ထန်းတစ်ပင်လုံးလိုရာသုံး အပိုင်း(၁)

 

ထန်းတစ်ပင်လုံးလိုရာသုံး အပိုင်း(၁)

 

      ထန်းပင်သည် အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသ၏ ဇာတိပင်ရင်းဖြစ်ပြီး  အာရှတိုက်၊  အာဖရိကတိုက်၊ အမေရိကတိုက်နှင့်   ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းများတွင် ထန်းနှင့် ထန်းအမျိုးတူအပင်များကို တွေ့နိုင်ပါသည်။ ထန်းပင်သည် မိုးရေချိန် လက်မ ၂၀  မှ ၄၀ အတွင်း ရွာသွန်း၍ ပူပြင်းခြောက်သွေ့သော    ရာသီဥတုမျိုးကိုနှစ်သက်သည်။   မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဂါနာနိုင်ငံနှင့် အာဖရိကဒေသတို့ကဲ့သို့ ပူပြင်းသည့်နိုင်ငံများတွင် ထန်းပင်အများအပြားကို တွေ့နိုင်သည်။ မြန်မာနိုင်ငံတွင် ရေဝပ်ရာဒေသမှလွဲ၍ နေရာအနှံ့အပြားတွင် ပေါက်ရောက်နိုင်သော်လည်း မြေလတ်ဒေသနှင့် မြန်မာနိုင်ငံအထက်ပိုင်းရှိ ပူပြင်းခြောက်သွေ့သောဒေသများတွင် အများဆုံး တွေ့ရလေ့ရှိသည်။ ထန်းပင်သည် အဓိကအားဖြင့်  မြန်မာနိုင်ငံ   မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အလယ်ပိုင်းအညာဒေသများဖြစ်သည့် ပုဂံ၊ ညောင်ဦး၊ ပုပ္ပား၊ ကျောက်ပန်းတောင်း၊ နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံ၊ မိတ္ထီလာ၊ မလှိုင်နှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူ၊ ရေစကြိုစသည့်မြို့နယ်တို့တွင်   အများဆုံးပေါက်ရောက်သည်။ တနင်္သာရီတိုင်းဒေသကြီးနှင့်  ဧရာဝတီတိုင်းဒေသကြီးတို့တွင်  ထန်းပင်အနည်းအပါးကို တွေ့ရှိနိုင်လေသည်။

ထန်းပင်မျိုးရင်းနှင့်မျိုးနွယ်များ

      ထန်းပင်သည် အလေ့ကျပေါက်လေ့ရှိသည့် အပင်အမျိုးအစား မဟုတ်သကဲ့သို့ သစ်ပင်မျိုးနွယ်စာရင်းတွင်လည်း   မပါဝင်ပေ။  ထန်းပင်ကို  ရုက္ခဗေဒ အခေါ်အဝေါ်အားဖြင့်  Palamaceae  သို့မဟုတ် Palmy မျိုးရင်းတွင်ပါဝင်ပြီး အုန်းပင်၊ ဓနိပင်၊ ကွမ်းပင်၊ စလူပင်၊ စွန်ပလွံပင်၊ ဆပ်သွားဖူးပင်တို့နှင့်မျိုးရင်းတူပါသည်။ အဆိုပါ Palamaceae  သို့မဟုတ် Palmy မျိုးရင်းတွင် ထန်းပင်အပြင် အခြားအပင်မျိုးရင်းပေါင်း ၁၅၀၀ ကျော်ပါဝင်ပါသည်။ ထန်းအမျိုးဝင် အပင်များအား အရွက်ပုံသဏ္ဌာန်ကိုလိုက်၍  နှစ်မျိုးခွဲခြားထားသည်။ တစ်မျိုးမှာ ငှက်မွေးပုံဖြစ်ပြီး ကျန်တစ်မျိုးမှာ ယပ်တောင်ပုံဖြစ်လေသည်။ အုန်းပင်၊ ကွမ်းသီးပင်၊ စွန်ပလွံပင်တို့သည် ငှက်မွေးပုံ အရွက်ရှိသော အပင်မျိုးများဖြစ်ကြပြီး  ပေပင်နှင့်ထန်းပင်တို့မှာမူ    ယပ်တောင်ပုံအရွက်များရှိကြပါသည်။ ထိုယပ်တောင်ပုံအရွက်ရှိသော     ထန်းပင်များကို ကော်ရီဖာထန်း (Corypha Palm) နှင့် တော့ဒီထန်း (Toddy Palm) ဟူ၍ခေါ်ကြပါသည်။ ထန်းမျိုး၏ အသီး၊ ပင်စည်နှင့် အရွက်တို့သည် လူသားများအတွက် အလွန်အသုံးဝင်သော  ပစ္စည်းများဖြစ်ကြပါသည်။

