ရေကြောင်းအရာရှိလောင်း ဒီပလိုမာသင်တန်းသားများ၏ ပင်လယ်ပြင်လေ့ကျင့်ရေးခရီး
မြန်မာနိုင်ငံသည် ကမ်းရိုးတန်းအရှည် ၁၂၆၀ ဒသမ ၀၅၆ ရေမိုင်ကိုပိုင်ဆိုင်ထားပြီး အိန္ဒိယသမုဒ္ဒရာ၊ ဘင်္ဂလားပင်လယ်အော်တို့နှင့် ဆက်စပ်ပင်လယ်ရေလမ်းကြောင်းများရှိခြင်းကြောင့် ရေကြောင်းဆိုင်ရာ အကျိုးစီးပွား ဖော်ဆောင်မှုအတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍများတွင် များစွာအရေးပါသည့် အားလျော်စွာ ရေကြောင်းကုန်သွယ်မှုသည်လည်း အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ရေကြောင်း ကုန်သွယ်မှုလုပ်ငန်းများသည် ပြည်တွင်းသယ်ယူပို့ဆောင်ရေးအတွက်သာမက ကမ္ဘာ့ ကုန်သွယ်မှုများ၌ပါ နိုင်ငံ့စီးပွားရေးမြှင့်တင်မှု အခန်းကဏ္ဍများတွင် အရေးပါပြီး စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု၏ မောင်းနှင်အားအဖြစ် ကျောထောက်နောက်ခံ ပြုလျက်ရှိပါသည်။ ကမ္ဘာ့ကုန်သွယ်မှု၏ ၉၀ ရာခိုင်နှုန်းမှာလည်း ကုန်ကျစရိတ် အသက်သာဆုံးဖြစ်သည့် ပင်လယ်ရေကြောင်းဖြင့်ပင် သယ်ယူ ပို့ဆောင်ပေးကြရသည့်အတွက် ပင်လယ်ရေကြောင်း ကုန်သွယ်မှုသည် နိုင်ငံတကာကုန်သွယ်မှုနှင့် ကမ္ဘာ့စီးပွားရေး၏ အသက်သွေးကြောတစ်ခုအဖြစ် အမြဲရပ်တည်လျက်ရှိသည်။
ရေကြောင်းဆိုင်ရာ အကျိုးစီးပွားမြှင့်တင်ရာတွင် ရေကြောင်းကုန်သွယ်မှုလုပ်ငန်းများအတွက် အရည် အသွေးနှင့် အရည်အချင်းရှိသော ပင်လယ်ပြင် အသက်မွေးဝမ်းကျောင်းပြုသူ(ှနေ်မေနမ)များကို နိုင်ငံတိုင်းတွင် အစဉ်အမြဲလိုအပ်လျက်ရှိနေပါသည်။ လူ့စွမ်းအားများ မွေးထုတ်ပေးရေးသည် နိုင်ငံ့ မျှော်မှန်းချက်ဖြစ်သည် နှင့်အညီ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရန်လည်း လိုအပ်ပါမည်။ ထိုလို အပ်ချက်များကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရန်အတွက် မြန်မာနိုင်ငံကုန်သွယ် ရေကြောင်း ကောလိပ်အနေဖြင့် ရေကြောင်းပညာ ကျွမ်းကျင်သော လူ့စွမ်းအားအရင်းအမြစ်များကို ၁၉၆၃ ခုနှစ်မှ စတင်ကာ ယနေ့အချိန်ထိ နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်း စဉ်ဆက်မပြတ် လေ့ကျင့်မွေးထုတ်ပေး လျက်ရှိပြီး ရေကြောင်းပို့ဆောင်ရေးကဏ္ဍများအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက် ရှိပါသည်။
သမိုင်းအစဉ်အလာကောင်းများနှင့် မျှော်မှန်းချက်၊ ရည်မှန်းချက်ကို အကောင်အထည်ဖော်
မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်၏ သမိုင်းကြောင်းအရ ၁၉၆၃ ခုနှစ်တွင် ကာကွယ်ရေး ဝန်ကြီးဌာန၊ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနစသည့် ဝန်ကြီးဌာန သုံးခုတို့ပူးပေါင်းပြီး တပ်မတော်ရေတပ် လေ့ကျင့်ရေးကျောင်း(ဆိပ်ကြီး)တွင် ကုန်သွယ် ရေကြောင်း အရာရှိလောင်း သင်တန်းသား ၂၆ ဦးတို့နှင့် စတင်သန္ဓေတည်ကာ ရေကြောင်း ပညာရပ် များကို