ကျား မတန်းတူညီမျှရေး အမျိုးသမီးများတွင် မြှုပ်နှံပေး
လူတိုင်းအခြေခံကျား၊ မတန်းတူညီမျှရေးကို ပိုမိုတန်ဖိုးထား လေးစားသင့်ပေသည်။ ကျား၊ မတန်းတူညီမျှ ရေးသည် ကမ္ဘာတစ်ဝန်းလုံးနှင့် သက်ဆိုင်သည်။ လူသားတစ်ဦး၏ ရပိုင်ခွင့်ကို အခြေခံထားသည့် မိမိ၏ ထင်မြင်ချက်၊ သုံးသပ်ချက်များကို လွတ်လပ်စွာ ဖော်ထုတ်ခွင့်၊ မိမိ၏ ကိုယ်ပိုင်အတွေးအမြင်ဖြင့် ရေးသားသည့် အရေးအသားများကိုလည်း အများပြည်သူသို့ ချပြခွင့်ဆိုင်ရာ အခွင့်အရေးများ ပါဝင်သည်။ အမြင်ချင်းမတူညီနိုင်သော်လည်း လူ့အခွင့်အရေးရှုထောင့်အရ သူ့အမြင်ကိုယ့်အမြင်ကို အပြန်အလှန် လေးစားတန်ဖိုးထားရမည့် သဘောတရားများဖြစ်သည်။ ဆင်းရဲချမ်းသာ အလွှာကွာခြားသည့်တိုင် အခြေခံကျသော လူ့အခွင့်အရေးစည်းကို မည်သူမျှ မချိုးဖောက်မှသာ ကောင်းမွန်သော လူ့အဖွဲ့အစည်း တစ်ရပ်ဖြစ်ပေါ်နိုင်ပြီး အပြန်အလှန်လေးစားစိတ်ဖြင့် လူ့အခွင့်အရေးမဏ္ဍိုင်ကို ပိုမိုတည့်မတ်အောင် စိုက်ထူသွားကြရမည် ဖြစ်သည်။
မျက်မှောက်ခေတ်တွင် ကြုံတွေ့နေကြရသည့် လုပ်ငန်းနယ်ပယ်အသီးသီးရှိ အခက်အခဲများသည် ကျား၊ မတန်းတူညီမျှမှုကို အခြေခံလျက်ရှိပြီး လူ့အဖွဲ့အစည်းများကို အကျိုးပြုဆောင်ရွက်နိုင်မည့် အမျိုးသမီး များ၏ စွမ်းရည် သို့မဟုတ် မြင့်မားသော ဂုဏ်သတင်းကို ဖော်ထုတ်ရမည်ဖြစ်သည်။ အမျိုးသမီးများ၏ တိုးတက်မှုကို အသိအမှတ်ပြုကြရမည် ဖြစ်သည်။ လူတိုင်းတွင် တာဝန်ယူမှု၊ တာဝန်ခံမှု အရည်အချင်း ကိုယ်စီတည်ရှိနေခြင်းကြောင့် ကျား၊ မ တန်းတူ ပေါင်းစည်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုကို ထိရောက်စွာ ဖော်ဆောင်နိုင်စေသည်။ “ကျား၊ မတန်းတူအခွင့်အရေးရရှိရေး” ကြွေးကြော်သံနှင့်အတူ ချီတက်လာသည့် အမျိုးသမီးထု၏ဆန္ဒကို အလေးထား၍ တူညီသောပြုပြင်ပြောင်းလဲမှုဖြင့် နိုင်ငံတည် ဆောက်ရမည်ဖြစ်ပါသည်။
အမျိုးသမီးများသည် လုပ်ငန်းနယ်ပယ် အသီးသီးတွင် ပူးပေါင်းပါဝင်နိုင်သည့် အရည်အချင်း ကိုယ်စီ ရှိကြသည်။ ဝန်ကြီးချုပ်၊ ပါတီခေါင်းဆောင်၊ မန်နေဂျာ၊ လုပ်သားဘဝပုံစံမျိုးစုံဖြင့် ကမ္ဘာကြီးကို အကျိုးပြု နေမည့် လူသားများလည်း ဖြစ်ကြပါသည်။ အမျိုးသမီးများ၏ အကြံဉာဏ်များကိုလည်း ရယူနိုင်သည်။
