တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များဖမ်းဆီးရမိ
နေပြည်တော် မတ် ၅
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ်လ ၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လေဆိပ်(သွင်းကုန်)၌ ဝန်စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် DJI Drone Mavic Air (Used) (၁)လုံး၊ Yun Yan Fitter စီးကရက် (၄)တောင့်၊ ကျောက်စိမ်းဟုယူဆရသော ရေနွေး ကရား (၁)စုံ အပါအဝင် ကုန်ပစ္စည်း(၆)မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၁၀၀၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မတ်လ ၃ ရက်တွင် မွန်ပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇာသပြင်တံတားအနီး၌ ဇာသပြင်ဘက်မှ မော်လမြိုင်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၂)စီးပေါ်မှ တရားဝင် စာရွက် စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် ပုစွန်တစ်ကောင် စားဆီ (၁၈)လီတာပါ ပုံး (၂၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၈၀၀၀၀၀)၊ M1-150 အားဖြည့်အချိုရည် ပုလင်း (၁၅၀၀၀) (ခန့်မှန်း တန်ဖိုး ငွေကျပ် ၉၀၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter (၂)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈၈၀၀၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မတ်လ ၄ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကလေးဝမြို့နယ်၌ လိုင်စင်မဲ့ Jialing Super Cub မော်တော်ဆိုင်ကယ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀) နှင့် စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Suzuki Carry မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀)တို့ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်း ကောင်း၊ တမူးမြို့၊ စော်ဘွားရပ်ကွက်၌ တရားမဝင်ကျွန်းသစ်(၁ ဒသမ ၁၆၄)တန်၊ အခြားသစ် (၃ ဒသမ ၅၄၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၉၉၉၉၆)ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၄၄၉၉၉၆) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက် လျက်ရှိသည်။
ထို့ပြင် မတ်လ ၄ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ရာတွင် မြစ်ကြီးနားမြို့၌ မလိခ ကျေးရွာမှ နန်းကွေ့ကျေးရွာသို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက် စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် အမိုနီယမ်နိုက်ထရိတ် ကီလိုဂရမ် (၁၀၅၀) (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၅၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် SO JEN Truck (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၀၅၀၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မတ်လ ၄ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဘားအံမြို့၊ ကမော့ကစင် ကျေးရွာအနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီး ပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့်ကွဲလွဲစွာပါရှိလာသည့် Lipovitan-D အားဖြည့် အချိုရည် ပုလင်း (၇၅၀၀)၊ Sponsor အားဖြည့်အချိုရည် (၁၃၂၀၀)ဘူး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၇၀၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀)ကိုလည်းကောင်း၊ အိန္ဒု-ဇာသပြင်လမ်းကြောင်း၊ အိန္ဒု ကျေးရွာအနီး၌ မြဝတီမြို့မှ မော်လမြိုင်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက် စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ပုစွန်တစ်ကောင်စားဆီ (၁၈)လီတာ ပါ ပုံး (၁၀၀)၊ ပုစွန်နှစ်ကောင်စားဆီ (၂)လီတာပါ (၇၈၀)ဘူး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၀၀၀၀၀)၊ Lactasoy ပဲနို့ (၁၂၀၀၀)ဘူး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၉၀၄၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မတ်လ ၄ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (၉ ဒသမ ၄၉၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၃၄၃၄၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ မတ်လ ၃ ရက်နှင့် ၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၀)မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀၆၉၃၄၃၃၆)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။
(သတင်းစဉ်)