သင်ကြား လေ့ကျင့်ပေးခဲ့ပါသည်။ ၁၉၇၂ ခုနှစ်မှစတင်၍ ရေကြောင်းပညာသိပ္ပံအဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်အမည်ဖြင့်လည်းကောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဌာန၏ အုပ်ချုပ်မှုအောက်၌ ရေကြောင်းအတတ်ပညာများကို နိုင်ငံတကာ စံချိန် စံညွှန်းနှင့်အညီ သင်ကြား လေ့ကျင့်ပေးနေသည့်အတွက် အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ်၏ အသိအမှတ် ပြုမှုရရှိထားကာ သမိုင်းအစဉ်အလာကောင်းများရှိသော ကောလိပ်တစ်ခုအဖြစ် ဂုဏ်သိက္ခာ ရှိစွာ ရပ်တည် လျက်ရှိပါသည်။
မြန်မာနိုင်ငံကုန်သွယ်ရေကြောင်း ကောလိပ်သည် ရေကြောင်းပညာရပ်များ၊ ရေကြောင်းအင်ဂျင်နီယာ ပညာရပ်များနှင့် ရေကြောင်း လျှပ်စစ်နည်းပညာရပ်များကို အနိမ့်ဆုံးသင်္ဘောသားများ တတ်မြောက်ရန် လိုအပ်သည့် အခြေခံအဆင့်မှ အမြင့်ဆုံးရေယာဉ်မှူးကြီး၊ အင်ဂျင်နီယာမှူးကြီးများ တတ်မြောက်ရန် လိုအပ်သော အထက်တန်းအဆင့်အထိ သင်ကြားပို့ချရန်နှင့် ရေကြောင်း ဘက်ဆိုင်ရာ ပညာရပ်များနှင့် စပ်လျဉ်း၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မျှော်မှန်းချက်၊ ရည်မှန်းချက်ထားရှိပြီး သင်ကြား လေ့ကျင့်ပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်အနေဖြင့် နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်စေဖို့မျှော်မှန်းကာ ရေကြောင်းဘက်ဆိုင်ရာမှာ မျိုးဆက်သစ်လူငယ်များကို စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိရာ ၁၉၆၃ ခုနှစ်ကတည်းကပင် ယနေ့အချိန်အထိ ရေကြောင်းအရာရှိလောင်း၂၈၅၅ ဦး၊ ရေကြောင်းအင်ဂျင်နီယာအရာရှိလောင်းနှင့် ရေကြောင်းလျှပ်စစ်နည်းပညာအရာရှိလောင်း ၂၈၁၂ ဦး စုစုပေါင်းအရာရှိလောင်း ၅၆၆၇ ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ၎င်းအပြင် ရေကြောင်း အရာရှိ ၈၇၄၁၅ ဦး၊ အင်ဂျင်နီယာအရာရှိ ၂၉၁၀၇ ဦး၊ အခြားအဆင့် သင်္ဘောသား ၁၅၅၅၀၆ ဦးတို့ကိုလည်း လေ့ကျင့်သင်ကြားပေးခဲ့ရာ စုစုပေါင်း ၂၇၇၆၉၅ ဦးအထိ မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ ကျောင်းဆင်းအရာရှိလောင်း အားလုံးမှာလည်း အလုပ်အကိုင်အခွင့်အလမ်းရာနှုန်းပြည့် ရရှိခဲ့ကြပါ သည်။ ဤသို့ဖြင့် နိုင်ငံသားတို့၏ အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း သမိုင်းအထောက်အထား ကိန်းဂဏန်း အချက်အလက်များဖြင့် ပုံရိပ်ကောင်းများအား ဆက်လက် ဖော်ဆောင်ပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်သည် Quality Management System(QMS)ကို ထူထောင် ထားပြီး ၂၀၀၇ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ISO 9001:2000 Certification လက်မှတ် (Certificate No. BGK 0403950) ကိုလည်းကောင်း၊ ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၆ ရက်တွင် ISO 9001:2008 Certification လက်မှတ်ကိုလည်းကောင်း ရရှိခဲ့ပါသည်။ ယခုအခါတွင် (ISO 9001:2015) Quality Management System for Maritime Education Training လက်မှတ်(Certificate No.59571)ကို ရယူထားပါသည်။ ISO က သတ်မှတ်ထားသော အရည်အသွေးစံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်လျက် ရှိပြီး နှစ်စဉ် ISO ၏ စစ်ဆေးမှုများအပေါ် အောင်မြင်ခဲ့သည့် အသိအမှတ်ပြုလက်မှတ်များကို ရရှိထားပြီးဖြစ်ပါသည်။
မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်အနေနှင့် အရာရှိလောင်းတို့အား အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ်(IMO)၏ ရေကြောင်းပညာရေးနှင့် လေ့ကျင့်ရေး စံချိန်စံညွှန်းများနှင့်အညီ သင်ကြား လေ့ကျင့်ပေးလျက်ရှိပြီး IMO ၏ Standards of Training Certification and Watch keeping for Seafarers (STCW Convention)နှင့်အညီ လိုက်နာဆောင်ရွက်ရပါသည်။ သို့ဖြစ်၍ အခြားသော ရေကြောင်းဘက်ဆိုင်ရာ အဖွဲ့အစည်းများနည်းတူ IMO ၏ သီးခြားလွတ်လပ်သော အကဲဖြတ်အဖွဲ့ (Independent Evalution Team)၏ ငါးနှစ်လျှင် တစ်ကြိမ် စစ်ဆေးမှုရှိပါသည်။
မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်တွင် အရာရှိလောင်းများကို ခေတ်မီသင်ထောက်ကူ ပစ္စည်းများ၊ အဆင့်မြင့် Simulator များနှင့်သာမက လက်တွေ့ခန်း (Lab Room)များ၊ ရေကူးကန်၊ Smoke House နှင့် Work Shop များဖြင့် “သင်ကြားရေးနှင့်လေ့ကျင့်ရေး” - ''Education and Training''တို့ကို ဟန်ချက်ညီညီ စနစ်တကျ သင်ကြား လေ့ကျင့်ပေးနေပါသည်။ ၎င်းအပြင် ပင်လယ်ပြင် ခရီးစဉ်တွင် အရာရှိလောင်းများကိုယ်တိုင် လက်တွေ့ကျကျ လေ့ကျင့်နိုင်ရန် (Sea Training) ခရီးစဉ်ကိုလည်း ရေးဆွဲလျက် စာပေသင်ကြားခဲ့မှုနှင့် လက်တွေ့ လုပ်ငန်းခွင်ဆက်စပ်သည့် စာတွေ့ လက်တွေ့ပေါင်းစပ်မှု၏ ဆန်းစစ်မှုကို ရေယာဉ်ပေါ်တွင် On Job Training အဖြစ် ထိထိရောက်ရောက် လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။
အရာရှိလောင်း ဒီပလိုမာသင်တန်းသားများ၏ ပင်လယ်ပြင်လေ့ကျင့်ရေးခရီး
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) တို့၏ ကူညီပံ့ပိုးမှုတို့ဖြင့် အရာရှိလောင်း ဒီပလိုမာသင်တန်းသားများ၏ ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်ရေး ခရီးစဉ်(၁/၂၀၂၄)ကို တပ်မတော်(ရေ)မှစစ်ရေယာဉ်(ချင်းတွင်း)နှင့် “ရန်ကုန်-ကိုကိုးကျွန်း-ဟိုင်းကြီးကျွန်း-ရန်ကုန်” ခရီးစဉ်အဖြစ် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ၂၃ ရက်မှ ၂၈ ရက်အထိ ခြောက်ရက်တာ သွားရောက်လေ့ကျင့်ခဲ့ကြပါသည်။ ခရီးစဉ်တစ်ခုလုံး အဆင်ပြေချောမွေ့သည့်အပြင် ထိထိရောက် ရောက် လေ့ကျင့်သင်ကြားပေးနိုင်ခဲ့၍ သင်တန်းသားများအတွက် တန်ဖိုးမဖြတ်နိုင်သော