စီးပွားရေးလုပ်ငန်းများ ထူထောင်ပြီး အမျိုးသမီးနှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင်သည်။ အမျိုးသမီး ဝန်ထမ်းများကို အမျိုးသားဝန်ထမ်းများနည်းတူ အလုပ်ခန့်ထားပေးခြင်း၊ ရာထူးတိုးမြှင့်ပေးခြင်းများ ပြုလုပ်ပေးနိုင်သည်။ အမျိုးသမီးများကို စီးပွားရေးစွမ်းဆောင်နိုင်မှု၏ အရေးပါသော ထောက်ခံ အားပေးသူများအဖြစ် ကြိုဆိုလက်ခံပြီး နိုင်ငံရေး၊ စီးပွားရေးအရ ယှဉ်ပြိုင်နိုင်စွမ်းအားကို မြှင့်တင်ပေး ရေး၊ သာတူညီမျှရှိသော လူ့အဖွဲ့အစည်းများ တည်ဆောက်ရေး နယ်ပယ်အသီးသီးပါဝင်ရန် ဖိတ်ခေါ် ရမည်ဖြစ်သည်။
အမျိုးသမီးများ စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ရေး အတားအဆီးများ ကိုင်တွယ်ဖြေရှင်းပေးခြင်း၊ ဆန်းသစ် တီထွင်နိုင်စွမ်းရှိသည့် အမျိုးသမီးများ၏ စွမ်းဆောင်မှုကို လမ်းဖွင့်ပေးခြင်းလုပ်ငန်းများကို အသိအမှတ်ပြု ဆောင်ရွက်ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြှင့်တင်ပေးရမည်ဖြစ်သည်။ လူမှုအသိုင်း အဝိုင်းတွင် သဘောထားအမြင်နှင့်အပြုအမူများ ပြောင်းလဲခြင်းကို လက်ခံကျင့်သုံးပြီး ပိုမိုကောင်းမွန် သော ရင်းနှီးမြှုပ်နှံမှုကို ဖြစ်စေနိုင်သည်။ အမျိုးသမီးများဦးဆောင်သည့် လုပ်ငန်းနယ်ပယ်များ ဟန်ချက်ညီညီ ဖွံ့ဖြိုးလာရေး MSME လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ ပေးသင့်ပေသည်။ အဆိုပါ လုပ်ငန်း များတွင် ရင်းနှီးမြှုပ်နှံမှု ငွေကြေးပမာဏ ခိုင်မာရန်လိုအပ်ပြီး လုပ်ငန်းတစ်ခုနှင့်တစ်ခု ငွေကြေးပမာဏ ကွာဟခြင်းသည် စီးပွားရေးအရ စွန့်ဦးတီထွင်မှုကို အတားအဆီးဖြစ်စေသည်။
နိုင်ငံတစ်နိုင်ငံ ဟန်ချက်ညီဖွံ့ဖြိုး တိုးတက်ရေးတွင် ရင်းနှီးမြှုပ်နှံမှုသည် အရေးပါလှပေသည်။ MSME လုပ်ငန်းများ အောင်မြင်မှုသည် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်သဖြင့် မိသားစုဝင်ငွေ တိုးပွားစေနိုင်သည်။ ခိုင်မာအားကောင်းသော စီးပွားရေးအဝန်းအဝိုင်းတွင် အမျိုးသမီး များကို ကိုယ်စားပြုသည့် အလုပ်အကိုင်များစွာ တည်ရှိပေသည်။ ငွေကြေးရင်းနှီးမြှုပ်နှံမှုအရ အမျိုးသမီး များ၏ စွန့်ဦးတီထွင်မှုကို ပံ့ပိုးကူညီပေးသင့်သည်။ ပိုမိုကောင်းမွန်သည့် စီးပွားရေးစျေးကွက်များ၊ အပြန်အလှန်အားဖြင့် ရင်းနှီးမြှုပ်နှံမှုများ၊ ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာများ ကျယ်ပြန့်စွာ အကျိုးသက် ရောက်မှု၏ နောက်ကွယ်တွင် တိုးတက်မှုကို အထင်းသား တွေ့ရှိနိုင်သည်။ ထုတ်ကုန်များ၏ အရည် အသွေးသည် ရင်းနှီးမြှုပ်နှံသူ၊ ထုတ်ကုန်များအပေါ် ယုံကြည်သူနှင့် လုပ်သားအင်အား အချိုးကျ ပူးပေါင်းပါဝင်မှု ဖြစ်ပါသည်။
အကျိုးမဖြစ်ထွန်းသည့် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လူနှင့်ငွေကြေးပံ့ပိုးမှုသည် လွန်စွာအရေးပါ သည်ကို တွေ့ရှိရသည်။ လုပ်ငန်းမတိုးတက်ခြင်း၏ အခြေအနေ၊ အချိန်အခါကို တွက်ချက်ဆောင်ရွက်ပြီး ကုစားနိုင်သည့် နည်းလမ်းများကို အသုံးပြုပြီး ယုံကြည်မှု တည်ဆောက်ရပေမည်။ စီးပွားရေးဆိုင်ရာ အတားအဆီးများသည် ရင်းနှီးမြှုပ်နှံသည့် စနစ်ကို အားပျော့စေသည်။ စနစ်ကောင်းနှင့်ခေတ်ကောင်းကို အရောက်သွားနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ အဆိုပါ ခရီးလမ်းလျှောက်လှမ်းရာတွင် ရင်းနှီးမြှုပ်နှံ သူများ၏ ယုံကြည်မှု၊ စီးပွားရေးဆိုင်ရာ ကျင့်ဝတ်များနှင့် လက်တွေ့ကျသော ပံ့ပိုးဆောင်ရွက်မှုများ လိုအပ်သည်။ စိတ်ဓာတ်အင်အားအရ သိမ်မွေ့အားကောင်းလှသည့် အမျိုးသမီးများတွင် ရင်းနှီး မြှုပ်နှံခြင်းသည် ကမ္ဘာက စိတ်ဝင်စားနေသော အကြောင်းအရာ တစ်ခုဖြစ်သည်။
အမျိုးသမီးများအား စီးပွားရေး လုပ်ပိုင်ခွင့်ပေးခြင်းသည် စွန့်ဦးတီထွင်မှုကို ပိုမိုအရေးသာစေသည်။ အမျိုးသမီး စွန့်ဦးတီထွင်သူများ ပိုမိုများပြားလာရေးစျေးကွက်၊ နည်းပညာ၊ အကျပ်အတည်း၊ စီးပွားရေး ဖွံ့ဖြိုးရန်လိုအပ်သော အထောက်အကူပြု အင်အားများဖြင့် ပေါင်းစပ်အဖြေရှာရမည် ဖြစ်သည်။ အလေးထား ဆောင်ရွက်ရမည့် အတားအဆီးများကို တစ်ခုချင်းဖယ်ရှားပြီး ပတ်ဝန်းကျင်ကောင်းကို ဖန်တီးကြရမည် ဖြစ်သည်။ အငယ်စား စီးပွားရေးလုပ်ငန်းများမှ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအဖြစ် အောင်မြင်တိုးတက်စေရန် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးပြီး အမျိုးသမီးများတွင် သက်ရောက်နေသည့် စိန်ခေါ်မှုများကို ဖြေရှင်းပေးရမည်ဖြစ်သည်။
