အနာဂတ်ကို ပခုံးပြောင်းယူကြမည့်လူငယ်များ စာပေဖတ်ရှုကြစေလို

 

အနာဂတ်ကို ပခုံးပြောင်းယူကြမည့်လူငယ်များ စာပေဖတ်ရှုကြစေလို

 

    နိုင်ငံ၏ လူမှုရေးဦးတည်ချက် တတိယအချက်တွင်  “ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကိုမြှင့်တင် ဆောင်ရွက်ရေး” ဟူ၍ ချမှတ်ထားရှိပြီး   လူငယ်ပြုစုပျိုးထောင်ရေး လုပ်ငန်းများကို  တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်  ဆောင်ရွက်လျက်ရှိပါသည်။     လူငယ်ဘဝတွင် အနာဂတ်အတွက်    မျှော်လင့်ချက်များနှင့် အတူ အားမာန်နှင့်ပြည့်စုံခြင်း၊    နိုးကြားတက်ကြွခြင်း၊ သွက်လက်ဖျတ်လတ်ခြင်း၊ စူးစမ်းလိုခြင်းနှင့် စွန့်စားလိုစိတ်ရှိခြင်း၊ တီထွင်ဖန်တီးတတ်ခြင်း စသည့် အရည်အသွေးကောင်းများ ပေါ်လွင်ထင်ရှားစွာ ရှိနေကြရာ လူငယ်များအား ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန်ပြည့်စုံလာအောင် လေ့ကျင့်ပေးခြင်းဖြင့် နိုင်ငံ့အနာဂတ်အတွက် ကောင်းမွန်သည့် အင်အားစုများ ရရှိလာမည်ဖြစ်သည်။

လူငယ်ဆိုသည်မှာ လူ့ဘောင်အဖွဲ့အစည်း တစ်ခုတွင် အားကိုးအားထားပြုရသည့်   လူ့စွမ်းအားအရင်းအမြစ်များပင်ဖြစ်သည်။ ခေတ်စနစ်များမည်သို့ပင်  ဖြတ်သန်း ပြောင်းလဲနေသည်ဖြစ်စေ လူငယ်မျိုးဆက်သစ်များအနေဖြင့် အတွေးအခေါ်ပိုင်း၊ အတွေ့အကြုံပိုင်း၊  အရည်အသွေးနှင့် ကိုယ်စွမ်းကိုယ်စအပိုင်းများတွင် ထူးချွန်ထက်မြက်နေရန် လိုအပ်မည်ဖြစ်သည်။  ထိုသို့ဖြစ်ပေါ်လာစေရန် အတွက်   လူငယ်များ၏ကြိုးစား အားထုတ်မှုအခွင့်အလမ်းများနှင့် စွမ်းရည်မြှင့်တင်ရေး အပိုင်းများကို ဖွံ့ဖြိုးရေး လမ်းကြောင်းပေါ်တွင်  တစိုက်မတ်မတ် တည်ရှိနေအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။

