မင်္ဂလာဓလေ့ စဉ်အောက်မေ့ ကြည်နူးချမ်းမြေ့ “ဒီပါဝလီ”နေ့
စာရေးသူတို့နိုင်ငံဟာ ပန်းမျိုးစုံ အရောင်အသွေး စုံစုံလင်လင်နဲ့ တင့်တင့်တယ်တယ်ဖူးပွင့်နေတဲ့ ဥယျာဉ်ကြီးတစ်ခုနဲ့ အလားတူပါတယ်။ မတူကွဲပြားတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ တစ်မြေတည်းနေ တစ်ရေတည်းသောက်ပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဥမကွဲသိုက်မပျက် အစဉ်အဆက် နေထိုင်လာခဲ့ကြတာ ယနေ့ထိတိုင်ပဲဖြစ်ပါတယ်။
လူမျိုးစုအသီးသီးတို့ရဲ့ ထုံးဓလေ့အစဉ်အလာတွေနဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကလည်း ပေါကြွယ်လှပါတယ်။ သို့ပင်ဖြစ်လင့်ကစား လူမျိုးစုအချင်းချင်းကြားမှာ အမျက်အဤမရှိကြဘဲ ချစ်ကြည်ရင်းနှီးမှုနဲ့ နွေးထွေးပေါင်းစည်း ခဲ့ကြတာဖြစ်ပါတယ်။ သမနိရှည်ကြာလှပြီဖြစ်တဲ့ သမိုင်းကြောင်းကာလတစ်လျှောက် တစ်ဦးကိုတစ်ဦး အပြန်အလှန် လေးစားတန်ဖိုးထားမှုတွေနဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို အရင်းတည်ပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခဲ့ကြတာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့လည်း တရုတ်နှစ်သစ်ကူးနေ့၊ ခရစ္စမတ်နေ့တွေကို အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပြီး အခမ်းအနားတွေကို တက်ရောက်ချီးမြှင့်လေ့ ရှိပါတယ်။
ဒီကနေ့ကတော့ ဟိန္ဒူဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ ဒီပါဝလီနေ့ ဖြစ်ပါတယ်။ ဟိန္ဒူဘာသာဝင်တို့ရဲ့ ပွဲတော်တွေထဲမှာ အကျော်ကြားဆုံး ပွဲတော်တစ်ခုပါပဲ။ နှစ်စဉ်နှစ်တိုင်း ဆောင်းဦးရာသီရောက်ရင် ဒီပါဝလီပွဲတော်ကို ဆင်နွှဲကြလေ့ရှိပါတယ်။ ဒီပါဝလီနေ့ကို နိုင်ငံအတော်များများမှာ တရားဝင် အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသလို စာရေးသူတို့နိုင်ငံမှာလည်း ရုံးပိတ်ရက်အဖြစ် တရားဝင်အသိအမှတ်ပြုထားတဲ့ ရက်တစ်ရက်ဖြစ်ပါတယ်။
တချို့နိုင်ငံများမှာ ဒေဝါလီနေ့ (Diwali) လို့ သုံးကြသလို တချို့နိုင်ငံတွေကတော့ ဒီပါဝလီနေ့(Deepavali) လို့သုံးကြပါတယ်။ အိန္ဒိယနိုင်ငံတောင်ပိုင်းနဲ့ မြောက်ပိုင်းတို့ရဲ့ အနည်းငယ်ကွဲလွဲတဲ့ အခေါ်အဝေါ်ဖြစ်ပေမယ့် တူညီတဲ့အဓိပ္ပာယ်ကတော့ ဟိန္ဒူဘာသာဝင်တို့ရဲ့ မီးထွန်းပွဲတော်တစ်ခုပဲ ဖြစ်ပါတယ်။
