အင်ဂျင်နီယာပညာရေး၏ အဓိပ္ပာယ်
မြန်မာနိုင်ငံ အင်ဂျင်နီယာ ပညာရေး
မြန်မာနိုင်ငံ၏ အင်ဂျင်နီယာပညာရေးသည် ၁၉၂၃ ခုနှစ်၌ စတင်တည်ထောင်ခဲ့သော ရန်ကုန်တက္ကသိုလ် အင်ဂျင်နီယာပညာမဟာဌာနမှ စတင်ပေါက်ဖွားခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေးမှာ နှစ် ၁၀၀ တိုင်ခဲ့ပြီ ဖြစ်သည်။
“အင်ဂျင်နီယာပညာဆိုသည်မှာ သင်္ချာ၊ သိပ္ပံ၊ စီးပွားရေးနှင့် လူမှုရေးပညာရပ်တို့ကို လေ့လာသင်ကြားလေ့ကျင့်မှုအတွေ့အကြုံများမှ ရရှိလာသော အသိပညာနှင့် အတတ်ပညာများကိုအခြေခံကာ သဘာဝသယံဇာတနှင့် လူသားအရင်းအမြစ်များအား သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြင့် အသုံးချပြီး လူ့အဖွဲ့အစည်းအတွက် အကျိုးပြုသော အဆောက်အအုံများ၊ စက်၊ ယာဉ်ယန္တရားများ၊ ကိရိယာတန်ဆာပလာများ၊ စွမ်းအားများ၊ ဝတ္ထုပစ္စည်းများ၊ ထုတ်လုပ်မှုနည်းစဉ်များကို ဒီဇိုင်းတွက်ချက် တည်ဆောက်၊ ထိန်းသိမ်းပေးနိုင်သည့် အသိဉာဏ်နှင့်ယှဉ်ပြီး အသုံးချရသော ပညာရပ်ဖြစ်ပါသည်” ဟူ၍ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥပဒေက ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပါသည်။
အင်ဂျင်နီယာပညာရေးအား အဓိပ္ပာယ် ဖွင့်ဆိုလာခဲ့သည့် ရာစုနှစ်တစ်ခု အင်ဂျင်နီယာများ၏ ပညာရေးနှင့် ပြည်သူလူထု စားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုရေး စသည်တို့နှင့် ကျယ်ကျယ်ပြန့်ပြန့် ဆက်နွှယ်မှုများကြားတွင် မည်ကဲ့သို့သော နည်းလမ်းများနှင့် ဆက်စပ်ပတ်သက်နေသည်ကို သိရှိရန် လိုအပ်သည်။
ဆက်နွှယ်နေသည့် အရာများတွင် လူမှုရေး၊ မြင့်မားသောဉာဏ်ရည်၊ စီးပွားရေးလုပ်ငန်းများ အပြင် အခြားအရာများလည်း ရှိနေပါလိမ့်မည်။ မြောက်မြားစွာသောချဉ်းကပ်မှုများကြောင့် ပညာရပ်ဆိုင်ရာ ချဉ်းကပ်လေ့လာမှုများသည် ဤပညာရပ်၏ တန်ဖိုးထားစရာ အရည်အသွေးများပင် ဖြစ်သည်။
လူ့ဘောင်ဘဝတွင် လူမှုရေး၊ စီးပွားရေး ဆိုသည်မှာလည်း အချင်းချင်း အပြန်ပြန်အလှန်လှန် ဆက်နွှယ်မှုများရှိနေသည်။ အင်ဂျင်နီယာပညာရေးနှင့် လူ့ဘောင်ဘဝတို့ ဆက်နွှယ်မှုများကြားတွင် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေမှုများသည်လည်း လားရာ၊ ရှုထောင့် တစ်ခုတည်းကချည်း မဟုတ်သည်ကို တွေ့နေရပြန်ပါသည်။
သဘာဝပတ်ဝန်းကျင်၏ ဖြစ်ပျက်ပြောင်းလဲမှုကလည်း အင်ဂျင်နီယာများ၏ ပညာရေး၊ ကျင့်ဝတ်စည်းမျဉ်း၊ စံချိန်စံညွှန်းများအပေါ် သက်ရောက်မှု ရှိနေတတ်သည်။ အလားတူပင် အင်ဂျင်နီယာများ၏ ပညာရပ်ဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများကလည်း ပတ်ဝန်းကျင်အပေါ် ကျယ်ကျယ်ပြန့်ပြန့် အကျိုးသက်ရောက်မှု ရှိနေပြန်သည်။ လူမှုရေး၊ စီးပွားရေး၊ နည်းပညာရပ် ဆိုင်ရာများနှင့် အင်ဂျင်နီယာပညာရပ်များ အကြားမှာရှိသည့် အချို့သော ဆက်နွှယ်ပတ်သက်မှုများသည် လူမှုဘဝ ပြဿနာအခက်အခဲများကို တည်ငြိမ်အေးချမ်းမှု ပေးနိုင်ပြီး အခက်အခဲများကို လျော့နည်းစေနိုင်သည်။
ထို့ကြောင့် အင်ဂျင်နီယာပညာရေး ဆိုသည်မှာ ကျယ်ပြောလှသည့် လူမှုသိပ္ပံ - နည်းပညာ - စီးပွားရေးပညာတို့၏ အကြား အချင်းချင်း အပြန်အလှန်ချိတ်ဆက် အကျိုးပြုနေမှုများအပေါ် စူးစမ်းမွှေနှောက် လေ့လာထားသည့် ယထာဘူတကျသော အတွေးအခေါ် တစ်ခုဖြစ်လာစေသည်။