လူငယ်လူရွယ်များသည် တိုင်းပြည်၏ အနာဂတ်အတွက် ခေါင်းဆောင်ကောင်းများဖြစ်ပြီး နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်းတာဝန် ထမ်းဆောင်ကြမည့်သူများဖြစ်သည်။ ထို့ကြောင့်  လူငယ်လူရွယ်များ၏ အကျင့်စာရိတ္တများ ကောင်းမွန်စေရေး၊ တိုင်းချစ်ပြည်ချစ်စိတ်များရှိပြီး   တိုင်းပြည်၏ဂုဏ်ကို မြှင့်တင်လိုစိတ်၊    အမျိုးဂုဏ်၊   ဇာတိဂုဏ်မြင့်မားတိုးတက်လိုသော စိတ်ဓာတ်များဖြစ်ပေါ်လာစေရေး စနစ်တကျ ပျိုးထောင်မွေးမြူလျက်ရှိသည်။ လူငယ်လူရွယ်များကို ဤသို့မြှင့်တင်ပေးနေခြင်းသည် အစိုးရတစ်ရပ်အတွက်   ဆောင်ရွက်နေခြင်းမဟုတ်ဘဲ  လူငယ်လူရွယ်များအနာဂတ်နှင့်    တိုင်းပြည်၏ အနာဂတ် ပိုမိုကောင်းမွန်ဖြစ်ထွန်းလာစေရေး အတွက် ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ပညာတတ်လူဦးရေ အလွန်နည်းပါးလျက်ရှိပြီး လူငယ်လူရွယ် ကျောင်းသားအများစုသည် မူလတန်းပြီးဆုံးချိန်တွင် ပညာသင်ကြားမှုကို စွန့်လွှတ်သွားခဲ့ပြီး   ကြုံရာကျပန်း လုပ်ကိုင်နေကြသဖြင့်   နိုင်ငံအနာဂတ်အတွက် ရင်လေးဖွယ်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ   နိုင်ငံအတွင်းရှိ    ပြည်သူများအနေဖြင့် အကြောင်းကြောင်းကြောင့် ပညာကိုပြီးဆုံးအောင် မသင်ကြားနိုင်ခဲ့သော အခြေအနေကို ဖြေရှင်းပေးနိုင်ရန်အတွက်    အလယ်တန်းပညာပြီးဆုံးအောင် သင်ကြားခဲ့သူများ    အသက်မွေးဝမ်းကျောင်းပညာ၊   အထက်တန်းပညာများ ဆက်လက်ဆည်းပူးနိုင်အောင် နိုင်ငံတော်က စီမံဆောင်ရွက်ပေးလျက်ရှိသည်။ ပညာမသင်ကြားနိုင်သော   လူငယ်အများစုအတွက် အသိပညာဗဟုသုတ ပညာရပ်များရရှိနိုင်သည့် အခွင့်အလမ်းဖြစ်သည့် စာကြည့်တိုက်များ တိုးချဲ့ဖွင့်လှစ်ပေးပြီး လူငယ်များစာဖတ်လိုစိတ် မြင့်မားလာရေးနှင့်   စာပေဖတ်ရှုလေ့လာနိုင်သည့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးဆောင်ရွက်ပေးလျက်ရှိသည်။

သုတ၊ ရသ စာပေရှာဖွေဖတ်ရှု

    စာတတ်ပါလျက်နှင့် စာမဖတ်သူတို့ များပြားနေခြင်းသည် ကာယကံရှင်နှင့် နိုင်ငံအတွက် ဆုံးရှုံးမှုတို့ကို ဖြစ်ပေါ်စေပါသည်။ စာတတ်ပါလျက်နှင့်စာမဖတ်ခြင်းက ကျောင်းနေ၍ ပညာသင်ကြားခဲ့ရခြင်း၏ အနက်အဓိပ္ပာယ်ကို    သေးသိမ်ကျဉ်းမြောင်းသွားစေပြီး  သေစာရှင်စာမျှသာ စာဖတ်သူအဖြစ် ရောက်ရှိသွားစေသည်။ စာပေတွင် ရသစာပေနှင့် သုတစာပေဟူ၍ရှိရာ   လူတို့၏နှလုံးသားအာဟာရ၊   ဦးနှောက် အာဟာရတို့အတွက် သုတ၊ ရသစာပေများကို ဖတ်ရှုကြရမည်ဖြစ်သည်။ ရသစာပေကို ဖတ်ရှုရသည့်အခါ စာပေ၏အစွမ်းကြောင့်     စာဖတ်သူသည်   မိမိပတ်ဝန်းကျင်နှင့် လောကကို သတိပြုလာစေပြီး ကြည့်တတ်၊ မြင်တတ်လာစေသည်။  ဘဝအောင်မြင်ရေး အတွက်  အရေးပါစေသည့် အရည်အသွေးများဖြစ်သော အီးကျူ ခေါ် စိတ်နှလုံးခံစားမှု အရည်အသွေး၊ စီကျူ ခေါ် မတူကွဲပြားသည့် ယဉ်ကျေးမှုများ၊ လူ့အဖွဲ့အစည်းအပေါ် နားလည်လက်ခံနိုင်စွမ်း ရှိသည့် အရည်အသွေး စသည်တို့သည် ရသစာပေကောင်းများကို ဖတ်ရှုရာမှရရှိစေသည်။  သုတစာပေကမူ အသိပညာဗဟုသုတတို့ တိုးပွားစေသည့် စာပေမျိုးဖြစ်ပြီး အသိအမြင်၊ အတွေးအခေါ်တို့ကို ကျယ်ပြန့်စေသည်။ စာပေမှရရှိသည့် ဘဝအတွေ့အကြုံတို့ကြောင့် ပိုမိုရင့်ကျက်သူဖြစ်စေသည်။ လူ့အဖွဲ့အစည်းတွင် ဉာဏ်ပညာ ဗဟုသုတပြည့်စုံသူ၊ စောင့်စည်းမှုရှိသူ၊ ရင့်ကျက်တည်ငြိမ်သူတို့မှာ ရှေ့တန်းမှ ဦးဆောင် တာဝန်ယူကြရမြဲဖြစ်သည်။ သို့ဖြစ်ရာ လူငယ်လူရွယ်များအနေဖြင့် အရွယ်အလျောက် သုတဖြစ်စေ၊ ရသဖြစ်စေ စာကောင်းပေမွန်တို့ကို စွဲစွဲမြဲမြဲဖတ်ရှုသည့် အလေ့အကျင့်ရှိရန်လိုအပ်သည်။

