လီဗာပူးခံစစ်ဇုန်အတွင်း စပါးအသင်း ၁၉ ကြိမ်သာ ဘောလုံးထိချက် လုပ်ဆောင်နိုင်စပါးအသင်းသည် ဒီဇင်ဘာ ၁၆ ရက် ညက လီဗာပူးကွင်းသို့ သွားကစားရသည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ တစ်ဂိုးစီသရေ ကျရန်နီးစပ်ခဲ့ပြီးမှ ပွဲချိန် ၈၉ မိနစ်တွင် လီဗာပူးအတွက် ဖာမင်နိုက ခေါင်းတိုက်အနိုင်ဂိုး သွင်းယူခဲ့ရာ ပွဲအပြီး ကွင်းစည်းအစပ်၌ စပါးနည်းပြ မော်ရင်ဟိုသည် လီဗာပူးနည်းပြကလော့ထံသွားပြီး အကောင်းဆုံးအသင်း ရှုံးခဲ့ရကြောင်းနှင့် ရလဒ်သည် မျှတမှု မရှိကြောင်း ပြောသည်။
ထိုပွဲစဉ်တစ်လျှောက် လီဗာပူးနည်းပြ ဂျာဂန်ကလော့သည် ထုံးစံအတိုင်း ကွင်းစည်းအစပ်၌ စိတ်ခံစားချက်ပြင်းပြစွာ အော်ဟစ်ခြင်း၊ ကိုယ်ဟန်အမူအရာ အမျိုးမျိုးပြသခြင်းနှင့် စတုတ္ထဒိုင်ကို စောဒက တက်ခြင်းများရှိခဲ့သည့်အတွက် မော်ရင်ဟိုက ရှုံးသွားစဉ် ခံစားရသည်ကို သွားပြောခဲ့ခြင်း ဖြစ်ကြောင်း ပွဲအပြီး သတင်းစာရှင်းလင်းပွဲ၌ ပြန်လည် ပြောဆိုခဲ့သည်။
မော်ရင်ဟိုက အကောင်းဆုံးအသင်း ရှုံးခဲ့ရတယ်လို့ သူ့ကိုသွားပြောခဲ့တာပါ။ ဒါကို သူ့ဘက်က လက်မခံနိုင်တာကတော့ သူ့အမြင်ပဲလေဟု ပြောသည်။
ထိုပွဲတွင် ဒုတိယပိုင်း၌ စပါးဘက်မှ ဘာ့ဂ်ဝင်း အခွင့်အရေးကောင်း နှစ်ကြိမ်ဂိုး ကန်သွင်းခွင့်ရရှိပြီး တစ်ကြိမ်သာဂိုးပေါက် တည့်ကာ ဂိုးမဝင်ခဲ့သကဲ့သို့ ဟယ်ရီကိန်း သည်လည်း လူကပ်ထားခြင်း မရှိသော အနေအထားတွင် ဂိုးနှင့်ခြောက်ကိုက် အကွာမှ အပိုင်ခေါင်းတိုက်ခွင့်ရခြင်းကို ဂိုးမဝင်ခဲ့၍ မော်ရင်ဟိုက အနိုင်နှင့်ထိုက်တန်ပြီး အနည်းဆုံးသရေရလဒ် ရသင့်ကြောင်း ပြောသည်။
မော်ရင်ဟိုက သရေဆိုတဲ့ရလဒ်ကတောင် ကျွန်တော်တို့အတွက် နစ်နာစေပါလိမ့်မယ်။ နိုင်လောက်တဲ့အခွင့်အရေး တွေရခဲ့တယ်။ အခုတော့ တစ်မှတ်မှမရ ခဲ့လို့ ဝမ်းနည်းရတာပါဟု ပြောသည်။
ယင်းပွဲတွင် လီဗာပူးသည် စပါးအသင်း ခံစစ်ဇုန်အတွင်း ဘောလုံးထိချက် ၂၀၀ ကျော် ပြုလုပ်နိုင်ခဲ့ကာ စပါးဘက်မှ လီဗာပူး ခံစစ်ဇုန်အတွင်း ဘောလုံးထိချက် ၁၉ ချက်သာ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
Ref:Dailymail