ပဉ္စမအကြိမ်မြောက် အမျိုးသား အားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု အားကစားသမားများ စခန်းသွင်းလေ့ကျင့်နေမှုအား သွားရောက် အားပေးထောက်ပံ့
ပဲခူး အောက်တိုဘာ ၂၇
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု အားကစားသမားများ အားကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့်နေမှုအား သွားရောက်ကြည့်ရှု အားပေးထောက်ပံ့ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဟံသာဝတီယူနိုက်တက် ဘောလုံးကွင်း၌ အမျိုးသား၊ အမျိုးသမီး ဘောလုံးအသင်း စခန်းသွင်းလေ့ကျင့်နေမှုအား လည်းကောင်း၊ ဟင်္သာလမ်း ရိုးရာခြင်းအားကစားရုံ၌ အမျိုးသား၊ အမျိုးသမီးရိုးရာခြင်း စခန်းသွင်းလေ့ကျင့်နေမှုအား လည်းကောင်း၊ ရွှေမော်ဓောဘုရားလမ်း မိုးလုံလေလုံအားကစားရုံ၌ ဘတ်စကက်ဘောအားကစား စခန်းသွင်းလေ့ကျင့်နေမှုအား လည်းကောင်း၊ ပဲခူးမြို့အနောက်ဘက် မြို့ရှောင်လမ်းရှိ မာဃမင်းတင်းနစ်အကယ်ဒမီ၌ တင်းနစ်အားကစားနည်း စခန်းသွင်းလေ့ကျင့်နေမှုအား လည်းကောင်း၊ ပဲခူးခရိုင်အားကစားကွင်း၌ ပြေးခုန်ပစ်အားကစားနည်း စခန်းသွင်းလေ့ကျင့်နေမှုအား လည်းကောင်း သွားရောက်ကြည့်ရှုအားပေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွက် အကောင်းဆုံး အောင်မြင်မှုများရရှိနိုင်ရေး ကြိုးစားယှဉ်ပြိုင်လိုစိတ် ပြင်းပြစွာ ရေကုန်ရေခန်းအစွမ်းကုန် လေ့ကျင့်သွားကြရန်နှင့် ကျန်းမာရေး အထူးဂရုစိုက်နေထိုင်ကြရန် မှာကြားပြီး အားကစားသမားများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဒီဇင်ဘာလတွင်ကျင်းပမည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစား ပွဲတော်၌ အားကစားနည်း ၂၄ မျိုးတွင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်းအားကစားသမား ၄၅၅ ဦး ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။