တိုးတက်လိုသူလူငယ်များအနေဖြင့် ငွေကြေး၊ အချိန်နှင့် အခြေအနေများမရှိကြသည့်တိုင် စာအုပ်စာပေများကို ကျားကုတ်ကျားခဲ ရှာဖွေဖတ်ရှုကြသည်ကို တွေ့ရှိရသည်။ စာဖတ်သည့် အလေ့အထဖြစ်လာရန်မှာ မိမိကိုယ်တိုင်၏ လိုချင်စိတ်အပေါ် မူတည်နေသည်ကို တွေ့ရှိရပါသည်။ စာဖတ်ခြင်းက စိတ်အာဟာရကို နှိုးဆော်ပေးစွမ်းသည်ဟု ဆိုလေ့ရှိကြသည်။ စိတ်အာဟာရဆိုသည်မှာ စိတ်ကောင်း၊ နှလုံးကောင်း၊ ကိုယ်ရည်ကိုယ်သွေးကောင်းနှင့် ရင့်ကျက်ကြံ့ခိုင်မှု ဆုလာဘ်တစ်မျိုးပင်ဖြစ်သည်။ စာကောင်းပေကောင်းများက  အယူအဆနှင့်လုပ်ရပ် အမှား၊ အမှန်ကို ဝေဖန်ခွဲခြားတတ်စေပြီး မှန်တာကိုလုပ်၊ မှားတာဆိုမလုပ်တတ်သည့် ရိုးသားခြင်းဟူသော ဂုဏ်ကိုလည်းပေးပါသည်။ မသိတာများသိရ၊ ပညာဗဟုသုတများရသဖြင့် အချင်းချင်းဆွေးနွေး၊ မေးမြန်း၊ ဖြေကြားရာတွင်လည်း မိမိကိုယ်မိမိ လူရာဝင်သလိုဖြစ် ကာ အပေါင်းအသင်းဆံ့ပြီး ယုံကြည်မှုကိုတိုးစေသည်။

တစ်ထောင့်တစ်နေရာမှအကျိုးပြု

လူငယ်များအဖို့အောင်မြင်သောဘဝ တက်လှမ်းနိုင်ရေးအတွက် အရေးပါသောအချက်မှာ စာအုပ်စာပေဖတ်ရှုခြင်းဖြစ်သည်။ စာဖတ်ခြင်းက လောကတွင်  သင်စရာ၊  သိစရာတို့ကို အချိန်တိုတိုအတွင်း သင်နိုင်၊ သိနိုင်သည့် အလွယ်ကူဆုံးနည်းလမ်းတစ်ခုဖြစ်သည်။ စာပေလေ့လာဖတ်ရှုခြင်းဖြင့် ဘဝတွင်ထိပ်တန်းသို့ တက်လှမ်းနိုင်ခဲ့သူများ ထင်ထင်ရှားရှားရှိပါသည်။ စာတစ်ကြောင်း၊ တစ်ပိုဒ်မျှကပင် ဘဝတစ်သက်တာကို အကျိုးပြုသွားသည့်သာဓကများစွာရှိပါသည်။

