မြန်မာနေရှင်နယ်လိဂ်ယူ-၂၀ ပြိုင်ပွဲတွင် ရတနာပုံအက်ဖ်စီ အသင်းနှင့် ရှမ်းယူနိုက်တက် အသင်းတို့ နိုင်ပွဲရရှိ
ရန်ကုန် အောက်တိုဘာ ၂၉
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပ လျက်ရှိသည့် မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ ပြိုင်ပွဲ ပွဲစဉ်(၂၁)အဖြစ် ယနေ့ညနေ ၃ နာရီခွဲ တွင် ရန်ကုန်မြို့၌ ဆက်လက်ကျင်းပခဲ့ရာ ရှမ်းယူနိုက်တက်အသင်းနှင့် ရတနာပုံ အက်ဖ်စီအသင်းတို့ နိုင်ပွဲကိုယ်စီ ရရှိခဲ့ကြကြောင်း သိရသည်။
မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ ပြိုင်ပွဲ ပွဲစဉ်(၂၁)အဖြစ် ယနေ့ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ ပဒုမ္မာအားကစားကွင်း၌ သစ္စာအားမာန်အသင်းနှင့် ရတနာပုံအက်ဖ်စီ အသင်းတို့ ကစားခဲ့ရာ ရတနာပုံအက်ဖ်စီ အသင်းက ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ရတနာပုံအက်ဖ်စီအသင်းအတွက် တစ်လုံးတည်းသောသွင်းဂိုးကို ရဲရင့်အောင်က သွင်းယူနိုင်ခဲ့သည်။
အလားတူ ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ စလင်းအားကစားကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း တို့ကစားခဲ့ရာ ရှမ်းယူနိုက်တက် အသင်းက ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ရှမ်းယူနိုက်တက် အသင်းအတွက် သွင်းဂိုးများကို မျိုးမင်းခန့်၊ ဟန်ထွန်းဇော်တို့က သွင်းယူပေးနိုင်ခဲ့ပြီး ရန်ကုန်ယူနိုက်တက် အသင်းအတွက် တစ်လုံး တည်းသောချေပဂိုးကို ကောင်းခန့်ကျော်က သွင်းယူပေးနိုင်ခဲ့သည်။
မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ ပြိုင်ပွဲ ပွဲစဉ်(၂၁)အပြီးတွင် ရှမ်းယူနိုက်တက် အသင်း က ၁၅ ပွဲနိုင် သုံးပွဲသရေ နှစ်ပွဲရှုံး ရမှတ် ၄၈ မှတ်ဖြင့် အမှတ်ပေးဇယား ထိပ်ဆုံးမှ ဆက်လက် ဦးဆောင်နိုင်ခဲ့ကြောင်း သိရသည်။