အင်ဂျင်နီယာပညာရေး၏ အခန်းကဏ္ဍအပေါ် ပြည်သူလူထုအကြား အချီအချ အပြန်အလှန်ဆွေးနွေးခြင်းများမှာ ပညာရပ်ဆိုင်ရာ သဘောထားအပေါ် အခြေခံသော ယထာဘူတကျကျ တွေးခေါ်မှုသည် ဘယ်လောက်အတိုင်းအတာထိ ခရီးရောက်နေသည်ကို သိစေရန် အင်ဂျင်နီယာပညာရေး၏ လိုအပ်ချက်များကို မည်ကဲ့သို့ပြုပြင် ဆောင်ရွက်မည်ဆိုသည့် သတ်မှတ်ချက်များကို ပြဋ္ဌာန်းဆောင်ရွက်လာကြသည်။
အစဖြစ်တည်မှု၏ သဘာဝကို အဓိပ္ပာယ်ရှိရှိ လေ့လာသောအခါ အင်ဂျင်နီယာပညာရပ်၏ အခန်းကဏ္ဍမှာ မပါမဖြစ်ရှိနေပြန်သည်။ ၁၉၁၈ ခုနှစ် Mann အစီရင်ခံစာမှာ “အင်ဂျင်နီယာ ပညာရေး” ၏ အဓိပ္ပာယ်ကိုဖွင့်ဆိုခဲ့ကြပြီး ၂၀၀၄ ခုနှစ်မှာ “သက္ကရာဇ် ၂ဝ၂ဝ ၏ အင်ဂျင်နီယာ” (“The Engineer of 2020”) အထိ ရွေးချယ်ထားသော မူဝါဒစာတမ်းများက အဓိပ္ပာယ် သတ်မှတ်ဖွင့်ဆိုကြသည်။
အင်ဂျင်နီယာပညာရေး၏ ပိုမိုကျယ်ပြန့်သော အခန်းကဏ္ဍဆိုင်ရာ လမ်းညွှန်ချက်များကိုလည်း မူဝါဒရေးဆွဲ ဖန်တီးသူများက ထုတ်ပြန်ခဲ့သည်။ အင်ဂျင်နီယာ ပညာရေး၏ ဦးတည်ချက်များကို သတ်မှတ်ပြဋ္ဌာန်းသောအခါမှာ ကြီးမားသောကဏ္ဍ တစ်ရပ်အနေနှင့် ပါဝင်သောကြောင့် မူဝါဒရေးရာ ဆွေးနွေးချက်များတွင် အင်ဂျင်နီယာ ပညာရေး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် အချိန်နှင့်အမျှ ပြောင်းလဲသွားနိုင်သည် ဆိုသည်ကို သိရှိနားလည်ထားရန် လိုအပ်သည်။
ယင်းတို့တွင် အသေးစိတ်အဓိပ္ပာယ်နှင့် အကြွင်းမဲ့မှန်ကန်သော ဥပဒေသများကို ထည့်သွင်းရေးဆွဲ ခဲ့ကြသည်။ အင်ဂျင်နီယာဆိုင်ရာ ပညာရပ်များကို မည်သည့်နည်းလမ်းများနှင့် ဆောင်ရွက်ကြမည်၊ ဘာကြောင့်ဆောင်ရွက်ကြရသည် ဆိုသည်များကအစ ဖော်ပြရေးသားထားကြသည်။ ဆောင်ရန်၊ ရှောင်ရန် အချက်များလည်း ပါဝင်သည်။
အင်ဂျင်နီယာပညာရေးသည် ဘယ်လို၊ ဘာကြောင့် ဤနည်းနှင့်သွားမည်၊ မသွားဘူးစသည်တို့ကို ထိုးထွင်းသိမြင်ဖို့ရန် တိုက်ရိုက်သော်လည်းကောင်း၊ သဘောတရားမျှသော်လည်းကောင်း အတိအလင်း ဖွင့်ဆိုထားသော အဓိပ္ပာယ်ဖွင့်ဆိုချက် နှစ်မျိုးလုံး ပါဝင်နေသည်ကိုတွေ့ရသည်။ ဤအဓိပ္ပာယ် သတ်မှတ်ချက်များကြောင့် တင်းမာမှုများ ပေါ်ပေါက်စေခဲ့သည်။
ဥပမာ အင်ဂျင်နီယာဘာသာရပ်ကို ဘယ်လိုသင်ကြားပေးကြမလဲဆိုသော အကြောင်းအရာမျိုးများ၊ ဒါဟာ နည်းပညာဆိုင်ရာ ဘာသာရပ်လား၊ လူမှုရေးဆိုင်ရာ ဘာသာရပ်လား၊ နှစ်ခုလုံးနှင့်သက်ဆိုင်နေသော (ဒွိစုံ-ဒွိစုံ) နှစ်ခု-နှစ်မျိုး တွဲယှဉ်သောဘာသာရပ်လား စသည်ဖြင့်ဖြစ်ပေါ်လာသည်။ ဤသို့သော အကြောင်းအချက်များကြောင့် နှစ်ပေါင်း ၈၄ နှစ်ကျော် သက်တမ်းကြာ လေ့လာခဲ့ရသည်
အထိ ဤကိစ္စသည် အရေးပါလာခဲ့သည်။ အဓိပ္ပာယ်ဖွင့်ဆိုချက် အမျိုးမျိုးကြောင့် ပေါင်းစည်းမှုမရှိခြင်းနှင့် အားပြိုင်မှုဖြစ်နေသည်ကို စာတမ်းအသီးသီးက မီးမောင်းထိုးပြခဲ့သည်။
အခြေခံသဘောတရားနှင့်ကန့်သတ်မူဘောင်(တက္ကဗေဒအခြေခံစနစ်)
အဆိုပါစာတမ်းများတွင် ကျယ်ကျယ်ပြန့်ပြန့် မေးခွန်းထုတ်ထားသည်မှာ အင်ဂျင်နီယာပညာရေးနှင့် လူမှုအသိုက်အမြုံ၏ အကြောင်းခြင်းရာများ တစ်ခုအပေါ်တစ်ခု အကျိုးသက်ရောက်မှုရှိနေသည်ကိုပဲ ဖြစ်သည်။ အထူးစိတ်ဝင်စားစရာကောင်းစေသည်မှာ အင်ဂျင်နီယာ ပညာရေးနှင့် အချိန်နှင့်အမျှပြောင်းလဲနေသော ယင်းနှင့်ဆက်နွှယ်နေသည့် အခြင်းအရာများ အကြားက ရှုပ်ထွေးသည့် ဆက်စပ်မှုများသည် ဘယ်လိုတွေဖြစ်မလဲ ဆိုသည်ပင်ဖြစ်သည်။
