နိုင်ငံတကာခြေစမ်းပွဲစဉ်တွင် မြန်မာအမျိုးသမီးအသင်းက ဟောင်ကောင်အမျိုးသမီးအသင်းကို ၄ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိ
ရန်ကုန် အောက်တိုဘာ ၂၆
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်အသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲစဉ်အဖြစ် ယနေ့ညနေ ၄ နာရီတွင် ရန်ကုန်မြို့ YUSC အားကစားကွင်း၌ မြန်မာအမျိုးသမီးအသင်းနှင့် ဟောင်ကောင် အမျိုးသမီးအသင်းတို့ ကစားခဲ့ရာ မြန်မာအမျိုးသမီးအသင်းက ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် ပွဲစကတည်းက မြန်မာအမျိုးသမီးအသင်းက ခြေစွမ်းပိုင်းအသာ၊ ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့် ဖိအားပေးကစားနိုင်ခဲ့ပြီး လင်းမြင့်မိုရ်က မြန်မာအမျိုးသမီးအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သော်လည်း ဟူလိုင်က ဟောင်ကောင် အမျိုးသမီးအသင်းအတွက် ချေပဂိုးပြန်လည် သွင်းယူခဲ့ကာ စန်းသော်သော်က မြန်မာအမျိုးသမီးအသင်းအတွက် ဦးဆောင်ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ သည့်အတွက် ပထမပိုင်းတွင် မြန်မာအမျိုးသမီးအသင်းက ၂ ဂိုး ၁ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ဆက်လက်ပြီး ဒုတိယပိုင်းပြန်လည် စတင်ချိန်တွင်လည်း မြန်မာအမျိုးသမီးအသင်းကပင် ဆက်လက် ဖိအားပေးကစားနိုင်ခဲ့ကာ ယုယုနိုင်နှင့် နာကျင်အချိန်ပို ၂ မိနစ်တွင် ဝင်းသိင်္ဂီထွန်းက မြန်မာအမျိုး သမီးအသင်းအတွက် ဦးဆောင်ဂိုးများ အသီးသီးသွင်းယူနိုင်ခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် မြန်မာ အမျိုးသမီးအသင်းက ဟောင်ကောင်အမျိုးသမီးအသင်းကို ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာအမျိုးသမီးအသင်းနှင့် ဟောင်ကောင် အမျိုးသမီးအသင်းတို့သည် ရန်ကုန်မြို့၌ နိုင်ငံတကာ ခြေစမ်းပွဲနှစ်ပွဲကစားခဲ့ရာ မြန်မာအမျိုးသမီးအသင်းက နှစ်ပွဲလုံး ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
စည်သူအောင်