အရှေ့အလယ်ပိုင်းမှာ အမေရိကန်ရှုပ်ခဲ့သမျှ ဝင်ရှင်းပေးရတော့မယ့် တရုတ်
ဂျိုးဘိုင်ဒင်တစ်ယောက် ၂၀၂၀ ပြည့်နှစ်ရွေး ကောက်ပွဲအပြီးမှာ ကတိပြုခဲ့တဲ့စကားတစ်ခွန်းရှိပါ တယ်။ အဲဒါကတော့ အမေရိကန်ပြည်ထောင်စုကို ပြန်လည်တည်ဆောက်မယ်၊ နိုင်ငံကို လူရိုသေရှင်ရိုသေဖြစ်အောင်ပြန်လုပ်မယ်၊ နိုင်ငံစည်းလုံးရေးကို အဓိကဦးစားပေးမယ်ဆိုတာပါပဲ။
အဲဒီနောက်ပိုင်းမှာတော့ သူဟာအမေရိကန်ပြည်ထောင်စုအတွက် တစ်ကမ္ဘာလုံးဆိုင်ရာ အမြင်အသစ်တစ်ခုကို တင်ပြခဲ့ပြီး "အမေရိကန်ပြန်လာပြီ။ သံတ မန်ရေးက နိုင်ငံခြားရေးမူဝါဒရဲ့ မဏ္ဍိုင်ဖြစ်လာပြီ" လို့ အမေရိကန်သံတမန်များရှေ့မှောက်မှာ ဟစ်ကြွေး ခဲ့ပါသေးတယ်။
ဒါ့အပြင် အမေရိကန်နိုင်ငံသည်သာလျှင် ကမ္ဘာ့ နိုင်ငံများက အားကိုးအားထားပြုရလောက်တဲ့ နိုင်ငံ အဖြစ်ကိုရောက်ရှိနေပြီဖြစ်ကြောင်း၊ အမေရိကန်က တရုတ်နိုင်ငံနဲ့ယှဉ်ပြိုင်နေရကြောင်း အစရှိတဲ့စကားလုံးလှလှလေးတွေနဲ့ ပြည်သူများရဲ့အာရုံကိုဖမ်းစားခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံတော်တော်များများကလည်း ဂျိုးဘိုင်ဒင်ရဲ့စကားလုံးတွေထဲမှာ တမေ့တမြော မေ့မြောလာရပါတယ်။
အဲဒီနောက် အချိန်အားဖြင့်လေးနှစ်ကြာပြီးတဲ့ အချိန်၊ ဂျိုးဘိုင်ဒင်အနေနဲ့လည်း သူ့ရဲ့ရာထူးနေရာ မှာ လပိုင်းမျှသာကျန်ရှိတော့တဲ့အချိန်မှာ အမေရိကန်ရဲ့ ကမ္ဘာတစ်ဝန်းရပ်တည်မှုက ဘေးရန်များနဲ့ရင်ဆိုင်လာရပါတယ်။ သူကတော့ သံတမန်ရေးကနိုင်ငံခြားရေး မူဝါဒရဲ့မဏ္ဍိုင်ဖြစ်လာပြီလို့ ကြွေးကြော်ခဲ့သော်လည်း လက်ရှိအရှေ့အလယ်ပိုင်းအရေးကိုကြည့်မယ် ဆိုရင် အမေရိကန်ရဲ့သံတမန်ရေး အားနည်းချက်က ဘယ်လောက်အထိ ဆိုးဝါးနေတယ်ဆိုတာကို မြင်တွေ့ရမှာပါ။
အရင်ဆုံး ဂျိုးဘိုင်ဒင်တစ်ယောက် အာဖဂန်ကနေ တပ်တွေကို ရုတ်တရက်ကြီးဆုတ်ခွာလိုက်တယ်။ ခွာစစ်စီမံချက်တောင် မရှိလိုက်သလိုပါပဲ။ သူ့ရဲ့လွဲမှားတဲ့ စီမံခန့်ခွဲမှုတွေကြောင့် အရှေ့အလယ်ပိုင်းမှာ ဒေသတွင်းစစ်ပွဲဖြစ်ပွားရတဲ့အထိဖြစ်လာရပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ကမ္ဘာ့တောင်ခြမ်းမှာ ရှိတဲ့နိုင်ငံတွေက အမေရိကန်နဲ့ကွေကွင်း လာကြသလို ရေရှည်မှာ တရုတ်ကိုယှဉ်ပြိုင်မယ်ဆိုတဲ့ သူ့ရဲ့ကြိုးပမ်းမှုတွေကလည်း ပျက်စီးလုနီးပါးဖြစ်လာရပါတော့တယ်။
