မလေးရှားနိုင်ငံတွင် ကျင်းပသည့် မော်တော်ယာဉ် မတော်တဆမှုဖြစ်စဉ် ကယ်ဆယ်ရေး စွမ်းရည်ပြိုင်ပွဲ၌ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ Best Team Leader ဆုဆွတ်ခူး၍ နိုင်ငံ့ဂုဏ်ကို မြှင့်တင် စွမ်းဆောင်နိုင်ခဲ့
ရန်ကုန် အောက်တိုဘာ ၂၃
မလေးရှားနိုင်ငံ Fire and Rescue Department of Malaysia က ကြီးမှူး၍ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပခဲ့သည့် မော်တော်ယာဉ် မတော်တဆမှုဖြစ်စဉ် ကယ်ဆယ်ရေး စွမ်းရည်ပြိုင်ပွဲ (Malaysia International Rescue Extrication Challenge-MIREC)တွင် မြန်မာနိုင်ငံကိုယ်စားပြု ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာန အသင်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကောင်းမြတ်နောင်နှင့် တပ်ဖွဲ့ဝင်လေးဦးက Best Team Leader ဆုဆွတ်ခူး၍ နိုင်ငံ့ဂုဏ်ကို မြှင့်တင်စွမ်းဆောင်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို ပြည်ထဲရေးဝန်ကြီး ဌာန မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူက ဦးဆောင်ကြီးကြပ်ပြီး သွားရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ရာ အိမ်ရှင် မလေးရှားနိုင်ငံ အပါအဝင် မကာအို၊ စင်ကာပူ၊ ဟောင်ကောင်၊ ဖိလစ်ပိုင်၊ မြန်မာ၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နိုင်ငံပေါင်း ကိုးနိုင်ငံမှ ပြိုင်ပွဲဝင်အသင်း ၁၀ သင်းဖြင့် ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု မီးသတ်ဦးစီးဌာန အသင်းမှ Best Team Leaderဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။
ယခုရရှိသောဆုသည် ၂၀၂၄ ခုနှစ်အတွင်း တစ်ကြိမ်သာ ပါဝင်ယှဉ်ပြိုင်ခဲ့ရသည့် နိုင်ငံတကာ မီးသတ်စွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိခဲ့ခြင်းဖြစ်ပြီး အလားတူ ၂၀၂၃ ခုနှစ်အတွင်း စင်ကာပူနိုင်ငံမြို့ပြ ကာကွယ်ရေးတပ်ဖွဲ့ (Singapore Civil Defence Force – SCDF)မှ ဦးဆောင်ကျင်းပသည့် Singapore – Global Firefighters and Paramedics Challenge (SGFPC)2023. Global အဆင့် ဖိတ်ခေါ်ပြိုင်ပွဲတွင်လည်း မြန်မာနိုင်ငံ ကိုယ်စားပြု မီးသတ်တပ်ဖွဲ့ဝင် သုံးဦးပါဝင်သည့် “Charlie Group”အဖွဲ့မှ ပထမချန်ပီယံဆုကို လည်းကောင်း၊ နိုင်ငံတကာ မီးသတ်တပ်ဖွဲ့ဝင်များ အကြား တစ်ဦးချင်း မီးငြှိမ်းသတ်ရေးနှင့် အသက်ကယ် စွမ်းရည်ပြိုင်ပွဲ Global အဆင့်တွင် မီးသတ်တပ်ကြပ်ကြီးထွန်းနေဝင်းက တတိယဆုကို လည်းကောင်း အသီးသီး ဆွတ်ခူး၍ နိုင်ငံ့ဂုဏ်ကို မြှင့်တင်စွမ်းဆောင်နိုင်ခဲ့ပြီး မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့သမိုင်းတစ်လျှောက် ၇၈ နှစ်တာကာလအတွင်း နိုင်ငံတကာ မီးသတ်စွမ်းရည်များ ဖိတ်ခေါ်ပြိုင်ပွဲနှစ်ကြိမ်ဝင်ရောက်ယှဉ်ပြိုင်မှုတွင် ဆုနှစ်ကြိမ်ရရှိခဲ့သည်။
ယခုပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ စီမံညွှန်ကြားမှုနှင့်အညီ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ အထူးရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ဗဟိုမီးသတ်သင်တန်းကျောင်း၊ နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ မြို့နယ်များနှင့် ရန်ကုန်-မန္တလေးအမြန်လမ်း နယ်မြေမီးသတ်စခန်းများမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များဖြင့် ဇမ္ဗူသီရိမြို့နယ် မီးသတ်စခန်း၌ မော်တော်ယာဉ်မတော်တဆမှုဖြစ်စဉ် ကယ်ဆယ်ရေး သင်တန်း (Road Traffic Accident-Vehicle Extrication) သင်တန်းအား နေပြည်တော်ကောင်စီ နယ်မြေတွင် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂ ရက်မှ ၁၈ ရက်အထိ ဖွင့်လှစ်သင်ကြား ပေးခဲ့ပြီး သင်တန်းမှ ထူးချွန်သင်တန်းသား တပ်ဖွဲ့ဝင်များအား ရွေးချယ်၍ စေလွှတ်ပါဝင် ယှဉ်ပြိုင်စေခဲ့ခြင်းဖြစ်ကာ မီးဘေးလုံခြုံရေးဆိုင်ရာ လုပ်ငန်းများတွင် နိုင်ငံတကာနှင့်ရင်ပေါင်တန်း ဆောင်ရွက်နိုင်ရေးအတွက် မီးသတ်ဦးစီးဌာန၏ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြှင့်တင်ရေးအတွက် အထောက်အကူများစွာ ရရှိစေမည်ဖြစ်ကြောင်း သိရသည်။