မြန်မာနိုင်ငံတွင် သူလိုငါလိုမထင်မရှားဘဝမှနေ၍ စာဖတ်ခြင်းဟူသော အချိန်မှန်မှန် ဇွဲသန်သန်လုပ်ငန်းကြောင့် ကမ္ဘာကျော်ခဲ့သူများရှိပါသည်။ ဂျပန်နိုင်ငံ အိုဆာကာနိုင်ငံခြား ဘာသာတက္ကသိုလ်တွင် မြန်မာစာပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ကွယ်လွန်သူစာရေးဆရာကြီး ဒေါက်တာနိုင်ပန်းလှ စာပေ၊ ဂီတ၊ ကဗျာ၊ ရုပ်ရှင်၊ အနုပညာကို တစိုက်မတ်မတ်လေ့လာကြိုးစားခဲ့၍ ၂၀၀၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်အခမ်းအနား၌ ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ ကို ပေးအပ်ချီးမြှင့်ခြင်းခံရသူ နိုင်ငံကျော်စာရေး ဆရာ   ဒါရိုက်တာဆရာကြီးဦးသုခ၊   ငယ်စဉ်က အလွန်ဆိုးသွမ်းခဲ့သော်လည်း စာကောင်းပေကောင်း တစ်အုပ်ကိုဖတ်ရှုမိပြီး   အသိဉာဏ်ပွင့်လင်းကာ စီးပွားရေးလုပ်ငန်းကိုတိုးတက်အောင် ဆောင်ရွက်ခဲ့သူ၊  စာပေရန်ပုံငွေ ၇၆ သိန်းကျော် မတည်လှူဒါန်းခဲ့သူ ပခုက္ကူစာပေဆုအလှူရှင်  ပခုက္ကူဦးအုံးဖေ စသည်တို့သည် စာဖတ်ခြင်းကြောင့်  ဘဝမြင့်မားခဲ့ရသူများဖြစ်သည်။

စာဖတ်ခြင်းသည်   တစ်နည်းအားဖြင့်   စိတ်ကိုအစာကျွေးခြင်းဖြစ်သည်။    ထို့ကြောင့်ငယ်စဉ် ကပင်  စာဖတ်သည့်အလေ့အထကို စွဲမြဲအောင်ပြုစုပျိုးထောင်ရမည် ဖြစ်သည်။ စာဖတ်မှုပြုစုပျိုး‌ထောင်မှုအ‌လေ့အကျင့်များလာလျှင် စာဖတ်ဝါသနာပါလာပြီး စာအုပ်များကို စွဲစွဲလမ်းလမ်း  နှစ်ခြိုက်စွာ   ဖတ်ရှုတတ်လာမည်ဖြစ်သည်။  စာအုပ်ကို မိမိ၏ခင်မင်ရင်းနှီးသောမိတ်ဆွေသဖွယ် သဘောထားပြီဆိုလျှင် စာဖတ်ဝါသနာရှိလာပြီဟု    ဆိုရမည်ဖြစ်သည်။

ယနေ့ကာလသည် ကြီးပွားတိုးတက်ရေးကို ရှေ့တန်းတင်ဦးတည်နေရသောခေတ်ဖြစ်ရာ  စာမဖတ်သူမှာ အရာရာတွင် ခြေတစ်လှမ်းနောက်ကျ ကျန်ရစ်ခဲ့မည်ကို သတိမူသင့်ပါသည်။ စာအုပ်မျိုးစုံ၊ စာနယ်ဇင်းမျိုးစုံ ထွက်ရှိနေသော ယနေ့ခေတ်ကာလတွင် စာအုပ်စာပေများကို အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ပြီဖြစ်သဖြင့်  စာအုပ်စာပေသည် မိမိ၏ဘဝတိုးတက်ခြင်းကို တစ်ထောင့်တစ်နေရာမှ အကျိုးပြုနေမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။