အကျိုး ဖြစ်ထွန်းမှု များစွာရရှိခဲ့ပါသည်။ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်မှ ရေကြောင်း ပညာဌာနမှူး ကပ္ပတိန် ဦးကျော်ကျော်ဝင်းကဦးဆောင်ပြီး အုပ်ချုပ်သူ၊ နည်းပြ ၂၀ ဦးတို့နှင့်အတူ ရေကြောင်းပညာ (Nautical Studied) အထူးပြုသင်တန်းသား ပထမနှစ်အရာရှိလောင်း ၁၂၁ ဦး၊ ဒုတိယနှစ် အရာရှိလောင်း ၉၀ ဦး၊ ရေကြောင်းအင်ဂျင်နီယာ (Maritime Technology) အထူးပြု သင်တန်းသား ပထမနှစ်အရာရှိလောင်း ၁၂၃ ဦး၊ ဒုတိယနှစ်အရာရှိလောင်း ၈၀ ဦး၊ ရေကြောင်း လျှပ်စစ်နည်းပညာ (Marine Electrical Technology) အထူးပြုသင်တန်းသား ပထမနှစ်နှင့် ဒုတိယနှစ် အရာရှိလောင်း ၄၇ ဦး စုစုပေါင်းအရာရှိလောင်း ၄၆၁ ဦိးတို့ လိုက်ပါခဲ့ကြကာ သက်ဆိုင်ရာ ရေကြောင်း ပညာရပ်တို့ကို နိုင်ငံတော်ကစီမံပေးခဲ့သော စစ်ရေယာဉ် (ချင်းတွင်း)ပေါ်တွင် လက်တွေ့ လေ့ကျင့်ခဲ့ ကြပါသည်။
ပင်လယ်ပြင် လေ့ကျင့်ရေးခရီးစဉ်သို့ လိုက်ပါကြမည့် အရာရှိလောင်းတို့အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် ချိတ်ဆက်ကာ စီစဉ်ထားသော မီနီဘတ်ကား ၂၂ စီးတို့ဖြင့် သီလဝါ၊ ဟွန်ဒိုင်း ဆိပ်ကမ်းသို့ ပို့ဆောင်ပေးခဲ့ကြပြီး မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ၂၃ ရက် မွန်းလွဲပိုင်းတွင် လိုက်ပါ ပို့ဆောင်ခဲ့ကြပါသည်။ ဆိပ်ခံတံတားမှ ရေယာဉ်စတင်မထွက်ခွာမီ ကျောင်းအုပ်ကြီးက အရာရှိလောင်းတို့အား လမ်းခရီးတစ်လျှောက် ကြုံတွေ့လာနိုင်မှုများအပေါ် သတိပြု လိုက်နာဆင်ခြင် သင့်သည့် အချက်များကိုမှာကြားခဲ့ကာ ခရီးစဉ်တစ်ခုလုံး အဆင်ပြေချောမွေ့ပါစေကြောင်း ဆုတောင်း မေတ္တာစကား မြွက်ကြားခဲ့ပါသည်။ ချင်းတွင်းရေယာဉ်သည် ဖေဖော်ဝါရီလ ၂၃ ရက် မွန်းလွဲ ၂ နာရီ ကျော်တွင် ဆိပ်ကမ်းမှစတင်ထွက်ခွာစဉ် ကျောင်းအုပ်ကြီးနှင့် ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်း များက ပို့ဆောင်လက်ပြနှုတ်ဆက်ခဲ့သလို အရာရှိလောင်းများကလည်း ပြန်လည်၍ လက်ပြနှုတ်ဆက် ခဲ့ကြပါသည်။
အရာရှိလောင်းတို့ လိုက်ပါလာသော ချင်းတွင်းရေယာဉ်သည် ဖေဖော်ဝါရီလ ၂၄ ရက် မွန်းလွဲပိုင်းတွင် ကိုကိုးကျွန်းသို့ ရောက်ရှိခဲ့ကြပြီး မွန်းလွဲ ၂ နာရီ မိနစ်၄၀ တွင် ကိုကိုးကျွန်း ဆိပ်ခံတံတား၌ ဆိုက်ကပ်ရပ်နား ခဲ့သည်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၇ နာရီ မိနစ် ၃၀ အချိန်တွင် အရာရှိလောင်းတို့အား ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူအရာရှိကြီးများ၊ ကိုကိုးကျွန်းမြို့နယ်မှ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ရပ်မိ ရပ်ဖများက နွေးထွေးစွာ ကြိုဆိုခဲ့ကြပါသည်။ ထို့နောက်မြို့နယ်ခန်းမ၌ ကိုကိုးကျွန်းနှင့်ပတ်သက်သည့် ဒေသန္တရ အချက်အလက်များ၊ သမိုင်းကြောင်းများကို အရာရှိလောင်းများအား သက်ဆိုင်ရာ တာဝန်ရှိသူ များက ရှင်းလင်းပြောကြား ခဲ့ကြပါသည်။