သူ့အရင်သမ္မတအဆက်ဆက်ဟာ အထိအခိုက် မခံတဲ့ အရှေ့အလယ်ပိုင်းအရေးကို အဓိကဦးစားပေး ပြီး တည်ငြိမ်အောင် ဆောင်ရွက်သွားကြသူတွေဖြစ်ပါတယ်။ အနီးဆုံးကိုပြပါဆိုရင် ဘားရက်အိုဘားမား ပေါ့။ သူကအီရန်နဲ့ နျူကလီးယားသဘောတူညီချက် တစ်ရပ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်လက်ထက်ကျတော့လည်း အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကြားက ပဋိပက္ခကို ပြေလည်နိုင်စေဖို့အတွက် အေဘရာဟမ်သဘောတူညီချက်နဲ့ ဖုံးဖုံးဖိဖိလုပ်ဆောင်ခဲ့သလို အစ္စရေးနဲ့ဒေသတွင်း အစိုးရအဖွဲ့များကြား ပုံမှန်ဆက်ဆံရေးတွေ ရရှိနိုင်စေဖို့အတွက် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဂျိုးဘိုင်ဒင်လက်ထက်မှာတော့ အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံးဟာ စစ်မီးစစ်လျှံတွေ တောက်လောင်ပြီး ကပ်ဆိုးကြီးတစ်ခုကိုပင် ဖြစ်လာစေခဲ့တာပါ။
ဂျိုးဘိုင်ဒင်လက်ထက်မှာ အီရန်နဲ့နျူကလီးယား သဘောတူညီချက်ကို ပြန်လည်သုံးသပ်ဆွေးနွေးမှု တွေမလုပ်နိုင်ခဲ့ပါဘူး။ ဒီအခြေအနေကပဲ အမေရိကန် ကို ဟိုးအောက်ဆုံးအထိ ဆွဲချသွားတာလို့ပြောရင်မှားမယ်မထင်ပါဘူး။ နောက်ထပ်တစ်ချက်က စည်းမျဉ်းကိုအခြေခံသော ကမ္ဘာ့အစီအစဉ်ကို ဖော်ဆောင်နေပါတယ်လို့ဆိုတဲ့ အမေရိကန်ရဲ့လက်အောက်မှာ အစ္စရေးကကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအပေါ် စုံစမ်းဖော်ထုတ်ခွင့်တောင်မှမရခဲ့ပါဘူး။
တစ်နည်းပြောရမယ်ဆိုရင် ဂျိုးဘိုင်ဒင်လက်ထက် မှာ အရှေ့အလယ်ပိုင်းဒေသက နိုင်ငံတကာတရားဥပဒေကိုမထီမဲ့မြင်ပြုပြီး မြှုပ်နှံရာနေရာဖြစ်မှန်းမသိ ဖြစ်လာနေပါပြီ။ ဂါဇာကနေဘေရွတ်အထိ အရပ်သား သေဆုံးမှုတွေ၊ ထိခိုက်ဒဏ်ရာရမှုတွေက တောင်လိုပုံနေချိန်မှာ ဂျိုးဘိုင်ဒင်ရဲ့ အစိုးရအဖွဲ့ကတော့ သူ့ရဲ့ လက်နက်တွေကို အစ္စရေးဆီ ထောက်ပံ့ပေးနေတုန်းပါပဲ။
လက်ရှိအမေရိကန်ရဲ့လုပ်ရပ်တွေက ကြောင်အို လို့ကြွက်မလေးတဲ့ အနေအထားကို ဆိုက်ရောက်မှန်း မသိ ဆိုက်ရောက်လာနေပါတယ်။ အပစ်အခတ်ရပ်စဲရေးကို တွင်တွင်အော်နေပေမယ့် သူ့စကားကိုဘယ်သူကမှ နားမထောင်ကြတော့ပါဘူး။ အရှေ့အလယ်ပိုင်းမှာ ဘက်စုံစစ်ပွဲဖြစ်ပွားမှုကို တားမြစ်ဖို့ကြိုးစား ရင်းကနေ တစ်ဖက်မှာအီရန်နဲ့စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံမှုတွေဆီ လျှောက်လှမ်းနေပြန်ပါတယ်။
တကယ်လို့များ အစ္စရေးက အီရန်ရဲ့အရေးပါတဲ့ အခြေခံအဆောက်အဦတွေနဲ့ နျူကလီးယားစက်ရုံ တွေကိုတိုက်ခိုက်လာမယ်ဆိုရင် ပင်လယ်ကွေ့ဒေသမှာရှိတဲ့ အမေရိကန်ရဲ့အကျိုးစီးပွားတွေပါ ပျက်စီး စေရမယ်လို့လည်း အီရန်က အကြိမ်ကြိမ် သတိပေးထားပါတယ်။ အဲဒီလိုပျက်စီးမယ့်အထဲမှာ ကမ္ဘာ့စွမ်း အင်ထောက်ပံ့ရေး လမ်းကြောင်းကြီးတစ်ခုလုံးလည်း ပါဝင်သွားနိုင်ပါတယ်။ ဟော်မုရေလက်ကြားကိုပြောတာပါ။