စာဖတ်ခြင်းကို ကျင့်ယူပါ

စင်စစ်စာဖတ်ခြင်းဝါသနာသည် ငယ်ဘဝကပင် စတင်ခြင်းဖြစ်သည်။ စဉ်ဆက်မပြတ် စာဖတ်သူများ ဖြစ်လာကြရေးအတွက် ကျောင်းစာကြည့်တိုက်များ၊ ရပ်ရွာစာကြည့်တိုက်များက ကောင်းစွာ အထောက်အကူပြုနိုင်မည်ဖြစ်သည်။ စာကြည့်တိုက်များရှိ စာကောင်းပေကောင်းတို့ထဲမှ အတွေ့အကြုံ၊ ဗဟုသုတတို့ကို ယူဆောင်လျက်  မိမိတို့ပန်းတိုင်သို့ အရောက်သွားကာ မိမိဘဝကိုအလှဆင်နိုင်ရပါမည်။ မိမိစွမ်းဆောင်ရည်ကိုမြှင့်တင်ပြီး ဘဝတိုးတက်မြင့်မားရေးအတွက် တစ်ဆင့် ပြီးတစ်ဆင့် ကြိုးစားရပေမည်။ စာပေသုတနှင့်် ဘဝအလှကို ဖန်တီးတည်ဆောက်ကာ မိမိအရည်အသွေး၊ မိမိတန်ဖိုးကိုမြှင့်တင်ရပေမည်။ အသိဉာဏ်ပညာရှိနိုင်ရေး ရသစာပေများများ ဖတ်မှတ်ကျင့်သုံးရန် လိုအပ်ပေသည်။ သို့မှသာ မိမိဘဝ၊ မိမိ အသိုက်အဝန်း၊ မိမိကျေးရွာမှ နိုင်ငံအဆင့်တိုင် ပိုမိုတင့်တယ်လှပပေမည်။ ရသစာပေဝမ်းစာပြည့်ဝ၍ ပရဟိတနှင့် လောကကောင်းကျိုးကို သယ်ပိုးဆောင်ရွက်နိုင်မည်ဖြစ်သည်။

လူငယ်များကို စာဖတ်စေရန်အားပေးခြင်းသည် မိမိဘဝတစ်သက်စာအတွက်ဖြစ်ကြောင်း မြင်အောင်ပြသပေးရမည်။ စာဖတ်ခြင်းက ဘဝအပေါ်မှန်ကန်သည့်အမြင်၊  မှန်ကန်သည့်  အမူအကျင့်များအထိ ပြောင်းလဲနိုင်စွမ်းရှိပြီး မိမိတို့လူ့ဘဝတန်ဖိုးမြင့်တက်လာစေရန် စာများများဖတ်ခြင်းက အရေးပါကြောင်းကို လူငယ်များအနေဖြင့်လည်း သိရှိရန်လိုအပ်ပါသည်။ စာဖတ်ဝါသနာပါလာလျှင်   စာဖတ်သည့်စရိုက်လည်း အလိုလိုဖြစ်ကာ စာပေကိုချစ်မြတ်နိုးလာမည်ဖြစ်သည်။

အချုပ်ဆိုရပါလျှင် စာပေနှင့် မိမိတက်လမ်းအား မြှင့်တင်ပေးနိုင်သကဲ့သို့ မိမိတိုင်းပြည်နှင့် လူမျိုးကောင်းကျိုးများကိုလည်း  ဖန်တီးတည်ဆောက်ရမည်ဖြစ်သည်။   ဘဝကိုရုန်းကန်လှုပ်ရှားကြရာ၌ စာပေကိုမမေ့မလျော့ဘဲ   စာပေမှသုတရသတို့ကို ဆင်မြန်းကာ အောင်မြင်မှုသရဖူကို လှမ်းယူနိုင်ရေး ကြိုးစားရမည်ဖြစ်သည်။ “အောင်မြင်သောလူမျိုးသည် စာဖတ်၍ စာဖတ်သောလူမျိုးသည် အောင်မြင်သည်” ဟုအဆိုရှိပါသည်။ ထို့ကြောင့် အနာဂတ်ကို ပခုံးပြောင်းယူမည့်         လူငယ်များအနေဖြင့် အောင်မြင်ထွန်းပေါက်သော လူငယ်များဖြစ်လာစေရေး စာဖတ်သည့် အလေ့အထကို   ကျင့်ယူသွားကြတတ်စေရန်    တိုက်တွန်းနှိုးဆော် ရေးသားလိုက်ရပါသည်။    ။