အရာရှိလောင်းတို့သည် ကိုကိုးကျွန်းကမ်းခြေတစ်ဝိုက်ရှိ ဂျပန်ခေတ်က ခံကတုတ်ဘန်ကာများနှင့် မြို့နယ် ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြသည်။ ထို့နောက် အရာရှိလောင်းများနှင့် အုပ်ချုပ်သူဆရာများက ကိုကိုးကျွန်းရှိ ဘုရားစေတီများနှင့် ဘုန်းကြီးကျောင်းများသို့လည်းကောင်း၊ ဆေးရုံ၊ အထက်တန်းကျောင်း၊ မူကြိုကျောင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးများသို့လည်းကောင်း အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် အရာရှိလောင်းတို့သည် ကိုကိုးကျွန်း ကမ်းခြေ၏ ပင်လယ်ပြင်သဘာဝ ပတ်ဝန်းကျင် သာယာလှပမှုအောက်တွင် စီးမျောခံစားရင်း ရေကူးခြင်း၊ သဲသောင်ပြင်တွင် ပြေးလွှားခြင်းတို့အပြင် ဘောလုံး၊ ဘော်လီဘော၊ ခြင်းလုံးစသည့် ကြိုက်နှစ်သက်ရာ တို့ကို ပျော်ရွှင်စွာကစားခဲ့ကြပါသည်။
ချင်းတွင်းရေယာဉ်သည် ဖေဖော်ဝါရီလ ၂၅ ရက် ညနေ ၅ နာရီ မိနစ် ၃၀ တွင် ကိုကိုးကျွန်းမှ ပြန်လည် ထွက်ခွာလာခဲ့ပြီး ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၇ နာရီ မိနစ် ၃၀ တွင် ဟိုင်းကြီးကျွန်း နယ်မြေခံ ရေတပ်စခန်းဌာနချုပ် ဆိပ်ခံတံတားသို့ဆိုက်ကပ်ခဲ့ပါသည်။ ယင်းနေ့နံနက်တွင် ပမ္မဝတီ ရေတပ်စခန်း ဌာနချုပ်ခန်းမ၌ ဒုတိယဌာနချုပ်မှူးက အရာရှိလောင်းတို့အား ကြိုဆိုနှုတ်ခွန်းဆက် စကားပြော ကြားခဲ့ပြီး အခြားတာဝန်ရှိသူများက ဟိုင်းကြီးကျွန်းဆိုင်ရာ အချက်အလက်များ၊ မော်တင်စွန်းဘုရား၏ သမိုင်းကြောင်းများကို Power Point များနှင့်တကွ ရှင်းလင်းပြသခဲ့ကြသည်။ ထို့နောက် ပမ္မဝတီ ရေတပ်စခန်းဌာနချုပ်၏ စီစဉ်ပေးမှုဖြင့် အုပ်ချုပ်သူ၊ နည်းပြများနှင့် အရာရှိလောင်းများသည် ဆံတော်ရှင် မော်တင်စွန်းဘုရားသို့ သွားရောက်ဖူးမြော်ခဲ့ ကြပြီး ဘုရားဂေါပကလူကြီးများထံသို့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြပါသည်။ ထို့ပြင် သမိုင်းဝင် သူရဲကောင်း မင်းရဲကောင်းပုံ၏ ကျူးကျော်သူ နယ်ချဲ့တို့အား ချေမှုန်းတိုက်ခိုက်ခဲ့သော နေရာကိုလည်း ဝင်ရောက်လေ့လာခဲ့ကြပါသည်။ ညနေပိုင်းတွင် ပမ္မဝတီ ရေတပ်စခန်းက တည်ခင်းဧည့်ခံသည့်ညစာစားပွဲသို့ တက်ရောက်ခဲ့ကြပါသည်။ ဖေဖော်ဝါရီလ ၂၇ ရက် နံနက်ပိုင်းတွင် အရာရှိလောင်းများကိုယ်တိုင်ပါဝင်ကာ လှေလှော်ရွက်တိုက် ခြင်းကို လေ့ကျင့်ခဲ့ကြပါသည်။ ထို့နောက် စစ်ရေယာဉ်(ချင်းတွင်း)ပေါ်မှာပင် အသက်ကယ်လှေ(Life Boat) တင်ချမှုလေ့ကျင့်ခန်းများတွင် အရာရှိလောင်းများအုပ်စုအလိုက် လက်တွေ့ပါဝင် လေ့ကျင့် စေခြင်း၊ ကျောက် တင်ကျောက်ချ (Anchor Work)အကြောင်းများကိုလည်း လက်တွေ့ပြသ လေ့ကျင့် ခဲ့ကြပါသည်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ဟိုင်းကြီးကျွန်းမှ ပြန်လည် ထွက်ခွာ ခဲ့ကြပြီး ဖေဖော်ဝါရီလ ၂၈ ရက် မွန်းလွဲ ၂ နာရီကျော်တွင် သီလဝါ၊ ဟွန်ဒိုင်းဆိပ်ခံတံတားသို့ ပြန်လည် ရောက်ရှိခဲ့ကြရာ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်မှ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများက အောင်သပြေပန်းများ ပေးအပ်ကာ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါသည်။