အလားတူ အမျိုးသမီးအရေးမနှေး အမြန်ကြိုးပမ်းဆောင်ရွက်ရာတွင် အမျိုးသမီးများ၏ အသံသည် အဓိက ဖြစ်သည်။ အမျိုးသမီးများ၏ ကြိုးပမ်းမှုဖြင့် အရွေ့တစ်ခုဖြစ်အောင် ကြိုးစားရမည်ဖြစ်ပါသည်။ သို့မှသာ ကျား၊ မ တန်းတူညီမျှမှုနှင့်အတူ စီးပွားရေးအရ အလေးဂရုပြုမှုကို ခံစားရမည်ဖြစ်သည်။ ဥပဒေဖြင့်လည်း ကာကွယ်သွားနိုင်သည်။ ထိရောက် ကောင်းမွန်သည့် ခေါင်းဆောင်မှုနှင့် ပေါင်းစပ် ဆောင်ရွက်မှု အချိုးညီမျှရှိပါလျှင် တစ်စထက်တစ်စ အခွင့်အလမ်းများ ပေါ်ပေါက်လာနိုင်သည်။ မိသားစု တာဝန်နှင့် လုပ်ငန်းရှင်တာဝန်ကို စီမံခန့်ခွဲနိုင်စွမ်းရှိသည့် အမျိုးသမီးများ၏ အခွင့်အရေး ပီပြင်အောင် ဖော်ဆောင်ပေးခြင်းသည် အမျိုးသမီးစွန့်ဦးတီထွင်သူများ ဖြစ်ပေါ်ရေး လုပ်ငန်း စတင် လည်ပတ်ခြင်း၊ အားကောင်းလာအောင် ဆောင်ရွက်ခြင်း၊ လုပ်ငန်းချဲ့ထွင်ခြင်းများသည် စီးပွားရေး ဆိုင်ရာအခွင့်အလမ်းများ တိုးပွားစေမည့် လမ်းစတစ်ခုဖြစ်သည်။
အမျိုးသမီးများ၏ လုံခြုံမှုနှင့် စီးပွားရေးလုပ်ငန်းများတွင် လွတ်လပ်စွာပါဝင်နိုင်ရေး ရင်းနှီးမြှုပ်နှံမှုသည် အရှိန်အဟုန်ဖြင့်တိုးတက်ရေးကို အထောက်အကူပြုပြီး အမျိုးသမီးများ၏ စွမ်းဆောင်နိုင်မှု အခန်း ကဏ္ဍကို ရုပ်လုံးပေါ်လွင်စေသည်။ ဆင်းရဲမှုပပျောက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် အကောင်းဆုံးသော ရင်းနှီးမြှုပ်နှံမှုမှာ အမျိုးသမီးများတွင် ရင်းနှီးမြှုပ်နှံခြင်းပင်ဖြစ်ပါသည်။ အမျိုးသမီး များ၏ ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်း၊ ငွေကြေးအရင်းအနှီးနှင့်အခြားသော အရင်းအနှီးများစွာ တန်းတူညီမျှ လက်လှမ်းမီရရှိမှုသည် စွန့်ဦးတီထွင်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်စေနိုင်သည်။ နိုင်ငံတော်မှ အားပေးဆောင်ရွက်လျက်ရှိသည့် MSME လုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ဆောင် ရွက်ခြင်းသည် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မှုနှင့်အတူ ကောင်းမွန်သော ပတ်ဝန်းကျင် တစ်ရပ်ကို ဖြစ်ပေါ်စေနိုင်သည်။