ဤအကြောင်းအရာနှင့် ဘာသာရပ်၏ ကျယ်ပြန့်မှုသည် ခဲယဉ်းသော ကိစ္စတစ်ခုဖြစ်လာစေသည် ဆိုသော်ငြားလည်း အင်ဂျင်နီယာပညာရေး၏ ရည်မှန်းချက်သည် လူမှုရေး၊ စီးပွားရေး၊ ဉာဏ်ပညာဆိုင်ရာများနှင့် အခြားသော ဆက်နွှယ်နေသည့် အခြင်းအရာများပေါ် မူတည်နေသဖြင့် လျော်ကန်သင့်မြတ်သော ကိစ္စရပ်လည်းဖြစ်သည်။ ဤဆက်နွှယ်မှုများနှင့် လူတစ်ဦးချင်းစီ၏ လူမှုပတ်ဝန်းကျင် အတိတ်နောက်ခံများသည် ကျွန်ုပ်တို့ ဘာတွေလေ့လာ သင်ကြားရမည် ဆိုသည်နှင့် ဘယ်လိုလေ့လာ ဆည်းပူးကြရမလဲ ဆိုသောအပိုင်းကို ဖြစ်ပေါ်လာစေသည်။
ဤတွင် “စနစ်” ဆိုသောစကားလုံးသည် အင်ဂျင်နီယာ ဘာသာရပ်ကို သီးသန့်ကွဲထွက်စေသော သဘောမဟုတ်ဘဲ အပိုင်းကဏ္ဍများ အများကြီးပါဝင်နေသော စုပေါင်းထားသည့် သဘောပဲဖြစ်သည်။ အင်ဂျင်နီယာပညာရေးနှင့် ပိုမိုကျယ်ပြန့်သော စနစ်အကြားက ဆက်နွှယ်မှုများသည် တစ်ဖက်သတ်တည်း ဦးတည်နေကြသည်မဟုတ်ပါ။ သဘာဝပတ်ဝန်းကျင် ပြောင်းလဲလာမှုများသည် အင်ဂျင်နီယာ ပညာရေးအပေါ် အကျိုးသက်ရောက်မှုများရှိသလို အင်ဂျင်နီယာပညာရေးသည်လည်း သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများရှိသည်။
သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုများသည် အင်ဂျင်နီယာပညာရပ်ကို သက်ရောက်မှု တစ်စုံတစ်ရာဖြစ်စေသည်။ အထက်မှာဖော်ပြခဲ့သည့်အတိုင်း အင်ဂျင်နီယာ ပညာရေးကလည်း ပိုမို ကျယ်ပြန့်သော သဘာဝပတ်ဝန်းကျင်ကို အကျိုးသက်ရောက်မှု ရှိနေစေပြန်သည်။ ဤသုံးသပ် ဆင်ခြင်ရန်အချက်သည် ရေရှည်အကျိုးစီးပွား တစ်ခုဖြစ်ပြီး အကျိုးဆက်အဖြစ်လိုက်ပါသော ထုတ်ပြန်မှု တစ်ခုဖြစ်လာစေသည်။ အင်ဂျင်နီယာပညာရေးမှာ ကျွန်ုပ်တို့ပြုလုပ်လိုက်သော ရွေးချယ်မှုများသည် ပိုမိုကြီးမားကျယ်ပြန့်သောစနစ်ကြီးကို ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာစေမှာလဲဆိုသည့် အချက်သည် ရေရှည်အကျိုးစီးပွားတွင် ဒုတိယမြောက်ကဏ္ဍဖြစ်လာပြီး နောက်ဆက်တွဲ လေ့လာထုတ်ပြန်မှုများလည်း ရှိလာမည်ဖြစ်သည်။
အနာဂတ်အင်ဂျင်နီယာများ၏ ကြိုတင်ပြင်ဆင်မှု အခန်းကဏ္ဍအတွက် အင်ဂျင်နီယာများ၏အလေ့အကျင့်များကို အစီအစဉ်တကျ ကြိုတင်ရေးဆွဲရန်လိုသည်။ အင်ဂျင်နီယာပညာရပ်နှင့် အခြားအထွေထွေရှုထောင့်အသီးသီးတို့၏ ဆက်စပ်မှုကို လေ့လာသောအခါ တည်ငြိမ်သော ရှုထောင့်ကို ရွေးချယ်ရန်လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် ရည်ရွယ်ချက်များ၊ အဓိပ္ပာယ်များ၊ ဩဇာလွှမ်းမိုးမှုများ၊ အင်ဂျင်နီယာဘာသာရပ်၏ တန်ဖိုးများသည် ပိုမိုကြီးမားသော အခြားစနစ် များ၏ အစိတ်အပိုင်းများ၊ ချိတ်ဆက်မှုများ ဖြစ်နေပြီဖြစ်သည်။ မတိကျမှုများဖြစ်နေနိုင်သည်ကို တွေ့မြင်နေရသည်။ ဤတွင် သုံးသပ်ရမည်ဆိုပါက အချင်းချင်းမျှဝေမှုနည်းပါးသဖြင့် တစ်ယောက်နှင့်တစ်ယောက် ကွဲလွဲအချင်းများစရာများ ဖြစ်လာသည်။ အဓိပ္ပာယ်ရှိရှိ တွေးခေါ်ရန်၊ ဘဝဖြစ်တည်မှု လေ့လာရန်ကို ဆွေးနွေးငြင်းခုံကြရင်း “Talk around each other” (ဝိုင်းကြီးပတ်လည်စကားလက်ဆုံကျရင်း) နှင့် ကျွန်တော်တို့၏ ကြိုးစားမှုများကို အင်ဂျင်နီယာပညာရေး အတွက် (ပြန်ပြောင်းဆင်ခြင်ဖို့) ပြန်လည်စဉ်းစားရန် လိုအပ်လျက်ရှိသည်။ အတွေးအခေါ်များသည် အတူပူးပေါင်းရန် နည်းလမ်းဟူ၍ ဖော်ပြနေသည်။ ဤအတွေးအမြင်များကို “အဓိပ္ပာယ် ပြန်ဆို” ရန် တောင်းဆိုနေသည်။ ထို့နောက် ဤအဓိပ္ပာယ်ပြန်ဆိုရှင်းလင်းချက်များကို နားလည်အောင် ပြုလုပ်ကြရမည်ဖြစ်သည်။