ထန်းမျိုးပေါက်ရောက်ရာဒေသရှိ   လူတို့သည် စားစရာ၊ နေစရာ၊ ဝတ်စရာတို့အတွက် ထန်းပင်ကို လုံးဝမှီခိုကြရသည်။ ထန်းမျိုးများအနက် ထန်းလျက်၊ ထန်းရည်များရရှိသော ထန်းပင်များမှာထင်ရှားပြီး ယင်းတို့ကို   မြန်မာနိုင်ငံအရပ်ရပ်၌   တွေ့ရကာ အချို့အရပ်ဒေသများ၌ တွေ့နိုင်ပါသည်။

ထန်းပင်အမျိုးအစားများ

     ထန်းပင်သည် အပြင်မှာအကာနှင့် အတွင်းမှာ အူချောင်းပါသော မြက်အမျိုးအစားဝင် အပင်ဖြစ်သည်။ အပင်အမျိုးအစားထဲတွင် အနှစ်ကို အနှစ်ရံသောအပင်၊ အကာကိုအကာရံသော အပင်၊ အနှစ်ကိုအကာရံသောအပင်နှင့် အကာကိုအနှစ်ရံသောအပင် ဟူ၍ရှိသည့်အနက် ထန်းပင်သည် အကာကိုအနှစ်ရံသော အပင်အမျိုးအစားတွင် ပါဝင်သည်။ ထန်းပင်သည် အပင်စောက်မျိုးဖြစ်ပြီး အခက်အလက်တို့ဖြာဝေခြင်းမရှိဘဲ အထက်သို့ ဖြောင့်ဖြောင့်မတ်မတ်တက်သွားပြီး အပင်၏ ထိပ်တည့်တည့်ရောက်မှ အရွက်များထွက်ရှိပါသည်။ ထန်းပင်ပေါက်စဘဝတွင် ကြီးထွားနှုန်းနှေးကွေးပြီး  အရွယ်ရောက်စတွင်   ကြီးထွားနှုန်းတိုးမြင့်လာကာ တစ်နှစ်လျှင်ကြက်မတစ်ဝပ်စာမျှ မြင့် တက်သည်ဟု  ဆိုကြပါသည်။  ထန်းပင်၏အမြင့်မှာ ပေ ၆၀  မှ ပေ  ၈၀  အထိရှိပြီး ထို့ထက်မကလည်း မြင့်နိုင်ပါသည်။   ထန်းပင်၏သက်တမ်းမှာလည်း နှစ်ပေါင်း ၁၅၀ မှ ၂၀၀ ကျော်ထိရှိကြပါသည်။

ထန်းရည်နှင့်ကျန်းမာရေးကောင်းကျိုးများ

     ထန်းရည်သည်  ထန်းပင်မှ ထွက်ရှိလာသောအရည်ဖြစ်ပြီး   သောက်သုံးနိုင်ပါသည်။ ၎င်းအရည်ကိုသောက်လျှင်   ဆေးဖက်ဝင်သကဲ့သို့   လူကိုမူးဝေစေသည်။   ထန်းရည်ကို   သောက်သုံးစရာတစ်ခုအဖြစ် ရှေးသရောအခါကတည်းက သောက်ခဲ့ကြခြင်းဖြစ်ပြီး လက်ရှိကာလအထိလည်း သောက်သုံးနေဆဲဖြစ်ကာ နောင်လည်းဆက်ရှိနေဦးမှာ သေချာပါသည်။ ထန်းရည်တွင် ထန်းရည်ချိုနှင့်ထန်းရည်ခါးဟူ၍ နှစ်မျိုးရှိပါသည်။ ထန်းရည်အချိုကိုသောက်လျှင် သကြားရည်ကဲ့သို့ချိုပြီး ရင်ခံတတ်သည်။ ထန်းရည်အခါးကိုသောက်လျှင် အရသာခါး၍ အရက်ကဲ့သို့မူးယစ်စေနိုင်ပါသည်။  အချိုရည်သည်  ကစော်မပေါက်မီ   ဆက်ကရင်းသကြားပါသော အရည်တစ်မျိုးဖြစ်ပြီး   ယင်းကို  မွန်းတည့်  ၁၂  နာရီကျော်သည်အထိထားလျှင်    အခါးရည်ဖြစ်သွားသည်။ လတ်ဆတ်သော အချိုရည်ကိုသောက်လျှင် ဝမ်းပျော့စေသည်။ ထန်းရည်သည်သဘာဝဆေးတစ်ခုအနေဖြင့် ခန္ဓာကိုယ်ကို အကျိုးပြုပေးနိုင်ပါသည်။ ထန်းရည်၏ ချဉ်ဖန်ဓာတ်တန်ဖိုး pH မှာ ၈ မှ ၉ အတွင်းရှိပါသည်။ ထန်းရည်ကို ကျန်းမာရေးအကျိုးကျေးဇူးများသည့် သောက်စရာတစ်ခုဟုပြောနိုင်ပါသည်။ ထန်းရည်မှရရှိနိုင်သော အာဟာရဓာတ်များအနေဖြင့် ဆူးခရို့စ်၊ ပရိုတင်း၊ အက်စကောဘစ်အက်စစ်၊ အမျှင်ဓာတ်၊ အမိုင်နိုအက်စစ် ၊ ဗီတာမင်စီ နှင့် ဓာတ်တိုးဆန့်ကျင်အာနိသင်ရှိသောပစ္စည်းများ ကြွယ်ဝစွာပါဝင်ပါသည်။

