မိတ်ကောင်းဆွေကောင်း အိမ်နီးချင်းကောင်း

 

မိတ်ကောင်းဆွေကောင်း အိမ်နီးချင်းကောင်း

 

အယ်ဒီတာ့အာဘော်

(၂ဝ၂၄  ခုနှစ်၊ အောက်တိုဘာ   ၂၆  ရက်)

    လူတစ်ဦးချင်းစီ၏ဘဝခရီးတွင် မိတ်ကောင်းဆွေကောင်းများ လိုအပ်သကဲ့သို့ နိုင်ငံတစ်နိုင်ငံ၏ ရပ်တည်နေရသည့် ခရီးလမ်းတွင်လည်း မိတ်ကောင်းဆွေကောင်း ရှိရန်လိုအပ်ပေသည်။ မိတ်ကောင်းဆွေကောင်း ရှိနေခြင်းသည် မိမိတို့အတွက် ကိစ္စရပ်အလုံးစုံကို ပြီးမြောက်နိုင်သည်။ ရှေးပညာရှင်များက မိတ်စစ်၊ မိတ်ကောင်းလေးမျိုး ရှိကြောင်း ရေးသားထားပါသည်။ စိတ်နှလုံးကောင်းစွာနှင့် ကျေးဇူးအထူးကိုသာ ပြုတတ်သော ဥပကာရမည်သော မိတ်စစ်မိတ်ကောင်း တစ်မျိုး၊ စိတ်နှလုံးကောင်းစွာနှင့် ချမ်းသာဆင်းရဲကိုအတူ အမျှခံစားတတ်သော သမာနသုခဒုက္ခမည်သော မိတ်စစ်မိတ်ကောင်း တစ်မျိုး၊ စိတ်နှလုံးကောင်းစွာနှင့် အကျိုးစီးပွားရှိသူကိုသာ ပြောဆိုညွှန်ပြတတ်သော အတ္တက္ခာယိမည်သော မိတ်စစ်မိတ်ကောင်း တစ်မျိုးနှင့် စိတ်နှလုံးကောင်းစွာနှင့် အကျိုးစီးပွားကို မျှော်ဆပြီးလျှင် အစဉ်စောင့်ရှောက်တတ်သော အနုကမ္ပက မည်သော မိတ်စစ်မိတ်ကောင်း တစ်မျိုးဟူ၍ မိတ်စစ်မိတ်ကောင်း လေးမျိုးရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံတော်ကို ဦးဆောင်လျက်ရှိပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို အားသွန်ခွန်စိုက် လုပ်ဆောင်ပေးလျက်ရှိသည်။ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍပေါင်းစုံတိုးတက်ပြီး တိုင်းပြည်သာယာဝပြောရေးကို ဦးတည် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့နိုင်ငံတော် အတွက်  အကောင်းဆုံး ဆောင်ရွက်နေချိန်တွင် မိမိတို့နိုင်ငံကို ဝိုင်းကူဖေးမကူညီမည့် မိတ်ကောင်းဆွေကောင်းများ လိုအပ်လှသည်။ မြန်မာစကားတွင် မကူညီချင်နေပါ မနှောင့်ယှက်ပါနှင့်ဆိုသည့် စကားတစ်ရပ်ရှိသည်။ အချို့နိုင်ငံများမှာ ကူညီမှုမရသည့်အပြင် အနှောင့်အယှက်ပင် ကြီးမားစွာပြုလျက်ရှိသည်။

ထိုနိုင်ငံမျိုးသည် မြန်မာတို့အတွက် မိတ်ကောင်းဆွေကောင်း နိုင်ငံမဟုတ်ပါ။ မြန်မာနိုင်ငံ၊ မြန်မာလူမျိုးတို့၏ ကောင်းကျိုးစီးပွားကိုအစဉ်ရှေးရှုပြီး နှစ်ပေါင်းများစွာ ပူးပေါင်းဆောင်ရွက် ကောင်းကျိုးပေးနေသည့် နိုင်ငံသည်သာ မြန်မာတို့အတွက် မိတ်ကောင်းဆွေကောင်းနိုင်ငံဖြစ်သည်။ ထိုမိတ်ကောင်းဆွေကောင်း နိုင်ငံများတွင် အိန္ဒိယနိုင်ငံလည်း ပါဝင်သည်။ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ သံတမန်ဆက်ဆံရေးသည် မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိသည့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် စတင်ခဲ့သည်။ သမိုင်းကြောင်းတစ်လျှောက် နှစ်နိုင်ငံအကြား အလွန်ထူးခြားသည့် ဆက်ဆံရေးနှင့် နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုများကို လွတ်လပ်ရေးရရှိသည့် အချိန်မှစပြီး ထူထောင်ထားရှိနိုင်ခဲ့သည်။

မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်း ရှည်လျားစွာ ထိစပ်နေသည့် တစ်ခုတည်းသော အရှေ့တောင်အာရှနိုင်ငံဖြစ်သည်။

မြန်မာနိုင်ငံသည် ပထဝီဝင် အနေအထားအရ အိန္ဒိယနိုင်ငံနှင့် အရှေ့တောင်အာရှဒေသတို့ အကြား အချက်အချာကျသည့် နေရာတွင်တည်ရှိနေပြီး တောင်အာရှနှင့် အရှေ့တောင်အာရှကို ဆက်သွယ်ပေးခြင်းကြောင့် အိန္ဒိယနိုင်ငံအတွက် အရေးပါသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံသည် ကုန်းတွင်းနယ်နိမိတ်နှင့် ရေနယ်နိမိတ်ထိနေသည့် နိုင်ငံဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ ‘‘အိမ်နီးချင်းဦးစားပေး ဝါဒ’’ နှင့်  ‘‘အရှေ့နှင့်ထိတွေ့ဆက်ဆံရေး မူဝါဒ’’ တို့၏ ဆုံမှတ်တွင် တည်ရှိနေသည့် တစ်ခုတည်းသော နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ သံခင်းတမန်ခင်းတွင် အင်ဒို-ပစိဖိတ်ဒေသတွင်း အဓိကကျသည့် အခန်းကဏ္ဍက ပါဝင်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် အောက်တိုဘာလ ၂၄ ရက်ကကျင်းပသည့် ၂ဝ၂၄ ခုနှစ်၊ အိန္ဒိယနည်းပညာနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်၏ နှစ်(၆ဝ)ပြည့်အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားစဉ် ‘‘အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ တန်ဖိုးအထားရဆုံး ကုန်သွယ်ဖက်နိုင်ငံ တစ်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေမည်ဟု မျှော်လင့်ယုံကြည်မိကြောင်း၊ ယခုအိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်သည် နှစ်နိုင်ငံအကြား ယုံကြည်မှု၊ ချစ်ကြည်မှု၊ အပြန်အလှန် လေးစားမှုနှင့် ကဏ္ဍများစွာတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာစေရေးတို့အတွက် မြဲမြံသည့်အုတ်မြစ်သဖွယ် လမ်းစဖော်မြှင့်တင်ပေးခဲ့သည်ဟုလည်း ဆိုနိုင်ကြောင်း’’ ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ရာဂိမုန်တိုင်း၏ ဆိုးရွားသည့် သက်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားရသည့် ဒေသများကပြည်သူများအတွက် အိန္ဒိယအစိုးရမှ လူသားချင်းစာနာ ထောက်ထားမှု အကူအညီပစ္စည်းများနှင့် ကယ်ဆယ်ရေး အထောက်အပံ့များကို အလျင်အမြန်ဆုံး လှူဒါန်းပေးခဲ့သည်။ တကယ့်မိတ်ဆွေကောင်းအဖြစ် အရေးပေါ်အခြေအနေတွင် ကူညီပေးခြင်းသည် ချစ်ကြည်ရင်းနှီးမှုနှင့် အိမ်နီးချင်းကောင်းပီသမှုကို ထင်ဟပ်စေခဲ့သည်။ အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်ကို ၁၉၆၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်တွင်စတင်ခဲ့သည်မှာ ယခုအခါစွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းများကို ကမ္ဘာ့နိုင်ငံပေါင်း ၁၆ဝ တို့က ဝန်ထမ်းပေါင်း နှစ်သိန်းကျော်တို့ကို လေ့ကျင့်ပို့ချပေးခဲ့ပြီး ဖြစ်သည်။ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေးသည် နည်းပညာပူးပေါင်း ဆောင်ရွက်မှုများမှာသာမက အခြားကဏ္ဍများတွင်လည်း တိုးတက်လျက်ရှိပြီး နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်မှုများ တိုးမြှင့်ဆောင်ရွက်လျက် ရှိခြင်းကြောင့် နှစ်နိုင်ငံ၏ စီးပွားရေးကဏ္ဍအသီးသီးအတွက် အကျိုးပြုလျက်ရှိသည်။ အနှစ်ချုပ်ဆိုရသော် အိန္ဒိယနိုင်ငံ၏ နည်းပညာနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများမှာ မြန်မာနိုင်ငံအတွက် မိတ်ကောင်းဆွေကောင်း အိမ်နီးချင်းကောင်းတို့၏ ဆောင်ရွက်ချက်ဖြစ်ပါကြောင်း။          ။

Dates: 
Saturday, October 26, 2024 - 04:13