ဤကဲ့သို့ ပိုမိုကျယ်ပြန့်သောစနစ်နှင့် အင်ဂျင်နီယာပညာရေးတို့ အကြားကဆက်နွှယ်မှုကို ရှုထောင့်အမျိုးမျိုးက လေ့လာစူးစမ်းရမည်ဆိုပါက ဆောင်းပါးရှင်များအနေဖြင့် အတွေးအမြင်ဆိုင်ရာ ရှုထောင့်ကို ရွေးချယ်ကြသည်။ ထိုသို့ “အတွေးအမြင်ဆိုင်ရာရှုထောင့်” ကို ချဉ်းကပ်လေ့လာရသည့် အကြောင်းရင်းမှာ ဆွေးနွေးမှုများဖြစ်သည့် “ကျယ်ပြန့်သော စနစ်ကြီးနှင့် ချိတ်ဆက်မည့် ရည်ရွယ်ချက်၊ အနက်အဓိပ္ပာယ်၊ ဩဇာလွှမ်းမိုးမှုနှင့် အင်ဂျင်နီယာပညာရေး၏ တန်ဖိုး” စသည်များသည် အချိန်အခါအလိုက်၊ အယူအဆပိုင်းအရ မသေချာမှုများရှိနေ၍ဖြစ်သည်။ ဤအခြေအနေက အင်ဂျင်နီယာပညာရေး၏ ရည်ရွယ်ချက်ကို ဘယ်လိုသတ်မှတ်ရမည်ဆိုသည်ကို ဖော်ညွှန်းနေခြင်းဖြစ်သည်။
အင်ဂျင်နီယာလုပ်ငန်းဆိုတာဘာလဲ။
ဤမေးခွန်းများအတွက် အဓိပ္ပာယ်သတ်မှတ်ချက်များကလည်း GDP (Gross Domestic Product ဂျီဒီပီ-ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုများ၏ တန်ဖိုးကို တိုင်းတာသောညွှန်းကိန်း) ကို တိုက်ရိုက်အကျိုးမဖြစ်စေပြန်ပါ။ (အလုပ်အကိုင်အခွင့်အလမ်းပေါများမှု) အလုပ်ခန့်ထားမှုကို လည်း အကျိုးတိုက်ရိုက်မဖြစ်စေပါဘူး။ ဤအခါမှာ အင်ဂျင်နီယာပညာရှင်များအနေနှင့် “ဘာလုပ်သင့်သလဲ” ဆိုသည်က ထပ်မံမေးရမည့် မေးခွန်းတစ်ခုဖြစ်လာပြန်သည်။
အဓိပ္ပာယ်သတ်မှတ်ချက်များ ကိုယ်တိုင်က မတိကျ၊ မသေချာခြင်း၊ ငုပ်လျှိုးပုန်းကွယ်နေသော “အမြင်” များကို မဖော်ထုတ်နိုင်ခြင်း စသည်များ ဖြစ်လာစေသည်။ ကျွန်တော်တို့က တစ်ပြေးညီသတ်မှတ်ချက်များပြဋ္ဌာန်းပြီး မသတ်မှတ်ခဲ့ဘူးဆိုလျှင် နားလည်မှုအလွဲ၊ ဆက်သွယ်မှုအမှား၊ ဆက်နွှယ်မှုအမှားများကြောင့် နောက်ဆက်တွဲ စိတ်ကူးအကြံဉာဏ်များလည်း မတိကျမသေချာမှုဖြစ်ပေါ်နိုင်သည်။ ဒါကြောင့် အင်ဂျင်နီယာပညာရေး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များမှာ မရှိမဖြစ် အရေးတကြီးလိုအပ်လာသည်။
ပညာရှင်တို့က ဤအဓိပ္ပာယ်သတ်မှတ်ချက်များသည် အတိအလင်းဖော်ပြသည်ဖြစ်စေ၊ မဖော်ပြထားသည်ဖြစ်စေ အတွေးအခေါ်၊ အမြော်အမြင်များအတွက် အခြေခံအုတ်မြစ်များဖြစ်ပြီး ပညာရပ်များကို ကျွန်တော်တို့ ဘယ်လိုဆည်းပူးကြရမလဲ ဆိုသည်ကိုသိရှိအောင် လုပ်ပေးသည်ဆိုသော အချက်ကို ထောက်ပြထားသည်။
အမှန်စင်စစ် အဓိပ္ပာယ်သတ်မှတ်ချက်များသည် ပညာရေး၏ အန္တိမရည်မှန်းချက်များကို ဖန်တီးရန် အထောက်အကူဖြစ်စေသော အရာများဖြစ်သည်။
ဒါကြောင့် အဓိပ္ပာယ်သတ်မှတ်ချက် များသည် အင်ဂျင်နီယာပညာရေးကို “ဘယ်လိုပုံစံဖြစ်ရမည်၊ ဘာကြောင့်ဒါမျိုးမဖြစ်ရဘူး” စသည့် ထိုးထွင်းသိမြင်သော အသိကိုဖြစ်စေပြီး အင်ဂျင်နီယာပညာရေး၏ အခြေခံအတွေးအခေါ်ကို ပိုမို တောက်ပထွန်းလင်းစေခဲ့ကာ ပိုပြီးမြင်သာစေခဲ့သည်။ အချိန်နှင့်အမျှ ဘယ်လိုပြောင်းလဲနေသည် ဆိုသည်ကိုလည်း ရေးသားဖော်ပြခဲ့သည်။
အင်ဂျင်နီယာလုပ်ငန်းနှင့် အတတ်ပညာဆိုင်ရာ အဓိပ္ပာယ်သတ်မှတ်ချက်များ ဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း၊ ပညာသင်ကြားပို့ချနေသော အင်ဂျင်နီယာများ၏ အတွေးအခေါ်များကို မည်သို့အလင်းပြရန်နှင့် ဤအဓိပ္ပာယ်သတ်မှတ်ချက်များသည် အချိန်နှင့်အမျှ မည်သို့ပြောင်းလဲ သွားသည်ဆိုသည်ကို ပိုမိုနားလည်လာရန် အားထုတ်ရှာဖွေမှုပြုရန်လိုသည်။