ဒီပါဝလီပွဲတော်ဖြစ်ပေါ်လာပုံ အခြေခံအကြောင်းရင်းများကို စာဖတ်သူမိတ်ဆွေများထံ အကျဉ်းမျှ တင်ပြပေးလိုပါတယ်။
ကာလီမယ်တော်ကြီးကို ပူဇော်တဲ့ပွဲ။ သီတင်းကျွတ်လကွယ်ညဟာ တစ်နှစ်တာလုံးမှာ အမှောင်ဆုံးညလို့ ယူဆပြီး အဲဒီလို အမှောင်ဆုံးည၊ အမှောင်ဆုံးနေ့၊ အမှောင်ဆုံးအချိန်မှာ ကာလီမယ်တော်ကြီးကို ဆီမီးများနဲ့ ရှိခိုးပူဇော်ကြတာကို အစွဲပြုပြီး မီးထွန်းပွဲတော် ဒီပါဝလီပွဲတော်ဖြစ်လာရတယ်လို့ ဆိုကြပါတယ်။
လက်ချ်မီးမယ်တော်ကို ပူဇော်တဲ့ပွဲ။ မိမိအိမ်မှာ ဆီမီးတွေထိန်နေအောင် ပူဇော်ထားရင် လက်ချ်မီးမယ်တော်ကိုယ်တိုင် ကြွရောက်လာပြီး ကောင်းချီးမင်္ဂလာနဲ့ ချမ်းသာကြွယ်ဝမှုတွေပေးတယ်လို့ ယုံကြည်ကြတဲ့အတွက် မီးပူဇော်ကြတာဖြစ်ပါတယ်။
ရာမမင်းနဲ့သီတာဒေဝီကို ကြိုဆိုတဲ့ပွဲ။ နောက်ထပ် အယူအဆတစ်ခုကတော့ ရာဝဏ(ဒဿဂီရိ)ကို အောင်နိုင်ပြီး ရာမမင်းနဲ့ သီတာဒေဝီတို့ အယုဒ္ဓယကိုပြန်လာတဲ့အခါ အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ဆီမီးထွန်းညှိ ပူဇော်ကြတာကို အစွဲပြုပြီး ဒီပါဝလီပွဲတော်ဖြစ်လာတယ်လို့ ဆိုကြပါတယ်။
ဒီပဆိုတာက မီးရဲ့အလင်းရောင်ဖြစ်ပြီး ဝလီဆိုတာက ထွန်းညှိခြင်းဖြစ်ပါတယ်။ ဒီပါဝလီဆိုတော့ ဆီမီးထွန်းညှိပူဇော်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ မီးပူဇော်ခြင်းအားဖြင့် အလင်းက အမှောင်ကိုခွင်းနိုင်လိုက်သလို အဆိုးအညံ့တွေ ရှိခဲ့ရင်လည်း ကောင်းမြတ်ခြင်းတွ ေရောက်လာပါစေ၊ လက်မှိုင်ချရတဲ့ အခြေအနေတွေရှိခဲ့ရင်လည်း မျှော်လင့်ချက်အားမာန်တွေ ရောက်ရှိလာပါစေဆိုတဲ့ အဓိပ္ပာယ်နဲ့ မီးပူဇော်ကြတာဖြစ်ပါတယ်။
ဒါကြောင့်မို့ ဒီပါဝလီညမှာ အိမ်မှာရှိတဲ့ ဝင်ပေါက်ထွက်ပေါက်တွေ၊ ပြတင်းပေါက်တွေနဲ့ အဆောက်အအုံတွေပတ်ပတ်လည်မှာ ဆီမီးထွန်းညှိပူဇော်ကြတာဖြစ်ပါတယ်။ ဒီပါဝလီညမရောက်ခင်မှာ ဘာသာဝင်တွေက အိမ်သန့်ရှင်းရေး ပြုလုပ်တာတွေ၊ ကိုယ်လက်သန့်စင်တာတွေ ဆောင်ရွက်ကြပြီး ဒီပါဝလီညကို ကြိုဆိုကြပါတယ်။
အိန္ဒိယမှာဆိုရင် ဒီပါဝလီနေ့မှာ ငွေကြေးစာရင်း အဟောင်းတွေပိတ်ပြီး စာရင်းအသစ်ဖွင့်တဲ့နေ့အဖြစ် သတ်မှတ်ခံယူကြတယ်လို့တောင် သိရပါတယ်။
