ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်အတွင်း ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ကလေးငယ်တစ်ဦးအား အမျိုးသားတစ်ဦးက ဓားဖြင့်ထောက်၍ အကြမ်းဖက်ခိုးယူလုယက်သူတစ်ဦးအား ဒေသခံပြည်သူ များနှင့်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ပူးပေါင်းမှုဖြင့် အချိန်တိုအတွင်း ဖမ်းဆီးရမိကြောင်း မြစ်ကြီးနားမြို့ နယ်မြေရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ်ကျော်ဇေယျထံမှ သိရသည်။
ဖြစ်တာက ရွှေညောင်ပင်ရပ်ကွက်နယ်မြေ(၁၁)မှာ ဒီမနက် ၉ နာရီလောက်က အသက် ၂၈ နှစ်အရွယ်ရှိတဲ့ အောင်ထွန်းနိုင်ဆိုတဲ့အမျိုးသားက တစ်ရပ်ကွက်တည်းနေ အသက်ခုနစ်နှစ်ရှိတဲ့ မောင်ဇာနည်အောင်ကို ဓားနဲ့ထောက်ပြီး ခေါ်ဆောင်တာပါ။ ဓားကတော့အရိုးအသွား ၉ လက်မလောက်ပဲရှိပါတယ်။ ကြက်သွန်လှီးတဲ့ စတီးဓားပါ။ လူက မူးနေတယ်။ မူးပြီးကြောင်တယ်လို့ပြောရမှာပါ။ ကျွန်တော်တို့ကို ဆက်သွယ်အကြောင်းကြားတော့ ရွှေညောင်ပင်ရပ်ကွက် ကနေ ကျွန်းပင်သာရပ်ကွက်မှာ လိုက်မိတယ်။ သုံးသပ်ချက်အရ မူးပြီး လုပ်မိလုပ်ရာ လုပ်တာပါ။
ကလေးမိဘတွေရော လက်လုပ်လက်စားတွေပါ။ ဘာအကြံအစည်မှရှိတာမဟုတ်ဘူး။ ပြည်သူနဲ့ရဲတပ်ဖွဲ့က ပူးပေါင်းပြီး လုံးထွေးဖမ်းမိခဲ့တာပါ။ ကလေးက ဘာဒဏ်ရာမှမရပါဘူးဟု ရဲအုပ်ကျော်ဇေယျက ပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ အောင်ထွန်းနိုင်အား မြစ်ကြီးနားနယ်မြေရဲတပ်ဖွဲ့စခန်းက (ပ)၃၉၀/ပြစ်မှုဥပဒေပုဒ်မ ၃၆၄/၁၉(င)ဖြင့် အမှုဖွင့်ထားကြောင်း မြစ်ကြီးနားနယ်မြေ ရဲတပ်ဖွဲ့စခန်းမှ သိရသည်။
မိုဃ်းကျ(မြစ်ကြီးနား)