အင်ဂျင်နီယာပညာရေး၏ ရှေးရှုရာများအပေါ် မူဝါဒဖန်တီးသူတို့၏ ဩဇာလွှမ်းမိုးမှုများကို ထည့်သွင်းစဉ်းစားသောအခါ မူဝါဒဆိုင်ရာစာတမ်းများထဲက အင်ဂျင်နီယာဆိုင်ရာ အဓိပ္ပာယ် သတ်မှတ်ချက်များကိုလည်း ဂရုပြုမိလာစေသည်။ သို့ပါ၍ အင်ဂျင်နီယာပညာရေးဆိုသည်ကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုမှာပါလဲ၊ တစ်စုံတစ်ဦးက သူတို့သည် အင်ဂျင်နီယာများပါဆိုသောအပေါ် ဘယ် အချက်အလက်၊ ဘယ်အစဉ်အလာများနှင့် သဘောတူလက်ခံမည်ကို ဖော်ပြရန် လိုအပ်လာသည်။ အပြင်ပန်းအားဖြင့် ရိုးရှင်းလှသော အင်ဂျင်နီယာပညာရေးကို အဓိပ္ပာယ်သတ်မှတ်ခြင်း ကိစ္စသည် ပညာရေးနှင့်ဆက်နွှယ်နေပြီး သေချာဆန်းစစ်လေ့လာကြည့်သောအခါ အတော်လေးရှုပ်ထွေးနက်နဲလာသည်။
အင်ဂျင်နီယာလုပ်ငန်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် အချိန်နှင့်အမျှ ပြောင်းနေသည်။ မသိမသာကွဲပြားနေသော ဓလေ့ထုံးစံများ၏ ယဉ်ကျေးမှုများ၊ အသိဉာဏ်ပညာ အမျိုးမျိုးများအပေါ် မူတည်ပြီး အဓိပ္ပာယ်သတ်မှတ်နေကြရသည်။ သို့ပါ၍ အင်ဂျင်နီယာပညာရေး၏ အဓိပ္ပာယ်သတ်မှတ်ချက်များကို နားလည် သဘောပေါက်ရန်အတွက် မူဘောင်တစ်ခုချမှတ်ရန်မှာ နည်းပညာဆိုင်ရာကဏ္ဍက ယခင့်ယခင် ဆောင်ရွက်ချက်များနှင့် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ခဲ့သည်။ ထိုပြင်ဆင်ချက်ကို ပညာရှင်များက အဓိပ္ပာယ်သတ်မှတ်ချက် (၅)မျိုးကို မီးမောင်းထိုးပြခဲ့သည်-
“ဖွင့်ဆိုချက် ငါးခု” (Highlight five types of definitions)
(၁) Etymalogical (ရင်းမြစ်ဗေဒ)
(၂) Essential (အနှစ်သာရ)
(၃) Precriptive (ပြဋ္ဌာန်းချက်များ)
(၄) Linguistic (ဘာသာဗေဒ)
(၅) Pragmatic (လက်တွေ့သဘောတရား)
ဤသည်တို့မှာ အင်ဂျင်နီယာလုပ်ငန်းနှင့် အင်ဂျင်နီယာပညာရေးကို အဓိပ္ပာယ်ဖွင့်ဆိုသော နည်းလမ်းငါးခုကို သတ်မှတ်ဖော်ပြခဲ့ခြင်းပင်ဖြစ်သည်။
အသုံးနည်းသော အဓိပ္ပာယ်သတ်မှတ်ချက် အမျိုးအစားအခြားအသုံးနည်းသော အဓိပ္ပာယ်သတ်မှတ်ချက်အမျိုးအစားမှာ အကျယ်ချဲ့ခြင်း (Extensional) သို့မဟုတ် အပြည့်အစုံရှင်းလင်းပြခြင်း (Denotive) တို့ ဖြစ်ပါသည်။ ၎င်းမှာ အမျိုးအစားတစ်ခု၌ပါဝင်သော အကြောင်းအရာများကို အစီအစဉ်တကျ စာရင်းနှင့်သတ်မှတ်ခြင်းမျိုးတို့ ပါဝင်သည်။ ၎င်းအား ဥပမာ၊ ဥပမေယျများနှင့် သိသာအောင် တိုက်ရိုက်ရှင်းလင်းဖော်ပြခြင်းမျိုးတို့ ပါဝင်သည်။ “အင်ဂျင်နီယာ” ဆိုသော အဓိပ္ပာယ်သတ်မှတ်ချက်များစွာသည် ဥပမာ၊ ဥပမေယျများနှင့် ရှိနေသည်။ ဤသည်တို့သည် ယုတ္တိကျကျ မှားသွားခြင်းမျိုးများ၊ မပြီးနိုင်သော အဖန်ဖန် မေးခွန်းထုတ်စရာမျိုးများ ဖြစ်လာတတ်သည်။
ခေတ်အဆက်ဆက် စာတမ်းများနိုင်ငံတကာတွင် ၁၉ဝဝ ပြည့်နှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ ခေတ်အဆက်ဆက် အင်ဂျင်နီယာပညာရေး စာတမ်းများ ရေးသားပြုစုခဲ့ကြသည်။ ၁၉၁၈ ခုနှစ်တွင် မန်း၏စာတမ်း၊ ၁၉၂၃ ခုနှစ်တွင် ဝစ်ကင်ဒန်၏ လေ့လာချက်၊ ၁၉၄၀ ပြည့်နှစ်တွင် ဟာမန်း၏ စာတမ်း၊ ၁၉၅၅ ခုနှစ်တွင် ဂရင်တာ၏ စာတမ်း၊ ၁၉၆၆ ခုနှစ်တွင် အမျိုးသားအင်ဂျင်နီယာသိပ္ပံအဖွဲ့ အင်န်အေအီးသည် အင်ဂျင်နီယာဆိုင်ရာပညာရေးနှင့်ပတ်သက်ပြီး ဘာများလုပ်သင့်ပြီလဲ၊ ၁၉၆၈ ခုနှစ်တွင် “အင်ဂျင်နီယာပညာရေး၏ ပန်းတိုင်များ”၊ ၁၉၈၅ ခုနှစ်တွင် ယူအက်(စ်)(US) ၏ “အင်ဂျင်နီယာပညာရေးနှင့် အင်ဂျင်နီယာတို့၏ အလေ့အကျင့်” များ (အမေရိကန်ပြည်ထောင်စုရှိ အင်ဂျင်နီယာဆိုင်ရာပညာရေးနှင့် ကျင့်ထုံးများ)၊ ၂ဝဝ၄ ခုနှစ်တွင် “သက္ကရာဇ် ၂ဝ၂ဝ ၏ အင်ဂျင်နီယာ” ဆိုသောစာတမ်းများ ပေါ်ထွက်လာခဲ့ ပါသည်။
