ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန် အာဟာရ ဖြည့်စားသောက်ဖွယ်ရာများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ ဒီဇင်ဘာ - ၁၇

   

ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေး ဌာနများ၌ ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ အာဟာရပြည့်ဝစေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများမှ လှူဒါန်းသည့် အာဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ်များအလိုက် တပ်မတော်သားများက သွားရောက်ပေးအပ်လှူဒါန်းလျက်ရှိသည်။

   

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ ပူတာအိုမြို့ ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့ ပြည်သူ့ဆေးရုံ၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်တိုက်နယ်ဆေးရုံ၊ ကရင်ပြည်နယ်၊ ဘားအံမြို့ ပြည်သူ့ဆေးရုံကြီးနှင့် ကြာအင်းဆိပ်ကြီး မြို့နယ်၊ ခလယ်တံခွန်တိုက်နယ်ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် ပြည်သူ့ဆေးရုံ၊ ရွှေတောင်မြို့နယ် ပြည်သူ့ဆေးရုံနှင့် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ ပြည်သူ့ဆေးရုံများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်၍ တပ်မတော်စက်ရုံ အသီးသီးမှ ထုတ်လုပ်သော အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ ထွက်ရှိသော စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။