မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း လာမည့်နှစ် ဇန်နဝါရီလတွင် စတင်လေ့ကျင့်ရန် စီစဉ်ထား

မြန်မာ့လက်ရွေးစင်အမျိုးသမီး ဘောလုံး အသင်းသည်  လာမည့်နှစ်  နိုင်ငံတကာ ပြိုင်ပွဲများအတွက် ၂၀၂၁ ခုနှစ် ဇန်နဝါရီ လတွင် စတင်လေ့ကျင့်ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း သည် ၂၀၂၁ ခုနှစ်တွင် နိုင်ငံတကာပြိုင်ပွဲ များအဖြစ် အာရှဖလား အမျိုးသမီးခြေစစ် ပွဲ၊  အာဆီယံအမျိုးသမီးပြိုင်ပွဲနှင့်   အရှေ့တောင် အာရှအားကစားပြိုင်ပွဲ  (ဆီးဂိမ်း)တို့     ဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်ပြီး လေ့ကျင့်မှုများ ပြုလုပ်ရန် ပဏာမကစား သမား  ၂၅ ဦးကျော်ဖြင့် ဖွဲ့စည်းရန်လျာထားကြောင်း သိရသည်။

လာမယ့်နှစ်  ဇန်နဝါရီလမှာ  စတင်လေ့ကျင့်ဖို့ နည်းပြချုပ်က စီစဉ်နေပါတယ်။   အသင်းက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ကတည်းက   မလေ့ကျင့် ဖြစ်တာဆိုတော့ တစ်နှစ်နီးပါးရှိနေပြီ။   မြန်မာ့လက်ရွေးစင်အမျိုး သမီးအသင်း အတွက် လာမယ့်နှစ် နိုင်ငံတကာပွဲတွေက   သြဂုတ်လလောက်ဆို စပြိုင်ရမှာပါ။  ဒါကြောင့်  နည်းပြချုပ်က  ကြိုတင်ပြင်ဆင်ဖို့ စီစဉ်တာဖြစ်ပြီး  ကြံ့ခိုင်မှုကို  ဦးစားပေးလုပ်ဖို့ လျာထားပါတယ်ဟု ၎င်းကပြောသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ယှဉ်ပြိုင်မည့် ၂၀၂၁ အာဆီယံအမျိုးသမီး ပြိုင်ပွဲကို  လာမည့်နှစ် သြဂုတ်လ အတွင်း ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။

၂၀၂၂ အာရှဖလားအမျိုးသမီး ခြေစစ်ပွဲကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၃ ရက်မှ ၂၅ ရက်အထိ  ပြိုင်ပွဲဝင်အသင်းပေါင်း  ၃၅ သင်းကို အုပ်စုမဲခွဲ၍ ယှဉ်ပြိုင်ရန်လျာထားသည်။  ယင်းအဆင့်တွင် ခြေစစ်ပွဲ အောင်မြင်သည့် အသင်းများသည် ၂၀၂၂ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ ကျင်းပမည့် အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်တွင်  ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည် ဖြစ်သည်။

(၃၁)   ကြိမ်မြောက် ဆီးဂိမ်းကို  ၂၀၂၁ ခုနှစ်  နိုဝင်ဘာ ၂၁ ရက်မှ  ဒီဇင်ဘာ ၂ ရက်အထိ   ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၁၉ ခုနှစ်အတွင်း ကျင်းပခဲ့သည့် အာဆီယံ အမျိုးသမီးပြိုင်ပွဲနှင့်   ဖိလစ်ပိုင် ဆီးဂိမ်းတို့တွင် ကြေးတံဆိပ်ဆုများ ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။         

 ကိုရဲ