“အင်ဂျင်နီယာပညာရေး အဓိပ္ပာယ်ဖွင့်ဆိုချက်” အား ကျယ်ပြန့်နက်ရှိုင်းစွာ နားလည်စေရန် ၈၆ နှစ် (၁၉၁၈-၂ဝဝ၄)အတွင်း တင်သွင်းခဲ့သော စာတမ်းပေါင်းမြောက်မြားစွာအနက် “အင်ဂျင်နီယာ ပညာရေးမူဝါဒ” စာတမ်းများကို အောက်ပါအတိုင်း ဖော်ပြအပ်သည်။
အဓိပ္ပာယ်သတ်မှတ်ချက်များ ကာလအားလျော်စွာ ဘယ်လိုပြောင်းလဲ လာသည်ဆိုသည်ကို ပိုင်နိုင်စွာ စူးစမ်းနိုင်ရန် သရုပ်ဖော်ပုံ၏ အချိန်ကာလပြဇယား၌ ပြထားသောစာတမ်းများကို ရွေးချယ်ခဲ့ပါသည်။ ဤစာတမ်းများကို ရွေးချယ်ရာမှာ မူဝါဒစာတမ်းများ အများကြီးကို စိစစ်ပြီး ယင်းတို့အထဲကမှ အတိအလင်းအားဖြင့်လည်းကောင်း၊ သွယ်ဝိုက်သောအားဖြင့် လည်းကောင်း အင်ဂျင်နီယာဆိုင်ရာ အဓိပ္ပာယ်သတ်မှတ်ချက် အပြည့်အဝပါရှိသည်များကို ရွေးထုတ်ခဲ့ခြင်းဖြစ် သည်။
အဓိပ္ပာယ်သတ်မှတ်ချက်များကို စူးစမ်းလေ့လာရင်းနှင့် အမျိုးမျိုးသော အစီရင်ခံစာစာတမ်းများ ထွက်ပေါ်လာခဲ့သည်။ တက္ကသိုလ်ကောလိပ်များ၊ သက်မွေးပညာသင် ကျောင်းများက ကိုးကားခဲ့ကြသည်ကို တွေ့ရသည်။
အစီရင်ခံစာစာတမ်းတစ်ခုကို အခြားအစီရင်ခံစာ စာတမ်းများကလည်း ကိုးကားလာခဲ့ကြသည်။ အင်ဂျင်နီယာနှင့်ဆိုင်သော ဆရာများ၊ တက္ကသိုလ်အုပ်ချုပ်သူများ၊ (မူဝါဒ) ပေါ်လစီ ရေးဆွဲသူများသည် အစီရင်ခံစာစာတမ်းများကိုဖတ်ကြားခဲ့ကြပြီး ပြည်တွင်းသုံးအဖြစ် တွင်ကျယ်စွာအသုံးပြုကြသည်။ အချိန်ကြာရှည်စွာ ကိုးကားလာကြသော်လည်း ရလဒ်များကို တိကျစွာ မတိုင်းတာနိုင်ခဲ့ကြပါ။ ပထမဆုံးသော ယူအက်(စ်)(US) ဗဟိုပြုစာတမ်းများအနေနှင့် ဗြိတိန်က ပူးတွဲသုံးစွဲခဲ့ကြသည်။ ပထမဆုံးတစ်ချက်အနေနှင့် ဤစာတမ်းသည် အမေရိကန်ပြည်ထောင်စုရှိ မှတ်တမ်းမှတ်ရာ အထောက်အထားများကို အဓိကဗဟိုပြုထားပြီး အထူးသဖြင့် ဗြိတိန်နိုင်ငံကဲ့သို့ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်လေ့ရှိသော အခြားနိုင်ငံများ၏ မှတ်တမ်းမှတ်ရာ အထောက်အထား များအား ထည့်သွင်းစဉ်းစားထားခြင်း မရှိပါ။
ဒုတိယအနေနှင့် ဤစာတမ်းများသည် သမိုင်းဆိုင်ရာ နောက်ဆက်တွဲပိုင်းတွင် မပြည့်စုံသည့်အတွက် ပြည့်ဝစွာနားလည်နိုင်ရန် လိုအပ်လာသည်ကို တွေ့ရသည်။ ထိုသို့နားလည်ရန် ကြိုးစားလာကြရင်းနှင့် ဤစာတမ်းကို ရေးသားဖြစ်ခြင်းဖြစ်ပါသည်။ အဓိပ္ပာယ်သတ်မှတ်ချက်ဆို သည်မှာ သမိုင်းဆိုင်ရာနောက်ကြောင်းအပြင် ယနေ့ခေတ်စကားရပ်များနှင့် အပြည့်အဝ နားလည်ခြင်းမျိုးဖြစ်ရပါမည်။ အင်ဂျင်နီယာဆိုင်ရာပညာရေးနှင့် ဆက်နွှယ်မှုများမှတစ်ဆင့် အဓိပ္ပာယ် သတ်မှတ်ချက်များကို နားလည်ရန် အားထုတ်ရာမှာ အလွန်အကျွံဖြစ်သွားပါကလည်း ဤစာတမ်း၏ဘောင်ကို ကျော်လွန်သွားမည်ဖြစ်သည်။
