မန်ယူအသင်းက လစ်လပ်နေသည့် အသင်းနည်းပြသစ်နေရာတွင် နည်းပြအမိုရင်ကို  သုံးနှစ်စာချုပ်ဖြင့် ခန့်အပ်မည်

 

မန်ယူအသင်းက လစ်လပ်နေသည့် အသင်းနည်းပြသစ်နေရာတွင် နည်းပြအမိုရင်ကို  သုံးနှစ်စာချုပ်ဖြင့် ခန့်အပ်မည်

 

မန်ချက်စတာ အောက်တိုဘာ ၃၁

မန်ယူအသင်းက  နည်းပြတန်ဟတ်နှင့် စာချုပ် ဖျက်သိမ်းကာ  လမ်းခွဲပြီးနောက်  လစ်လပ်နေသည့် အသင်းနည်းပြသစ်နေရာတွင်    စပို့တင်းလစ္စဘွန်း အသင်းနည်းပြအမိုရင်ကို သုံးနှစ်စာချုပ်ဖြင့် ခန့်အပ် မည်ဖြစ်ကြောင်း သိရသည်။

မန်ယူအသင်းသည်   ယခုဘောလုံးရာသီအစ ပိုင်းတွင် ရလဒ်များဆက်တိုက်ဆိုးရွားခဲ့ပြီး ပြိုင်ပွဲစုံ နောက်ဆုံးကစားသည့်ရှစ်ပွဲတွင်  တစ်ပွဲသာအနိုင် ရရှိခဲ့သောကြောင့် ဝက်စ်ဟမ်းအသင်းကို  ရှုံးနိမ့်ခဲ့ သော ပွဲစဉ်အပြီးတွင် နည်းပြတန်ဟတ်ကို ရာထူးမှ ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းသည် အစောပိုင်းက လက်ရှိယာယီ နည်းပြအဖြစ်    တာဝန်ပေးအပ်ထားသည့်      နည်းပြ ဗန်နစ္စတယ်ရွိုင်းကို  ယခုဘောလုံးရာသီကုန်အထိ တာဝန်ပေးအပ်ရန်ဆုံး ဖြတ်ထားသော်လည်း နောက်ဆုံးတွင် အမြဲတမ်းနည်းပြအဖြစ် နည်းပြအမိုရင်ကို ခန့်အပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းက နည်းပြတန်ဟတ်ကို ထုတ်ပယ် ပြီးနောက်  နည်းပြသစ်အဖြစ်  အမိုရင်ကိုခန့်အပ်ရန် ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ရာ နည်းပြအမိုရင် ကိုယ်တိုင်ကလည်း မန်ယူအသင်း၏ စီမံကိန်းများကို သဘောကျသည့်အတွက် မန်ယူအသင်း၏ကမ်းလှမ်း မှုကို လက်ခံခဲ့ခြင်းဖြစ်သည်။

အသက်  ၃၉  နှစ်အရွယ်  နည်းပြအမိုရင်သည် ပရော်ဖက်ရှင်နယ်နည်းပြဘဝကို  ၂၀၁၉ ခုနှစ်က ဘရာဂါအသင်းနှင့်စတင်ပြီးနောက်  ၂၀၂၁  ခုနှစ်က စပို့တင်းလစ္စဘွန်းအသင်းကို   စတင်တာဝန်ယူ ကိုင်တွယ်ရာ   ပထမဆုံးဘောလုံးရာသီ၌     ပေါ်တူဂီ လိဂ်တွင် အဆင့် (၂) ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ပြီးခဲ့သည့်ဘောလုံးရာသီက ချန်ပီယံဆုဆွတ်ခူးပေး နိုင်ခဲ့သည်။   စပို့တင်းလစ္စဘွန်း အသင်းသည်  ယခု ဘောလုံးရာသီတွင်လည်း  ပေါ်တူဂီလိဂ်ပြိုင်ပွဲတွင် ကိုးပွဲကစားခဲ့ရာ  ကိုးပွဲအနိုင်ရရှိထားပြီး   ရှုံးထွက် ဖလားပြိုင်ပွဲတွင်လည်း ဆီမီးဖိုင်နယ် အဆင့်သို့ တက် ရောက်နိုင်ခဲ့သည်။

မန်ယူအသင်းက နည်းပြအမိုရင်ကို သုံးနှစ်စာချုပ် အတွက် လုပ်ခလစာ စတာလင်ပေါင်  ၁၉ ဒသမ ၅  သန်း ပေးချေရမည်ဖြစ်ပြီး နည်းပြအမိုရင်အနေဖြင့် ယူရိုပါလိဂ်ပွဲစဉ်အဖြစ်ကစားမည့် ပေါက်အသင်းနှင့် ပွဲစဉ်ကို   စတင်တာဝန်ယူ ကိုင်တွယ်ဖွယ်ရှိကြောင်း သိရသည်။                  

Dates: 
Friday, November 1, 2024 - 12:41