ထန်းရည်သည်   သဘာဝမှပေးသော  ချိုပြီး အရသာရှိသည့် အာဟာရနှင့် ဗီတာမင်ဓာတ်များ ပါဝင်နေသည့်  သဘာဝ၏လက်ဆောင် သောက်စရာတစ်မျိုးအနေဖြင့် ရှိနေပါသည်။   ထန်းရည်သည် ကင်ဆာရောဂါကို တိုက်ဖျက်ပေးနိုင်သည်ဟု သိရှိရပြီး ထန်းရည်မှာ ဗီတာမင် B2 ဟုသိကြသည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်သော Riboflavin ဓာတ်ပါဝင်နေပါသည်။ အဆိုပါ Riboflavin  သည် ကင်ဆာဖြစ်စေနိုင်သည့်  Free Radicals များကို  တိုက်ထုတ်ပေးနိုင်စွမ်းရှိသောကြောင့်     ကင်ဆာအန္တရာယ်မှကာကွယ်ရန် ထန်းရည်သောက်ပေး၍ရသည်ဟု ဆိုကြပါသည်။  ထန်းရည်တွင် ဓာတ်တိုးဆန့်ကျင်အာနိသင်ရှိဓာတုပစ္စည်းများနှင့်  ဗီတာမင်စီပါဝင်သောကြောင့်  အမြင်အာရုံကို တိုးတက်ကောင်းမွန်စေနိုင်ပါသည်။

ထို့ပြင် ထန်းရည်တွင်ပါဝင်သော သိုင်အိုမင်းသည် ဗီတာမင်ဘီဝမ်း ချို့တဲ့ခြင်းကို ကုသရန် သို့မဟုတ် ကာကွယ်ရန်  အသုံးပြုပါသည်။ ယင်းဗီတာမင်သည်  ကစီဓာတ်ဖြစ်သော ကာဗိုဟိုက်ဒရိတ်ကို  ချေဖျက်သိုလှောင်ရန်၊       ခန္ဓာကိုယ်ပုံမှန်ကြီးထွားမှုကိုထိန်းသိမ်းရန်နှင့် အာရုံကြောများအားကောင်းရန်အတွက် အရေးပါသည့်အပြင် အမြင်အာရုံကိုလည်း ကောင်းမွန်စေနိုင်ပြီး အရေပြား၊  ဆံသားနှင့်  ခြေသည်း၊ လက်သည်းများကိုလည်း ကျန်းမာသန်စွမ်းစေနိုင်ပါသည်။ ထန်းရည်တွင် အရေပြား၊ ဆံသားနှင့် ခြေသည်း၊ လက်သည်းများကျန်းမာစေရန်အတွက် လိုအပ်သည့် သံဓာတ်နှင့် ဗီတာမင်ဘီတို့ ကြွယ်ဝစွာ ပါဝင်နေခြင်းကြောင့်   ခန္ဓာကိုယ်က   ဆဲလ်များ   ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေရန် အထောက်အကူပြုပေးသကဲ့သို့ တစ်သျှူးများကို ပြုပြင်ပေးပြီး  အနာကျက်စေနိုင်စွမ်းလည်းရှိပါသည်။ ထန်းရည်တွင်ပါဝင်သော   ပိုတက်ဆီယမ်သည်   နှလုံးကျန်းမာစေနိုင်ပြီး   သွေးတိုးကျစေနိုင်သဖြင့်  နှလုံးသွေးကြောဆိုင်ရာရောဂါများခံစားရနိုင်ခြေကို လျှော့ချပေးခြင်းကြောင့် ထန်းရည်ကို နေ့တိုင်းတစ်ခွက်ခန့် သောက်ပေးမည်ဆိုပါက နှလုံးကျန်းမာစေမည်ဖြစ်သည်။

