ရန်ကုန်တိုင်းဒေသကြီးတွင် ကျောင်းသား၊ကျောင်းသူများ အတွက် ဥပဒေအသိပညာ ပြန့်ပွားရေးဆရာဖြစ် သင်တန်း ဖွင့်လှစ်သင်ကြား
ရန်ကုန် အောက်တိုဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီးတွင် Grade 11, Grade 12 တက်ရောက်နေသည့် ကျောင်းသား၊ကျောင်းသူများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးဆရာဖြစ် သင်တန်း(Training of Trainer) အမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အလုံမြို့နယ် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း သီရိရတနာခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအသိပညာ ပြန့်ပွားရေး ဆရာဖြစ်သင်တန်း ကျင်းပရေး ဦးစီးကော်မတီ နာယက တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူ ဆရာ၊ဆရာမများအတွက် ဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ရာ တိုင်းဒေသကြီးပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာချိုချိုမြတ်အောင် ကလက်ခံရယူသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဥပဒေချုပ် ဒေါ်ဖြူမာဝေက ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ရုံးက သင်တန်းဆရာများအဖြစ် ဆောင်ရွက်၍ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆရာ၊ ဆရာမများက သင်တန်းသားများအဖြစ် တက်ရောက်ပြီး ရရှိလာသော ဥပဒေအသိ ပညာများကို ကျောင်းသား၊ ကျောင်းသူများသို့ ထိရောက်စွာ ပြန်လည်သင်ကြား ပေးကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းအား သင်တန်းဌာန(၁)အဖြစ် စမ်းချောင်းမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောက်တံတား၊ အလုံ၊မရမ်းကုန်းနှင့် ကမာရွတ်ခရိုင်၊ သင်တန်းဌာန(၂)အဖြစ် သင်္ဃန်းကျွန်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း သုဝဏ္ဏတွင် သင်္ဃန်းကျွန်း၊ ဗိုလ်တထောင်၊ဒဂုံမြို့သစ်ခရိုင်၊ သင်တန်းဌာန(၃)အဖြစ် အင်းစိန်မြို့နယ် အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းတွင် တိုက်ကြီး၊လှည်းကူး၊ မှော်ဘီ၊ မင်္ဂလာဒုံနှင့် အင်းစိန်ခရိုင်၊ သင်တန်းဌာန(၄)အဖြစ် အလုံမြို့နယ် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းတွင် သန်လျင်နှင့် တွံတေးခရိုင်တို့ရှိ အခြေခံပညာကျောင်းမှ ၄၀၈ ဦး၊ ကိုယ်ပိုင်ကျောင်းများမှ ၁၉၉ ဦး၊ International School မှ ၆၄ ဦး စုစုပေါင်း ဆရာ၊ ဆရာမ ၆၇၁ ဦးအား ဥပဒေဘာသာရပ်များကို အောက်တိုဘာလ ၂၈ ရက်မှ နိုဝင်ဘာလ ၁၁ ရက်အထိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။