၏ ပါဝင်ယှဉ်ပြိုင်မှု၊ ပြည်သူတို့၏ တစ်ခဲနက်အားပေးမှုတို့ဖြင့် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှာ အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီဖြစ်သည်။
မြန်မာတို့၏အနုသုခုမ စာပေနှင့်ဂီတတို့နှင့် ပတ်သက်လာလျှင် ရှေးခေတ်အဆက်ဆက်မှ ပညာရှင်များ ပေါ်ထွန်းလာခြင်း၊ အဆိုပါပညာရှင်များက ထိန်းသိမ်း စောင့်ရှောက်လာခြင်းကြောင့် ယနေ့တိုင်မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပညာရပ်များအဖြစ် ထင်ရှားစွာ တည်ရှိနေခြင်းဖြစ်သည်။ ညောင်ရမ်းခေတ်တွင် ဝန်ကြီးပဒေသရာဇာကို မွေးဖွားသန့်စင်လိုက်ခြင်းသည် မြန်မာ့ဂီတ သမိုင်းမှတ်တိုင်ကြီးကို ထင်ထင်ရှားရှား စိုက်ထူလိုက်ခြင်းပင်ဖြစ်သည်။ ဝန်ကြီးပဒေသရာဇာ၏ ထံတျာတေရှင်အစချီသော ပုစဉ်းတောင်သံကြိုး သီချင်းသည် စည်းဝါးစနစ်၊ အသံအတွဲအဖက်တို့တွင် စံထားရသည့်အတွက် ဂီတကိုစတင် သင်ယူသူတိုင်း၏ ပထမဦးဆုံး သင်ကြားရသည့် သီချင်းဖြစ်သည်။ ဝန်ကြီးပဒေသရာဇာ ရေးသားခဲ့သည့် ကြိုးသီချင်းများမှာ ဂီတပညာစတင်သင်ယူသူတို့ အတွက် အခြေခံသင်ရိုးကြိုး သီချင်းများဖြစ်ခဲ့သည်။
ညောင်ရမ်းခေတ်ကုန်ဆုံးပြီးနောက် ကုန်းဘောင်ခေတ်သို့ ရောက်ရှိလာသည်။ ကုန်းဘောင်ခေတ်တွင် မြဝတီမင်းကြီးဦးစကို မွေးဖွားသန့်စင်လိုက်ခြင်းသည်လည်း မြန်မာ့ဂီတ မီးရှူးတိုင်ကြီးကို ထွန်းညှိလိုက်ခြင်းပင်ဖြစ်သည်။ ထိုအချိန်မှစ၍ မြန်မာ့ဂီတ၏ အရောင်အဝါသည် တောက်ပြောင်ထိန်ဝင်းခဲ့သည်မှာ ယနေ့တိုင်အရောင်မမှိန် လင်းလက်နေဆဲဖြစ်သည်။ မြဝတီမင်းကြီးဦးစ အမှူးပြုသော ပြင်စည်မင်းသား၊ လှိုင်ထိပ်ခေါင်တင်၊ အနောက်နန်းမတော်မမြလေးနှင့် အခြားပညာရှင်တို့၏ ကျေးဇူးကြောင့် ကုန်းဘောင်ခေတ်အရောက်တွင်မြန်မာ့ဂီတသည် ကြိုး၊ ဘွဲ့၊ သီချင်းခံဂီတ အမျိုးအစားများသာ မကတော့ဘဲ သံဆန်း ခေါ် ပတ်ပျိုး၊ ယိုးဒယား၊ မွန်၊ ဘောလယ်၊ လေးထွေသံကပ်၊ တေးထပ်၊ ဒိန်းသံ၊ နတ်ချင်း၊ ဗုံကြီးသံစသည်တို့ဖြင့် တိုးတက်စည်ပင်ခဲ့သည်။ ရတနာပုံခေတ်အရောက်တွင် မြန်မာ့ဂီတသည် တူရိယာဘက်တွင် လည်းကောင်း၊ သီချင်းဂီတဘက်တွင် လည်းကောင်း၊ အကဘက်တွင်လည်းကောင်း အရောင်အသွေးစုံ ပန်းချီအဖုံဖုံတို့ အစွမ်းကုန်ပွင့်လန်းလျက်ရှိသော ပန်းဥယျာဉ်ကြီးပမာရှိခဲ့သည်။