ထန်းရည်တွင် နို့ထွက်များစေနိုင်သော ဂုဏ်သတ္တိရှိသောကြောင့် နို့ထွက်နည်းသည့် မိခင်များအတွက် သောက်ပေးလို့ရသည့် သဘာဝနို့ရွှင်ဆေးတစ်လက်ဟုလည်းပြောနိုင်ပါသည်။  ထို့ကြောင့် နို့တိုက်မိခင်များ နို့ထွက်များစေရန်    သောက်ပေးသင့်ပါသည်။  

ထန်းရည်က ကိုယ်အလေးချိန်ချချင်သူများအတွက်လည်း  စဉ်းစားသင့်သည့်  အချက်တစ်ခုဖြစ်သလို မှတ်ဉာဏ်ကောင်းလိုသူများအတွက်လည်း သင့်တော်ပါသည်။   ဦးနှောက်ကိုကျန်းမာစေနိုင်ပါသည်။ သွားဖုံးရောဂါများကို သက်သာစေနိုင်သလို ပင်ပန်းမှုကိုလည်း   ပြေလျော့စေနိုင်ပါသည်။  သွေးတွင်း

ကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်ပြီး ဆီးကိုလည်းရွှင်စေပါသည်။ အော့အန်ခြင်း၊ ဝမ်းသွားခြင်းတို့ကြောင့် ကိုယ်တွင်းရေဓာတ်ဆုံးရှုံးမှုဖြစ်သည့်အခါ ရေဓာတ်ပြန်လည် ဖြည့်တင်းစေရန်  ထန်းလျက်ကို ရေနွေးနှင့်ဖြစ်စေ၊ ရေအေးနှင့်ဖြစ်စေသောက်သုံးပေးပါက ကိုယ်တွင်းရေဓာတ်ကို ပြန်လည်ဖြည့်စွမ်းပေးစေနိုင်ပါသည်။ သို့ရာတွင် ထန်းရည်အများကြီး သောက်ခြင်းကြောင့် အသည်းရောဂါဖြစ်ပွားနိုင်သည်ကို  မမေ့လျော့သင့်ပေ။    

ထန်းလျက်ချက်လုပ်ပုံနှင့်ထန်းလျက်အမျိုးအစားများ

     ထန်းပင်မှရသော သန့်စင်ထားသည့်ထန်းရည်အချိုကို  ဒယ်အိုးထဲသို့ထည့်ကာ   မီးပြင်းပြင်း ဖြင့်ပျစ်လာသည်အထိ   သမအောင်မွှေပေးရပြီး ဆူပွက်သည်အထိ ကျိုချက်ပေးရပါသည်။ အရည်ပျစ်၍ ထန်းလျက်သားတက်လာသည့်အခါ မီးဖိုပေါ်မှချပြီး မိမိလိုအပ်သည့်     ပုံစံအတုံးလေးများတုံးကာ အခြောက်ခံလျှင် ထန်းလျက်ခဲကိုရရှိပါသည်။ ဆီးမှုန့်၊ အုန်းသီး၊ နှမ်း၊ မြေပဲစသည်တို့ဖြင့်လည်းပြုလုပ်နိုင်ပါသည်။ သဘာဝပစ္စည်းစစ်စစ်မှ ထုတ်လုပ်ထားသည့်အပြင်   ဆေးဖက်ဝင်သောကြောင့် မြန်မာ့ထမင်းဝိုင်းတွင်   အချိုတည်းစရာတစ်ခုအဖြစ် ရှေးကတည်းကပင် တည်ရှိခဲ့ကာ လက်ရှိအချိန်အထိ လူကြီး၊ လူငယ်မရွေး အထူးကြိုက်နှစ်သက်စွာစားသုံးလျက်ရှိသည့် အစားအစာတစ်ခုဖြစ်ပါသည်။ ထန်းလျက်ကို ပြည်ပနိုင်ငံများကပါ ကြိုက်နှစ်သက်စွာ စားသုံးနေကြပြီဖြစ်ပါသည်။