နောက်ပိုင်းတွင် ၁၂ တန်း အပြီး လေးနှစ်သင်ကောလိပ်များ၊ တက္ကသိုလ်များ၊ သက်မွေးပညာကျောင်းများတွင်ပါ သမိုင်းဆိုင်ရာများပြည့်စုံရန် ဖြည့်စွက်လာကြသည်။ ဤအရာများကို အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ရင်း တချို့သောအဖွဲ့များ၊ ကော်မတီများတွင် သုံးစွဲလာကြသည်။ အမျိုးမျိုးဖြစ်နိုင်ခြေရှိသော၊ ဘက်လိုက်သည့် သဘော အဆိုပါအဖွဲ့များတွင် သုံးသပ်တင်ပြလာကြပြန်သည်။
အဆုံးတွင် စာတမ်းအများစုသည် အထွေထွေအဆန်းဆန်း သိမ်မွေ့နက်နဲသော ဆွေးနွေးချက်များနှင့် အပြီးသတ်တည်းဖြတ်ခဲ့ကြသည်။ ထို့အတွက် စာတမ်းများသည် အချီအချဆွေးနွေးမှုများ အလုံးစုံကို အပြည့်အဝမဆိုနိုင်ပေမယ့်လည်း အများသဘောဆန္ဒအဖြစ် ရှုမြင်နိုင်သည်။ ဆွေးနွေးပွဲတွင် ပါဝင်သူများ၊ ကော်မတီဝင်များသည် အများသဘောဆန္ဒအမြင်ကို အကျိုးသက်ရောက် စေသူများဖြစ်သည်။ သူတို့ကြောင့် အမျိုးမျိုးသော ဖြစ်နိုင်ခြေရှိသည့် ဘက်လိုက် တတ်သော သဘောများကို မြင်သာစေသည်။
“အင်ဂျင်နီယားရင်း” (Engineering) ၏ ဝေါဟာရပိုင်းဆိုင်ရာ အခြေခံဝေါဟာရဗေဒအရ ပြောရမည်ဆိုလျှင် အင်ဂျင်နီယားရင်းဆိုသည်မှာ အရစ်(စ်)တိုတယ်(လ်)၏ စစ်မှန်သောအတွေးအခေါ် တစ်ခုဖြစ်သည့် ရှေးခေတ်ဂရိများ၏ ဒဿနိကကိုအခြေခံလာသော အခေါ်အဝေါ်ဖြစ်သည့် နည်းနာ (Techne) ဆိုသော ထုတ်လုပ်မှုစွမ်းရည် သို့မဟုတ် ဖြစ်ထွန်းအောင်လုပ်သည့် အနုပညာဆိုသည့် စကားရပ်ကနေ ဆင်းသက်လာဟန် ရှိသည်။ နည်းနာဆိုသောစကားထဲတွင် ခေတ်သစ်အင်ဂျင်နီယားရင်း အဓိပ္ပာယ်သတ်မှတ်ချက်များပါဝင်သော ဖန်တီးတီထွင်ခြင်းနှင့် ကျွမ်းကျင်ပါးနပ်စွာပြုလုပ်ခြင်းတို့ ပါဝင်နေသည်။
ယခုခေတ်အခါမှာ ဖွင့်ဆိုနေကြသော “အင်ဂျင်နီယားရင်း” ဆိုသည်မှာ ရှေးခေတ်ဂရိတို့တွင် မရှိခဲ့သေးသလို ခေတ်သစ်ပုံစံအဖြစ် ဆင့်ကဲပြောင်းလဲလာခြင်းမျိုး မဟုတ်ကြောင်း သိသာထင်ရှားစေသည်။
အနောက်တိုင်း၏ အတွေးအခေါ်များအပေါ် ရှေးခေတ်စာပေအရေးအသားများ လွှမ်းမိုးခဲ့ခြင်းမျိုး ကျန်ရှိနေဟန်တူသည်။ “အင်ဂျင်နီယားရင်း” ဆိုသည်မှာ လက်တင်ဝေါဟာရအရင်းအမြစ်ကလာသော အင်ဂျင်နီအာရယ် (Ingeniare) တီထွင်ခြင်း၊ ဖန်တီးခြင်း သို့မဟုတ် ဖြစ်မြောက် အောင်ကြံဆောင်ခြင်းဆိုသော အဓိပ္ပာယ်ရှိသည်။ အင်ဂျင်နီယာဆိုသော အခေါ်အဝေါ်သည် အလယ်ခေတ် ကာလခန့်တွင် အစပြုခဲ့ပြီး စစ်သုံးလက်နက်ကိရိယာတန်ဆာပလာများနှင့် ဆက်စပ်နေသော စစ်သည်တော်များ၊ မြို့ပြလူနေမှု တည်ဆောက်ရေးများကို တီထွင်ကြံဆလုပ်ကိုင်ကြသော ဗိသုကာပညာရှင်များနှင့် အရင်ဆုံး ပတ်သက်ဆက်စပ်ခဲ့သည်။
စာရေးသူအချို့၏ ဖော်ပြချက်များအရတပ်မတော်များသည် အင်ဂျင်နီယာများပါသော တပ်ခွဲများရှိ ဦးဆောင်အရာရှိများ၏ ပညာရေးလိုအပ်ချက်ကို ဖြည့်ဆည်းလေ့ကျင့်သင်ကြားခြင်းမျိုး ရှိခဲ့သည်။ နပိုလီယန်၏ အရာရှိများကို သင်တန်းပေးသော ပြင်သစ်နိုင်ငံမှ အီကိုးလ် သိပ္ပံ နည်းပညာကောလိပ် (Ecole Polytechnic) (၁၇၉၄ ခုနှစ်) သည် ပထမဆုံးအသိအမှတ်ပြု အင်ဂျင်နီယာတက္ကသိုလ် ဖြစ်လာခဲ့သည်။
အလားတူ ယူအက်(စ်) စစ်တက္ကသိုလ် ဝက်စ်ပွိုင့် (US Military Academy, West Point) သည်လည်း ယူအက်(စ်)၏ ပထမဆုံးအင်ဂျင်နီယာတက္ကသိုလ် ဖြစ်လာ ခဲ့သည်။ ဤသို့ တပ်မတော်များက အစပြုခဲ့ပုံများကို အင်ဂျင်နီယာအများစု သတိမပြုမိကြသော်လည်း တပ်မတော်နှင့်ဆိုင်သော “စစ်သည်တော်များ” သို့မဟုတ် “စစ်ပွဲ” စသော အခေါ်အဝေါ်များသည် အင်ဂျင်နီယာဆိုသော စကားလုံးနှင့် ယခုထက်ထိတိုင် မသိမသာ အပြန်အလှန် ဆက်စပ်နေသည်။