ဘာသာရပ်ဆိုင်ရာများ လေ့ကျင့်သင်ယူခဲ့ကြပုံ
အရာရှိလောင်းတို့အနေဖြင့် ''Sea Training'' အဖြစ်သွားရောက်ခဲ့ကြသော အသွားအပြန် ရေမိုင် ၆၀၀ ခရီးစဉ်၌ မိမိတို့ကောလိပ်၏ စာသင်ခန်းထဲ၌ လည်းကောင်း၊ Simulator များဖြင့် လည်းကောင်း သင်ကြားပြသခဲ့ပြီးဖြစ်သော သက်ဆိုင်ရာ ဘာသာရပ်အလိုက် စာတွေ့သင်ကြားမှုများကို ရေယာဉ်ပေါ် မှာ လက်တွေ့ကျကျဆန်းစစ်လေ့လာ သင်ယူလေ့ကျင့်ခဲ့ရသည့်အတွက် ထိရောက် သည့် သင်ကြားမှုကို ဖြစ်စေပါသည်။ ရေကြောင်း အရာရှိ လောင်းတို့အား လူ ၂၀ စီအုပ်စုငယ်များခွဲ၍ ရေကြောင်းဘက်ဆိုင်ရာ ဘာသာရပ်များ (Navigation)၊ ကမ်းရိုးတန်းသွားလာမှု(Coastal Navigation)၊ ရေယာဉ် ကိုင်တွယ် ထိန်းသိမ်းရေး (Ship Handling)၊ မိုးလေဝသ ဘာသာရပ် (Meotrology)တို့ကို သက်ဆိုင်ရာ ရေကြောင်း ဘာသာရပ်ပြ ကျွမ်းကျင်ဆရာများက လက်တွေ့ကျကျ သင်ပြခဲ့ကြပါသည်။ ထို့ပြင် ကြယ်နက္ခတ် တာရာကြည့်ပြီး ရေယာဉ်တည်နေရာရှာဖွေခြင်းနှင့် လမ်းကြောင်းရွေးချယ်ခြင်း (Position Finding and Passage Planning)၊ ကြိုးချည်ကြိုးထိုးဘာသာရပ်၊ အချက်ပြစနစ်များ (Pyrotechnics)တို့ကို လည်း လက်တွေ့ပြသ လေ့ကျင့်ပေးနိုင်ခဲ့ပါသည်။ ကျောက်တင် ကျောက်ချပုံ၊ အသက်ကယ်လှေချနည်း၊ ရွက်တိုက်နည်းကအစ ရေဒါ၊ GPS တို့ဖြင့် သင်္ဘောသွားလာမှု၊ ရေပုံ(Chart Work)ဖြင့် သင်္ဘော တည်နေရာရှာဖွေမှု၊ ခုတ်မောင်းမှုများကို လက်တွေ့ လေ့ကျင့် သင်ကြားပေးခဲ့ပါသည်။ သက်ဆိုင်ရာ ဘာသာရပ်များကို သက်ဆိုင်ရာ ဘာသာရပ်ပြ ကျွမ်းကျင် ဆရာများက လက်တွေ့ပြသခဲ့ခြင်း၊ အရာရှိလောင်းများ ကိုယ်တိုင် စိတ်ပါဝင်စားစွာ လက်တွေ့ လုပ်ကိုင် စေခြင်းတို့အပြင် ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်း(Sea Training)တွင် ပင်လယ်ပြင်မသွားမီ ကြိုတင်ပြင်ဆင်မှု၊ ဆိပ်ကမ်းနှင့် ပဲ့စင်တာဝန်လုပ်ဆောင်မှုအပါအဝင် ပင်လယ်ပြင်နေ့စဉ် လုပ်ဆောင်မှု (Daily Sea Routine Work) တို့ကို လေ့ကျင့်သင်ယူခွင့်ရရှိစေခဲ့ ကြပါသည်။
အလားတူ အင်ဂျင်နီယာအရာရှိလောင်းများနှင့် ရေကြောင်းလျှပ်စစ်အရာရှိလောင်းများကိုလည်း ၁၀ ယောက် တစ်အုပ်စုစီခွဲ၍ သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်ဆရာများက လက်တွေ့သင်ကြား ပြသခဲ့ကြပါသည်။