ဒီအချိန်မှာ အမေရိကန်ဟာ အရှေ့အလယ်ပိုင်းနဲ့ ပတ်သက်ပြီး ရှေ့ကိုလည်းဆက်မတိုးနိုင်၊ နောက်ကို လည်းမဆုတ်နိုင်တော့တဲ့ အခြေအနေဖြစ်လာစဉ်မှာပဲ တရုတ်နိုင်ငံကတော့ အမေရိကန်ရှုပ်ထားသမျှကို ဖြေရှင်းပြီး ကမ္ဘာ့ခေါင်းဆောင်နေရာကိုတက်လှမ်းဖို့အတွက် အသင့်ဖြစ်နေပါပြီ။ တရုတ်နိုင်ငံက ပါလက် စတိုင်းအရေးကိုသာမက အစ္စလာမ်မစ်နိုင်ငံများနဲ့ ဆက်ဆံရေးမှာ ကျွမ်းကျင်မှုရှိတာကို တွေ့လာရပါတယ်။ ဒီလိုမျိုးကျွမ်းကျင်မှုတွေကြောင့်ပဲ အစ္စလာမ် မစ်အင်အားကြီးနိုင်ငံများနဲ့ နီးကပ်တဲ့မဟာဗျူဟာ မြောက်ဆက်ဆံရေးကို ထူထောင်လာနိုင်တော့မှာပါ။
အမေရိကန်နဲ့တရုတ်တို့ကြား ယှဉ်ပြိုင်တဲ့အခါ တရုတ်နိုင်ငံက အရှေ့အလယ်ပိုင်းမှာသာမက ကျန် နယ်ပယ်များမှာလည်း အပြုသဘောဆောင်တဲ့နိုင်ငံ ရေးဇာတ်ဆောင်တစ်ဦးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် မျှော်မှန်းနိုင်တဲ့ မိတ်ဖက်ကောင်းတစ်ဦးအဖြစ် ရပ် တည်လာနိုင်နေပါပြီ။ တကယ်လို့များ တရုတ်အစိုးရက ယူကရိန်းအရေးနဲ့ အရှေ့အလယ်ပိုင်းအရေးတို့မှာ တိုက်ရိုက်ပါဝင်ပတ်သက်ပြီး ဖြေရှင်းပေးလိုက်နိုင်တယ်ဆိုရင် ကမ္ဘာ့စင်မြင့်ပေါ်မှာ အမေရိကန်ရဲ့ နေရာကပျောက်ကွယ်သွားနိုင်ပါတယ်။
အမေရိကန်ကတော့ ကမ္ဘာ့ထိပ်တန်းနေရာမှာရှိ တဲ့ပြိုင်ဘက်နိုင်ငံကြီးများနဲ့ တစ်ချိန်တည်းတစ်ပြိုင် တည်းမှာ စစ်မျက်နှာတွေဖွင့်လှစ်ဖို့အတွက် စွမ်းနိုင်တော့မှာ မဟုတ်ပါဘူး။ တစ်ဖက်မှာလည်း တရုတ် နိုင်ငံက အမေရိကန်ကိုသူ့ရဲ့စစ်နယ်ဝန်းများနဲ့ပိုမို ဝေးကွာလာစေဖို့အတွက် ရုရှားနဲ့အီရန်တို့ကိုမဟာ ဗျူဟာမြောက်ထောက်ပံ့မှုတွေ တိုးမြှင့်ပေးအပ်လာ နိုင်ပါတယ်။
လွန်ခဲ့တဲ့လေးနှစ်က အမေရိကန်သမ္မတအဖြစ် ဂျိုးဘိုင်ဒင်ထွက်ပေါ်လာချိန်မှာ အမေရိကန်ရဲ့သံတမန်ရေးကို တစ်ခေတ်ပြန်လည်ဆန်းသစ်နိုင်လေပြီ ဖြစ်တဲ့အပြင် ဖွံ့ဖြိုးတိုးတက်လာနေတဲ့ တရုတ်နိုင်ငံကိုလည်း နောက်ကောက်ကျအောင် လုပ်နိုင်လိမ့်လေမလားလို့ တွေးထင်ခဲ့ဖူးကြပါလိမ့်မယ်။ ဒါပေမဲ့ လည်း လက်တွေ့မှာတော့ ဒီလိုမဖြစ်ခဲ့ပါဘူး။
အမေရိကန်အစိုးရဟာ ပြဿနာတွေကိုဖြေရှင်း မယ်ဆိုတဲ့အကြံအစည်နဲ့ လုပ်ဆောင်ပေမယ့်လည်း ပြဿနာတွေကြားထဲမှာသာ ပိတ်မိနေခဲ့ရတဲ့အတွက် တရုတ်နိုင်ငံရဲ့ အင်အားကြီးထွားမှုကို မသိမသာခွင့် ပြုပေးနေရတဲ့ အနေအထားမျိုးဖြစ်လာတာဖြစ်ပါတယ်။ အခုလည်း အရှေ့အလယ်ပိုင်းနဲ့ ပတ်သက်ပြီး အမေရိကန်က မရှင်းတတ်တော့ပါဘူး။ တရုတ်ကပဲ ကြားဝင်ခြင်းဖြင့် ကမ္ဘာ့ခေါင်းဆောင်နေရာကို ရယူသွားတော့မှာဖြစ်ပါတယ်။