ကြွေးမြီရှိရင်လည်း ဒီပါဝလီနေ့မတိုင်ခင်မှာ စာရင်းရှင်းလင်းကြပြီး နောက်တစ်နေ့မှာ စာရင်းအသစ် ဖွင့်ကြတယ်လို့ဆိုပါတယ်။ စာရင်းအသစ်ဖွင့်တဲ့အခါမှာလည်း ဒီပါဝလီညကပူဇော်ပွဲမှာ အသုံးပြုထားတဲ့ မင်အိုးအသစ်၊ ကလောင်အသစ်၊ စာအုပ်အသစ်တွေကို မင်္ဂလာရှိတဲ့ ပစ္စည်းများအဖြစ် မှတ်ယူပြီး အသုံးပြုကြလေ့ရှိတယ်လို့ မှတ်သားရပါတယ်။
ဒီပါဝလီနေ့မှာ လုပ်ငန်းကိုင်ငန်းတွေ နားထားတာမို့ တစ်နှစ်စာငွေကြေးတွေကို ပိုက်ဆံသေတ္တာထဲထည့်ပြီး ကုဝေရနတ်မင်းကြီးထံ အပ်နှံလို့ စောင့်ရှောက်မှု ခံယူကြပါတယ်။ ရွှေပြားငွေပြားတွေကို ဖြန့်ခင်းပြီး လက်ချ်မီးမယ်တော်အတွက် အခင်းအဖြစ် ပူဇော်ကြပါတယ်။ လက်ချ်မီးမယ်တော် အခင်းအဖြစ်ထိုင်သွားတဲ့ ရွှေငွေရတနာတွေဟာ မယ်တော်ရဲ့တန်ခိုးအာနိသင်ကြောင့် ဝတ်ဆင်သူ၊ ကိုင်တွယ်အသုံးပြုသူတွေကို ကျန်းမာချမ်းသာပြီး ဘေးအန္တရာယ်ကင်းစေတယ်လို့ ယူဆကြတာကြောင့်ဖြစ်ပါတယ်။
အရောင်းအဝယ်ပြုလုပ်ရာမှာ အသုံးပြုကြတဲ့ ချိန်ခွင်၊ ကတ္တား၊ ကိုက်တံ၊ ပေတံ၊ ပြည်တောင်း၊ တင်းတောင်း စတာတွေကိုလည်း ဆေးကြောသန့်စင်ပြီး တုလာဒေဝီကို ပင့်ဖိတ်ပူဇော်အပ်နှံကြပါတယ်။ အရောင်းအဝယ် ကောင်းပါစေကြောင်း၊ အလှူဒါနများစွာပြုနိုင်ပါစေကြောင်း ဆုတောင်းကြပါတယ်။ တစ်ညလုံး ဆီမီးများကို ထိန်ထိန်ညီးအောင် ထွန်းညှိထားကြပြီး ကျမ်းစာတွေ ရွတ်ဖတ်ပူဇော်နေကြတဲ့ မြင်ကွင်းဟာဖြင့် အင်မတန်မှ စိတ်နှလုံးကြည်နူး ဖွယ်ကောင်းလှပါတယ်။
ဒီပါဝလီနေ့ဟာ ဟိန္ဒူဘာသာဝင်တွေအတွက် အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်သလို အခြားဘာသာဝင်တွေ အတွက်လည်း အလုပ်ပိတ်ရက်၊ ရုံးပိတ်ရက်ဖြစ်တဲ့အတွက် လောကီ၊ လောကုတ် နှစ်ဖြာသောအကျိုးအတွက် ကောင်းမြတ်တဲ့လုပ်ငန်းဆောင်တာတွေကို စိတ်လက်ချမ်းသာစွာနဲ့ အေးအေးလူလူ ဆောင်ရွက်နိုင်ကြမှာဖြစ်ပါတယ်။ ဒီကနေ့မှာ ကျရောက်တဲ့ ဒီပါဝလီနေ့မှသည် ဟိန္ဒူဘာသာဝင်တို့နှင့်တကွ ပြည်ထောင်စုမြန်မာနိုင်ငံသားများ အားလုံး ငြိမ်းချမ်းသာယာ၍ မင်္ဂလာရှိသောနေ့ရက် အပေါင်းကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။ ။