ရတနာပုံခေတ်ကုန်ဆုံးပြီးနောက် ကိုလိုနီခေတ်သို့ ရောက်ရှိလာသည်။ ကိုလိုနီခေတ် တိုင်းတစ်ပါး အုပ်ချုပ်မှုအောက်တွင် တိုင်းတစ်ပါးယဉ်ကျေးမှုများ လွှမ်းမိုးလာသော်လည်း မျိုးချစ်မြန်မာတို့အနေဖြင့် မိမိတို့၏ရိုးရာ အနုသုခုမပညာရပ်များ မကွယ်ပျောက်အောင် ထိန်းသိမ်းခဲ့ကြသည်။ ဒီးဒုတ်ဦးဘချို အမှူးပြု သော ဂီတသုတေသနအသင်း၊ မြန်မာနိုင်ငံတော် တူရိယာဂီတအဖွဲ့ချုပ်၊ မန္တလေးမြို့မှမဟာဂီတတက္ကသိုလ် အသင်းများတွင်ပါဝင်သော ပုဂ္ဂိုလ်များမှာ မြန်မာ့ဂီတလောကတွင် ထိပ်ဆုံးမှဂီတပညာရှင်ကြီးများ ဖြစ်ကြသည်။ မြန်မာသီချင်းကြီးများ တိုးတက်ပြန့်ပွားရေး၊ စနစ်တကျ တတ်မြောက်ရေး၊ ရှေးသီချင်းများ ဆွေးနွေးညှိနှိုင်းဖလှယ်ခြင်းနှင့် သင်တန်းများဖွင့်လှစ် ပို့ချခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ကိုလိုနီခေတ်တွင်ပင် ဤသို့အဘက်ဘက်က ထိန်းသိမ်း စောင့်ရှောက်ခဲ့ခြင်းကြောင့် ယနေ့တိုင်မြန်မာ့ အနုသုခုမပညာရပ်များ တည်တံ့ခိုင်မြဲနေခြင်း ဖြစ်သည်။
လွတ်လပ်ရေးရပြီးခေတ်တွင်လည်း မြန်မာ့အနုသုခုမ ပညာရပ်များကို စနစ်တကျဖော်ထုတ် ထိန်းသိမ်းခဲ့ကြသည်။ တပ်မတော်က နိုင်ငံတော်ကိုဦးဆောင်ခဲ့သည့် ကာလတွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ စတင်ကျင်းပကာ ရွက်ပုန်းသီးအနုပညာရှင်များကို စင်တင်ပေးခဲ့သည်။ ၁၉၉၃ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အထိ ကျင်းပခဲ့ပြီးနောက် ပြိုင်ပွဲကျင်းပခြင်းကို ရပ်နားထားခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ပြန်လည် ကျင်းပပေးခဲ့သည်မှာ ယခု(၂၅)ကြိမ်မြောက် ငွေရတုကာလသို့ပင် ရောက်ရှိခဲ့ပြီဖြစ်သည်။
(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ သို့အကဲဖြတ် အနုပညာရှင်ကြီး ၁၈ဝ ဦး၊ ပြိုင်ပွဲဝင်အနုပညာရှင် ၂၅၈၄ ဦးတို့က တက်တက်ကြွကြွ ပါဝင်ခဲ့ကြသည်။ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အနှစ်သာရရှိရှိ ခမ်းနားသိုက်မြိုက်အောင်မြင်စွာ ကျင်းပပြီးမြောက်ခဲ့ပြီဖြစ်သည်။
ဤပြိုင်ပွဲကြီးမှအမျိုးသားရေးအနှစ်သာရနှင့် အဓိပ္ပာယ်များစွာကို ဖော်ဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။
အထူးသဖြင့် အရှိန်အဟုန်ဖြင့် ထိုးဖောက်ဝင်ရောက်လာနေသော နိုင်ငံခြားသရုပ်ပျက် ယဉ်ကျေးမှု အန္တရာယ်တို့မှ ကာကွယ်ရန်၊ ရိုးရာအမျိုးသားဂီတ အနုသုခုမကို ထိန်းသိမ်းမြှင့်တင်ရန်မှာ မြန်မာတိုင်းရင်းသား တစ်ရပ်လုံး၏ အမျိုးသားရေးတာဝန်ဖြစ်သည်။ ထိုတာဝန်ကို ထမ်းဆောင်နိုင်ရန်အတွက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ကျင်းပခြင်းဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။ ။