သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ၂၀၂၄ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
နေပြည်တော် အောက်တိုဘာ ၃၀
သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား အားကစားပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် ဝန်ကြီးဌာန ပိုင်အားကစားကွင်းများတွင် ဆက်လက် ကျင်းပ ယှဉ်ပြိုင်လျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် တာဝန်ရှိသူများ၊ ကျောင်းသားများ တက်ရောက်ကြည့်ရှု အားပေးကြသည်။
(အမျိုးသား) ဖူဆယ်ဘောလုံးပြိုင်ပွဲများ ကို ယနေ့နံနက်ပိုင်းတွင် အစိုးရစက်မှုလက်မှု သိပ္ပံ(နေပြည်တော်)၌ ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ကြပြီး (အမျိုးသား) ဘော်လီဘော ဗိုလ်လုပွဲ ပွဲစဉ်ကို ညနေပိုင်းတွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း အားကစားလေ့ကျင့်ရေး ခန်းမ(၁)၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစား ခဲ့ကြကာ အဆင့်မြင့် သိပ္ပံနှင့်နည်းပညာ ဦးစီးဌာနအသင်း(က)က အနိုင်ရ ဗိုလ်စွဲခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ ညွှန်ကြားရေးမှူးချုပ်များက ပထမဆုရရှိသည့် အသင်းနှင့် ဒုတိယဆု ရရှိသည့်အသင်းတို့မှ ကစားသမားများကို တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုကို လည်းကောင်း၊ ဒုတိယဝန်ကြီးက ပထမဆု ရရှိသည့်အသင်းအား ငွေသားဆုနှင့် တံခွန်စိုက် ဖလားဆုကို လည်းကောင်း ပေးအပ် ချီးမြှင့်ကြပြီး နည်းပြများနှင့် ပြိုင်ပွဲဝင် အားကစားသမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ ဂုဏ်ပြုအားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။