လီဗာပူးအသင်းက ယခုဘောလုံးရာသီအကုန်တွင် အသင်းမှ ထွက်ခွာဖွယ်ရှိနေသည့် ဆာလက်ချ်၏ နေရာ၌ ဖရန့်ဖတ်အသင်းမှ မာမွတ်နှင့် အစားထိုးရန်စီစဉ်
လန်ဒန် အောက်တိုဘာ ၂၈
ယခုဘောလုံးရာသီ အကုန်တွင် လီဗာပူးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးကာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် အသင်းမှ ထွက်ခွာဖွယ်ရှိနေသည့် တိုက်စစ်ကစားသမား ဆာလက်ချ်၏နေရာ၌ ဖရန့်ဖတ်အသင်း တိုက်စစ်ကစားသမား မာမွတ်နှင့်အစားထိုးရန် စီစဉ်နေကြောင်း သိရသည်။
ဆာလက်ချ်သည် ၂၀၁၇ ခုနှစ်က ရိုးမားအသင်းမှ လီဗာပူးအသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် အသင်းနှင့်အတူ ဘောလုံးရာသီတိုင်းတွင် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ကာ လီဗာပူးအသင်း ချန်ပီယံလိဂ်ဖလားနှင့် ပရီးမီးယားလိဂ်ဖလား အပါအဝင် ဆုဖလားများ ဆွတ်ခူးနိုင်ရာတွင် အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့သူဖြစ်သည်။
ထို့ပြင် ဆာလက်ချ်သည် လီဗာပူးအသင်းနှင့် ဆုဖလားများ ဆွတ်ခူးနိုင်သည့်အပြင် ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု၊ သွင်းဂိုးအများဆုံး ကစားသမားဆု စသည့်တစ်ဦးချင်းဆုများကို ဆွတ်ခူးနိုင်ခဲ့ကာ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ အကောင်းဆုံးတိုက်စစ် ကစားသမားများထဲတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ယခုဘောလုံးရာသီအကုန်တွင် လီဗာပူးအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။
ဆာလက်ချ်ကိုယ်တိုင်က ပြီးခဲ့သည့် အပြောင်းအရွှေ့ကာလများတွင် ဆော်ဒီကလပ်အသင်းများထံ ပြောင်းရွှေ့ကစားရန် ကြိုးပမ်းခဲ့ပြီး လက်ရှိအချိန်ထိလည်း အသင်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားခြင်းမရှိသေးဘဲ အလွတ်ပြောင်းရွှေ့ကြေးဖြင့် လမ်းခွဲဖွယ်ရှိနေသည်။
ဆာလက်ချ်နှင့် အီဂျစ်နိုင်ငံ အသင်းဖော်ဖြစ်သည့် မာမွတ်သည် ၂၀၂၃ ခုနှစ်က ဝုဖ်ဘတ်အသင်းမှ ဖရန့်ဖတ်အသင်းထံ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ကာ ပြီးခဲ့သည့် ဘောလုံးရာသီက အသင်းနှင့်အတူ ပထမဆုံး ဘောလုံးရာသီတွင်ပင် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ သွင်းဂိုး ၁၇ ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။
ယခုဘောလုံး ရာသီတွင်လည်း မာမွတ်သည် အသင်းနှင့် အကောင်းဆုံး ခြေစွမ်းပြလျက်ရှိကာ ပြိုင်ပွဲစုံ ၁၁ ပွဲကစားပြီးချိန်တွင် ၁၀ ဂိုးအထိ သွင်းယူနိုင်ခဲ့သည့်အတွက် လီဗာပူးအသင်းက ဆာလက်ချ်၏နေရာ၌ အစားထိုးရန် စီစဉ်နေကြောင်း သိရသည်။