ထန်းလျက်တွင် သကြားထန်းလျက်၊ ထန်းသီးထန်းလျက်ဟူ၍ နှစ်မျိုးရှိပြီး သကြားထန်းလျက်မှာအဖြူရောင်ကဲကာ ထန်းရည်ဖြင့်ချက်သောထန်းလျက်မှာ အညိုရောင်အဆင်းရှိ၍ သကြားထန်းလျက်ထက် အချိုဓာတ်ပိုများပါသည်။ အချိုဓာတ်သည် ခန္ဓာကိုယ်အာဟာရပြည့်စေသည့်အပြင် ခွန်အားလည်းဖြစ်စေနိုင်ပါသည်။ နံနက်ခင်း၌ သောက်မည့်ဖျော်ရည် သို့မဟုတ်   နံနက်ခင်း  သောက်စရာတစ်ခုထဲသို့ ထန်းလျက်ကိုထည့်၍   သောက်ပေးမည်ဆိုလျှင် ခန္ဓာကိုယ်အတွက်  ခွန်အားပြည့်ဝစေမည်ဖြစ်ပါသည်။

ထန်းလျက်သည် အစာကြေစနစ်ကို ကောင်းမွန်စေသောအစွမ်းရှိပြီး  အစာကြေလွယ်စေပါသည်။ မန်ကျည်းသီးနှင့်ရောပြီး မန်ကျည်းဖျော်ရည်အဖြစ် စိမ်သောက်ပါက   ခန္ဓာကိုယ်အတွင်းမှ   အပူများကင်းစင်စေပါသည်။ ထန်းလျက်တွင် လူ့ခန္ဓာကိုယ်အတွက် လိုအပ်သော ကယ်လိုရီနှင့် ကာဗွန်ဟိုက်ဒရိတ်သတ္တုဓာတ်များ ပါဝင်နေသည့်အပြင် ထန်းလျက်တွင်  အကျိုးပြုအမျှင်ဓာတ်များပါဝင်နေသောကြောင့် အူအတွင်းက   အကျိုးပြုဗက်တီးရီးယားများကို အထောက်အပံ့ပေးပြီး သွေးအတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါသည်။ ထန်းလျက်တွင် ပါဝင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများမှာ ကင်ဆာဖြစ်စေသောအရာများကို    တိုက်ဖျက်ပေးသည့်အပြင် ဗီတာမင်  အေ,စီ  တို့ကြွယ်ဝစွာ ပါဝင်သောကြောင့် ကင်ဆာရောဂါကိုလည်း ကာကွယ်နိုင်သည်။

အစားအစာများကို အများကြီးစားမိသည့်အခါနှင့် မတည့်စာများကိုစားမိသည့်အခါ ရင်ပြည့်ရင်ကယ်ဖြစ်လာပါက ထန်းလျက်ကိုစားပေးခြင်းဖြင့် ရင်ချောင်စေနိုင်ပါသည်။ ထန်းလျက်ကို ပုံမှန်စားပေးခြင်းဖြင့် အစာကြေလွယ်ပြီး အစာခြေစနစ်ကို  ကောင်းစွာလုပ်ဆောင်စေနိုင်သောကြောင့်  ဝမ်းချုပ်ခြင်းကိုသက်သာစေနိုင်ပါသည်။ ထန်းလျက်တွင် ပိုတက်ဆီယမ်နှင့် ကယ်ဆီယမ်တို့ကဲ့သို့ ခန္ဓာကိုယ်အတွက်လိုအပ်သည့် သတ္တုဓာတ်များပါဝင်နေပြီး အရိုးနှင့်ကြွက်သားများကို သန်မာစေနိုင်ပါသည်။ အရိုးနှင့် ကြွက်သားတစ်သျှူးများကို  ကျန်းမာစေပါသည်။ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးခြင်းနှင့် သဘာဝဓာတ်တိုးဆန့်ကျင်အာနိသင်များ ပါဝင်နေသောကြောင့် ကိုယ်တွင်းအဆိပ်အတောက်များကို ဖယ်ရှားနိုင်ကြောင်း တင်ပြလိုက်ရပါသည်။

ဆက်လက်ဖော်ပြပါမည်။