ဝက်စ်ဘရွန်းအသင်းသည် အသင်းနည်းပြဘီလစ်ကို ဒီဇင်ဘာ ၁၆ ရက်က ရာထူးမှထုတ်ပယ်လိုက်ပြီးနောက် အင်္ဂလန်လက်ရွေးစင် အသင်းနည်းပြဟောင်း ဆမ်အလာဒိုက်စ်ကို နည်းပြသစ်အဖြစ် ရာသီကုန်ချိန်အထိ ကာလတို စာချုပ်ဖြင့် အစားထိုးခန့်အပ်လိုက်သည်။ အသက် ၆၆ နှစ်ရှိပြီဖြစ်သော ဆမ်အလာဒိုက်စ်သည် ဝက်စ်ဘရွန်းအသင်းမှ ဆက်သွယ်ချိန်တွင် မိသားစုနှင့် ဒူဘိုင်းသို့ အားလပ်ရက် အပန်းဖြေခရီးထွက်နေချိန် ဖြစ်သော်လည်း အင်္ဂလန်သို့ ချက်ချင်းပြန်လာကာ ဝက်စ်ဘရွန်းနည်းပြရာထူးကို လက်ခံလိုက်ခြင်းလည်း ဖြစ်သည်။
ဝက်စ်ဘရွန်းအသင်းသည် လက်ရှိတွင် ပရီးမီးယားလိဂ်အဆင့် (၁၉) နေရာ ရောက်နေသည့်အတွက် နည်းပြ သက်တမ်းတစ်လျှောက် တန်းဆင်းရသောအဖြစ် မကြုံဖူးသည့် ဝါရင့်နည်းပြ ဆမ်အလာဒိုက်စ်ကို ရာသီကုန်အထိ ကာလတိုစာချုပ်ဖြင့် ခေါ်ယူလိုက်ခြင်းဖြစ်ကာ တန်းဆင်းဇုန်မှ လွတ်မြောက်နိုင်ခဲ့လျှင် အပိုဆုကြေး ပေါင်နှစ်သန်း ပေးမည် ဟူသော သဘောတူညီချက်လည်း ရယူနိုင်ခဲ့သည်။ ဆမ်အလာဒိုက်စ်အနေဖြင့် ရာသီကုန်လျှင် နောက်ထပ် ၁၂ လစာချုပ် သက်တမ်းတိုးခွင့်ကိုပါ ထည့်သွင်းသဘောတူထားကြောင်း သိရသည်။
ဆမ်အလာဒိုက်စ်သည် သမိုင်းတစ်လျှောက်တွင် ဒါဘီပြိုင်ဘက်များဖြစ် သော ဆန်းဒါးလန်းနှင့် နယူးကာဆယ်နှစ်သင်း စလုံးကို နည်းပြဖူးသည့် တစ်ဦးတည်းသော နည်းပြဖြစ်ပြီး ၂၀၁၆ ခုနှစ်က ဆန်းဒါးလန်းကို တန်းဆင်းရမည့် အရေးမှ ကယ်တင်နိုင်ခဲ့သူလည်းဖြစ်သည်။ ဆမ်အလာဒိုက်စ်သည် နည်းပြအဖြစ် အဲဗာတန်အသင်းကို နောက်ဆုံးတာဝန်ယူခဲ့ပြီး ၂၀၁၈ ခုနှစ်က အဲဗာတန်နည်းပြအဖြစ်မှ ထုတ်ပယ်ခံရပြီးနောက် နည်းပြအလုပ်မှ နားထားသူ ဖြစ်သည်။
ဆမ်အလာဒိုက်စ်သည် ပရီးမီးယားလိဂ်အသင်းများ၏ နည်းပြအဖြစ် ရှစ်ကြိမ်မြောက် အလုပ်လက်ခံ ရရှိခြင်းလည်း ဖြစ်သည်။
Ref:Dailymail