မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ် အသင်းသည် ပြည်ပနည်းပြချုပ်တစ်ဦးကို လာမည့်နှစ်ဆန်းပိုင်းတွင် ပြန်လည်ခန့်အပ်နိုင်ရန် ကြိုးပမ်းနေကြောင်း ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် မူလက နယ်သာလန်နိုင်ငံသား ဗစ်တာဟာမန်းကို လက်ရွေးစင်ဖူဆယ်အသင်း နည်းပြချုပ်အဖြစ် ခန့်အပ်ရန် မေလကတည်းက အကြိုသဘောတူညီမှု ရရှိထားပြီး ဖြစ်သည်။
သို့သော် ဗစ်တာဟာမန်းသည် ဖိလစ်ပိုင်လက်ရွေးစင်ဖူဆယ် အသင်းတွင် နည်းစနစ်အကြံပေးအဖြစ် တာဝန်ယူနေ သည့်အတွက် ၎င်းအစား အသစ်ပြန်လည် ခန့်အပ်ရန်စီစဉ်ခြင်း ဖြစ်သည်။
ထို့ကြောင့် ပြီးခဲ့သည့်ရက်ပိုင်းက ကျင်းပ ခဲ့သည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အစည်းအဝေး၌ ဖူဆယ်လက်ရွေးစင်နည်းပြချုပ် ပြန်လည်ခန့်အပ်နိုင်ရေး ထည့်သွင်းဆွေးနွေးခဲ့သည်။
ပြည်ပနည်းပြချုပ်တစ်ဦးကို ပြန်ခန့်ဖို့ ရှာဖွေပါမယ်။ နည်းပြချုပ်သစ်ကို လာမယ့် နှစ် နှစ်ဆန်းပိုင်းလောက်ခန့်အပ်နိုင်ဖို့ မျှော်မှန်းထားပါတယ်။ ပြည်ပနည်းပြချုပ်ကို ထိုင်းလိဂ်က ဖူဆယ်ကလပ်အသင်းတွေ ကနေ သင့်တော်မယ့် နည်းပြချုပ်တစ်ဦးကို စောင့်ကြည့်ပြီး ရွေးချယ်ဖို့တော့ လျာထားပါတယ်ဟု ၎င်းကပြောသည်။
မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းကို ပြည်ပနည်းပြအဖြစ် ၂၀၁၉ ခုနှစ်က အီရန်နိုင်ငံသား နည်းပြရီဇာက တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး ၎င်းနောက်တွင် ပြည်တွင်းနည်းပြ ဦးဌေးမြင့်က နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့သည်။
ကိုရဲ