အင်ဂျင်နီယာနှင့် အင်ဂျင်နီယားရင်း (Engineering) ဆိုသော အသုံးအနှုန်းများသည် အရပ်ဘက်မှာ ပိုမိုအသုံးများလာသောအခါ အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် နိုင်ငံများနှင့် ဓလေ့ထုံးတမ်းများအကြားတွင် စတင်ကွဲပြားလာပါတော့သည်။ အင်္ဂလိပ်စကားပြောကြသော နိုင်ငံများတွင် အင်ဂျင်နီယားရင်း၏ ပထမဆုံးခေတ်သစ် အရပ်ဘက်ဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် “UK မြို့ပြအင်ဂျင် နီယာများအသင်း” (Institution of Civil Engineers, UK) ၏ ပဋိညာဉ်ကနေ အကြောင်းပြု ထွက်ပေါ် လာသည်လို့ ယေဘုယျအားဖြင့် လက်ခံထားကြသည်။
ယုတ္တိဗေဒနှင့် သိပ္ပံဘာသာရပ်သည် ၁၉ ရာစု နှင့် ၂ဝ ရာစုများမှာ လွှမ်းမိုးကြီးစိုးလာခဲ့သောကြောင့် သိပ္ပံဆိုင်ရာ ရှာဖွေလေ့လာတွေ့ရှိချက်မှ အသိအမြင်ဗဟုသုတများကို စက်မှုလုပ်ငန်း၏ ထုတ်ကုန်များနှင့် လုပ်ငန်းစဉ်များတွင် အလျင်အမြန် ပူးပေါင်းလာပါတော့သည်။
ထို့ပြင် စက်မှုလုပ်ငန်းများ၏ ထုတ်လုပ်ခြင်းများ၌ ၁၉ ရာစု တစ်လျှောက်တွင် စက်ယန္တရားများကို ပိုမိုပြီး အစားထိုးလာခဲ့ကြသည်။ ဤသို့ စက်ယန္တရားအစားထိုးအသုံးပြုခြင်းများအား အတော်လေး အရှိန်အဟုန်ကောင်းလာခဲ့သောကြောင့် အင်ဂျင်နီယာများသည် စက်မှုလုပ်ငန်းများနှင့် ပို၍နှီးနွှယ်လာပါတော့သည်။
မြန်မာနိုင်ငံတွင် အင်ဂျင်နီယာပညာရေးအား အဆင့်မြင့်ပညာရေးကဏ္ဍတွင် ရန်ကုန်တက္ကသိုလ်၌ စတင်ခဲ့သည်မှာ နှစ်တစ်ရာတိုင်ခဲ့ပြီဖြစ်သည်။ သို့ရာတွင် မြန်မာနိုင်ငံ၏ ရေမြေ သဘာဝ၊ လူမှုဘဝနှင့် ကိုက်ညီသည့် “အင်ဂျင်နီယာပညာရေးအဓိပ္ပာယ်” ကို အနာဂတ်ကာလတွင် ပြဋ္ဌာန်းချမှတ် သတ်မှတ်ပေးနိုင်ရန်အတွက် ဆရာ၊ ဆရာမများ၊ အင်ဂျင်နီယာပညာရှင်များ၊ နည်းပညာရှင်များ၊ နည်းပညာကျွမ်းကျင်သူများနှင့် အင်ဂျင်နီယာလုပ်ငန်းနှင့် ဆက်စပ်နေသူများအတွက် လွန်ခဲ့သော နှစ် “၁၀၀” ကာလအတွင်း တိုးတက်ပြောင်းလဲလာမှုများကို အခြေခံ၍ ပြုစုရေးသားတင်ပြလိုက်ပါသည်။ အထက်ဖော်ပြပါအတိုင်း အင်ဂျင်နီယာပညာရေးဆိုင်ရာ နိုင်ငံတကာစာတမ်းစတင်ပေါ်ပေါက်ခဲ့ပြီး ခြောက်နှစ် အကြာတွင် မြန်မာနိုင်ငံ၌ အင်ဂျင်နီယာပညာရေးစတင်ခဲ့သည်ကို ဂုဏ်ယူစွာဖော်ပြအပ်ပါသည်။ ယခုအခါ KG+12 စနစ် ပေါ်ထွန်းလာပြီဖြစ်သည့်အတွက် အင်ဂျင်နီယာပညာရေးကို KG+12 ပြီးလျှင် ပညာသင်နှစ် ဘယ်နှနှစ်ဖြင့် သင်ကြားမလဲဆိုသည့် မေးခွန်းအတွက်လည်း စဉ်းစားနိုင်အောင် တင်ပြခြင်းဖြစ်သည်။
နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ အင်ဂျင်နီယာပညာရပ်သည် လူမှုသိပ္ပံပညာနှင့် နည်းပညာတို့ ဒွန်တွဲနေသည့် ဘာသာရပ်အဖြစ် သိသာထင်ရှားလာသည်ဖြစ်ပါ၍ အဆိုပါလိုအပ်ချက်နှင့်အညီ မိမိတို့၏ မျိုးဆက်သစ်လူငယ်များကို ခေတ်ကာလ လိုအပ်ချက်နှင့်အညီ ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းကြပါစို့လို့ ရေးသားတင်ပြအပ်ပါသည်။ ။
မိမိမိတ်ဆွေများနှင့် ဘတ်ကနေးတက္ကသိုလ်က ဒေါက်တာအလန်လ်ရှယ်ဗယ် ရေးသားသည့် Defining Engineering Education ကို အကြိမ်ကြိမ် ဘာသာပြန်ရေးသားဆွေးနွေးခဲ့သည်ကို မြန်မာနိုင်ငံရဲ့ အင်ဂျင်နီယာ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ပြင်ဆင်ရေးသားဖော်ပြခြင်း ဖြစ်ပါသည်။