စက်ခန်းသို့မဆင်းမီ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း(Safety Practice) များကို ရေယာဉ်မှတာဝန်ရှိသူများက ရှင်းလင်းသင်ကြားပေးခြင်း အပါအဝင် စက်ခန်း (Engine Room)၏ ဖွဲ့စည်းတည်ဆောက်ပုံ၊ စက်ပစ္စည်းများ၏ နေရာချထားမှုများ၊ စက်မကြီးနှင့် ဂျင်နရေတာများ၏ အလုပ်လုပ်ပုံ၊ အင်ဂျင်ပါရာမီတာ(Engine Para-meter)များနှင့် အရေးပေါ် အခြေအနေမျိုးတွင် လုပ်ဆောင်ရမည့်အချက်များ၊ မီးစက်နှစ်လုံးဝန်အား ချိတ်ဆက်မှု (Generator Synchronizing)၊ ကွန်ပျူတာစနစ်ဖြင့် စောင့်ကြည့်သည့် Control Room ၏ အလုပ်လုပ်ပုံစသည်ဖြင့် အင်ဂျင်နီယာများ သိသင့်သိထိုက်သည့် ဘာသာရပ်များကို လက်တွေ့ သင်ကြား ပြသလေ့ကျင့် ပေးနိုင်ခဲ့ပါသည်။ ပင်မအင်ဂျင်များ၊ မီးစက်များ၊ ပန့်၊ မော်တာများ၊ အီလက်ထရွန်နစ် ပစ္စည်းများကို လက်တွေ့ကိုင်တွယ် မောင်းနှင်ပြခြင်းနှင့် အရေးပေါ် မီးသတ် လေ့ကျင့်ခန်းများကိုပါ သင်ကြားလေ့ကျင့်ပေးနိုင်ခဲ့ပါသည်။
ရရှိသောအကျိုးကျေးဇူးများ
ယခုပင်လယ်ပြင် လက်တွေ့လေ့ကျင့်ရေး (Sea Training) ခရီးစဉ်သည် အရာရှိလောင်းများအား ပထဝီဝင်အနေအထားအရ အချက်အချာကျသည့် အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော်၏ ဆက်စပ်ရေပြင်ရှိ ကိုကိုးကျွန်းဒေသသို့ သွားရောက် လေ့လာခွင့်ရရှိခဲ့သည့်အတွက် ဒေသန္တရဆိုင်ရာ ဗဟုသုတများစွာ ရရှိခဲ့ကြပါသည်။ ထို့ပြင် ပညာရပ်ဆိုင်ရာတတ်သိမှု၊ ပင်လယ်ပြင်၏ သဘော သဘာဝအရ ပြောင်းလဲဖြစ်ပေါ်တတ်သည့် လှိုင်းလေအခြေအနေ အမျိုးမျိုးတွင် ရာသီမရွေး၊ နေ့ညမပြတ် တာဝန်ထမ်းဆောင်တတ်မှုစသည့် အားသာချက် အကျိုးကျေးဇူးများ ရရှိစေခဲ့ပါသည်။ အရာရှိလောင်းတို့အနေဖြင့် သင်္ဘောသား တစ်ယောက်တတ်သိထားရမည့် ရေကြောင်း ပညာရပ် ဆိုင်ရာများကို လက်တွေ့ကျကျသိမြင်ကာ ကိုယ်တိုင်ပါဝင်လေ့ကျင့်ခွင့်ရရှိခဲ့သဖြင့် ယုံကြည်မှုရရှိစေ ကာ ကျွမ်းကျင်မှုနှင့် စီမံခန့်ခွဲမှုသဘောသဘာဝ၊ ဦးဆောင်မှုနှင့် စိတ်ရောကိုယ်ပါ ကြံ့ခိုင်စေရန် လေ့ကျင့်ပေးထားခဲ့မှုများက လွန်စွာအရေးပါ အရာရောက်ကြောင်း သိမြင်လာစေပါသည်။ ၎င်းအပြင် စိတ်ဓာတ်ခွန်အားနှင့် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုတို့ကို ပင်လယ်ပြင်၌ လက်တွေ့ကျကျ ဆန်းစစ်မှု ရလဒ်အပေါ် ရယူနိုင်သည့်အသိနှင့် မှန်ကန်သည့်အမြင်များကို သိရှိစေနိုင်ခဲ့ကြပါသည်။ ပင်လယ်ပြင်၏ မူယာမာယာများပုံ၊ လှိုင်းဒဏ်၊ လေဒဏ်များကို ကြံ့ကြံ့ခံနိုင်ရန်လိုအပ်ပုံ၊ သင်္ဘောပေါ်တွင် နေထိုင် လုပ်ကိုင် စားသောက်ကြရပုံအစရှိသည့် သင်္ဘောသားတစ်ယောက်၏ ဘဝအခြေအနေတို့ကို ကိုယ်တိုင် ကိုယ်ကျလက်တွေ့ သိမြင်ခံစားနိုင်ခဲ့ပါသည်။ ပင်လယ်ပြင်မှာ ဘေးကင်းလုံခြုံပြီး အန္တရာယ်ကင်းအောင် အသက်ရှင် နေထိုင်လုပ်ကိုင်ရမည့် နည်းလမ်းကောင်းများကိုလည်း လက်တွေ့လိုက်နာ သိမြင်ခဲ့ကြ ပါသည်။ အရေးကြုံလာပါက အသက်အန္တရာယ်မှလွတ်မြောက် အောင် တစ်ဦးချင်းနှင့်အဖွဲ့လိုက်အပေါ် ဦးဆောင်မှု၊ ပူးပေါင်းမှု၊ ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ရမည့် နည်းလမ်းကောင်းများကိုလည်း လက်တွေ့ ကျကျလုပ်ဆောင်တတ်ကာ အသိပညာများ၊ အတတ်ပညာများလည်း တိုးပွားရရှိစေခဲ့ပါသည်။