ယနေ့ကမ္ဘာကြီးသည် လူသားတို့၏ ဦးနှောက်စွမ်းရည်ကို အမှီသဟဲပြု၍ ပိုမိုကောင်းမွန်သော ကမ္ဘာ့ပတ်ဝန်းကျင်တစ်ခု ဖော်ဆောင်နေချိန်ဖြစ်သည်။ သိပ္ပံပညာရပ်နှင့်ဆန်းသစ်တီထွင်မှု၊ နည်းပညာ ထုတ်လုပ်မှု အခန်းကဏ္ဍများတွင် အမျိုးသမီးများ၏ ပါဝင်နိုင်စွမ်းအားကိုတွေ့ရှိရပြီး အမျိုးသားများ နည်းတူ အမျိုးသမီးများ၏ အရေးပါမှုကို နားလည်သိရှိနိုင်ပေသည်။ အလားတူ စီးပွားရေး နယ်ပယ်များတွင်လည်း အမျိုးသမီးများ၏ ပါဝင်မှုကို မကန့်သတ်ဘဲ ခေါင်းဆောင်မှုစွမ်းရည်၊ အသုံးချခွင့်နှင့် စီးပွားရေးအခွင့်အလမ်းများ လမ်းဖွင့်ကြိုဆိုချိန်တန်ပြီ ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံသည် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာမူဝါဒများ ချမှတ်အကောင်အထည်ဖော်ရာတွင် ကျား၊ မရေးရာတန်းတူညီမှုနှင့် အမျိုးသမီးများ၏ အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်း ဆောင်ရွက်မှသာ သာယာလှပသည့် လူမှုပတ်ဝန်းကျင်ကို တည်ဆောက်နိုင်မည် ဖြစ်သည်။ လက်တစ် ချောင်းချင်းစီဖြင့် ဝန်နှင့်အားမျှတအောင် မဆောင်ရွက်နိုင်ပေ။ လက်တစ်ဖက်၏ ဝန်နှင့်အားသည် လက်ချောင်းအားလုံးတွင် တည်ရှိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှအခွင့်အရေးနှင့် ဥပဒေ၏ အကာအကွယ်ရယူပိုင်ခွင့်ပြုထားသဖြင့် အမျိုးသမီးများသည် အိမ်ထောင် တာဝန်ထိန်းသိမ်းပေးသူ၊ သားသမီးများ၏ မိခင်အဖြစ်ရှုမြင်ခြင်းအစား သာလွန်ပြည့်ဝ အနာဂတ်လှဖို့ အမျိုးသားများနည်းတူ ခွဲခြားတားဆီးခြင်း ကင်းဝေးစွာ နေထိုင်နိုင်ရေး အသိအမှတ်ပြုပေးရမည် ဖြစ်သည်။
သို့ဖြစ်၍ အမျိုးသမီးများ၏ ဘဝတိုးတက်မြင့်မားရေး နည်းပညာဆန်းသစ်မှုဖြင့် အဖြေရှာခြင်း၊ အမျိုးသမီးထု၏ အသံကိုနားစွင့်ခြင်း၊ အမျိုးသမီးများ၏ ပါဝင်ဆောင်ရွက်မှုကို ကြိုဆိုလက်ခံခြင်းဆိုင်ရာ အပြုသဘောဆောင်သည့် လုပ်ငန်းစဉ်များ တစ်ဆင့်ချင်း လက်ခံကျင့်သုံးလျက် လူ့အခွင့်အရေး၏ အနှစ်သာရကို ပီပြင်စွာဖော်ဆောင်ရမည်ဖြစ်သည်။ လှပသော လူ့ဘောင် အနာဂတ်တစ်ခု ကိုယ်တိုင် ပါဝင်တည်ဆောက်ရာတွင် ကျား၊ မတန်းတူညီမျှရေး အမျိုးသမီးများတွင် မြှုပ်နှံပေးဟူသော ကြွေးကြော်သံနှင့်အတူ ကဏ္ဍစုံဖွံ့ဖြိုးရေး အမျိုးသမီးများ အခွင့်အရေးအားလုံး ပါဝင်ဖော်ဆောင်ပေး ရမည်ဖြစ်ပါကြောင်း ယုံကြည်စွာ ရေးသားလိုက်ရပါသည်။ ။
ထက်ဝေအောင်(စစ်ကိုင်း)