ရေကြောင်းဘက်ဆိုင်ရာ ကျွမ်းကျင်သူများ မွေးဖွားရာမြေဖြစ်သော မြန်မာနိုင်ငံကုန်သွယ်ရေကြောင်း ကောလိပ်သည် နိုင်ငံတော်ပိုင် ကောလိပ်တစ်ခုဖြစ်သည်နှင့်အညီ ယခုသွားရောက်ခဲ့သော အရာရှိ လောင်းများ၏ ပင်လယ်ပြင်လက်တွေ့ လေ့ကျင့်ရေးခရီးစဉ်မှာလည်း နိုင်ငံတော်အကြီးအကဲ၏ စေတနာထားမှု၊ ပံ့ပိုးပေးမှု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်အားပေးမှု၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ)တို့၏ကူညီဆောင်ရွက်ပေးမှု၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ကူညီပေးမှုတို့ကြောင့် မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်မှ အရာရှိလောင်းတို့၏ ပင်လယ်ပြင်လေ့ကျင့်ရေး ခရီးစဉ်တစ်ခုလုံး အဆင်ပြေချောမွေ့ခဲ့သည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် ရေကြောင်းဘက်ဆိုင်ရာ အသိပညာ၊ အတတ်ပညာများကို အချိန်တိုအတွင်း သင်တန်းသားများအပေါ် လက်တွေ့ကျကျ၊ ထိထိရောက်ရောက် လေ့ကျင့်သင်ကြား ပေးနိုင်ခဲ့သည့် ရလဒ်အကျိုးကျေးဇူးများကိုလည်း တန်ဖိုးမဖြတ်နိုင်လောက်အောင်ပင် ရရှိခဲ့ကြပါသည်။
နိုင်ငံအတွက် ရေကြောင်းဆိုင်ရာ အကျိုးစီးပွားများသည် အနာဂတ်ကာလတိုင်အောင် အမြဲတမ်း ရှင်သန်ရပ်တည်လျက်ရှိနေမည်ဖြစ်ပြီး အဓိကအခန်းကဏ္ဍမှလည်း ပါဝင်နေပေဦးမည်။ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ရေကြောင်းသွားလာရေး၊ ပို့ဆောင်ရေး အခန်းကဏ္ဍနှင့် ချိတ်ဆက်ကာ နိုင်ငံတစ်နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်ချက်ကို စဉ်ဆက်မပြတ် မွေးထုတ် ပေးနိုင်ရန် လိုအပ်နေပါဦးမည်။ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်း ကောလိပ်အနေဖြင့် မျိုးဆက်သစ် ရေကြောင်း အရာရှိလောင်းများ၊ သင်္ဘောသားအသစ်များကို စဉ်ဆက်မပြတ်မွေးထုတ်ပေးလျက်ရှိရာ နိုင်ငံတော်အတွင်းရှိ လူ့စွမ်းအား အရင်းအမြစ်များကို ပြုစုပျိုးထောင်ပေးရာတွင် တတ်စွမ်းသည့်ဘက်မှ ကြိုးပမ်းမျှော်မှန်းဖော်ဆောင် ပေးလျက်ရှိနေပါသည်။ နိုင်ငံတော်နှင့် နိုင်ငံသားများ ဖွံ့ဖြိုးတိုးတက်လာ စေရန်၊ နိုင်ငံတော်၏ ရေကြောင်းဆိုင်ရာ အကျိုးစီးပွားများနှင့် နိုင်ငံခြားဝင်ငွေများ ရရှိနိုင်စေရန်အတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုပေးနေသော ရေကြောင်းဘက်ဆိုင်ရာ အတတ်ပညာသင် ကောလိပ်တစ်ခုအဖြစ် ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာရှိရှိ အစဉ်ရပ်တည်ကာ နိုင်ငံတော်အပေါ် ခေတ်ကာလအဆက်ဆက် ကျေးဇူးပြုလျက်ရှိနေမည်သာ ဖြစ်ပါတော့သည်။ ။
ဒေါက်တာဌေးကြွယ်(MMMC)