ထန်းတစ်ပင်လုံးလိုရာသုံး အပိုင်း(၂)
ယမန်နေ့မှအဆက်
ထန်းပင်စိုက်ပျိုးခြင်းအနုပညာ
ထန်းပင်သည် ရေဝပ်သောမြေမှလွဲ၍ မြေနေရာမရွေး စိုက်ပျိုးနိုင်ပြီး အထူးသဖြင့် သဲရောသော “အင်တိုင်းမြေ” အမျိုးအစားကို ပိုမိုနှစ်သက်သည်။
ထန်းပင်သည် မိုးရေချိန်လက်မ ၂၀ မှ ၄၀ အတွင်း ရွာသွန်းသည့် ပူပြင်းခြောက်သွေ့သောရာသီဥတုကို ကြိုက်နှစ်သက်တတ်ကြသည်။ ကျောက်စရစ်မြေဝါနှင့် ကျောက်စရစ်မြေနီသည် ထန်းလျက် (Jaggery)နှင့် ထန်းရည် (Palm Juice) အရည်အသွေးကို ကောင်းမွန်စေသောမြေဖြစ်သည်။ ထန်းပင်ကို ဝါဆိုလတွင်စိုက်ပျိုးပါက ထန်းသီးနုပြီး တော်သလင်းလတွင်စိုက်ပျိုးပါက အညှောက်ရှည်၍ တီကောင်ကိုက်တတ်သော်လည်း ထန်းပင်အမြစ်ကို စားသုံးရန်အသုံးပြုမည်ဆိုပါက တော်သလင်းလတွင်သာ စိုက်ပျိုးရမည်။ ထန်းသီးတစ်လုံးတွင် အစေ့အဆန်သုံးခုပါဝင်ပြီး တစ်စိတ်ချင်းခွဲပြီး မြေတွင်တစ်စေ့ချင်း မလုံတလုံချ၍စိုက်ပျိုးရသည်။ ယခုကာလအချိန်အခါတွင် တောင်ယာခင်းများဘေးတွင် နယ်နိမိတ်မြေ သတ်မှတ်ရန်အတွက် စိုက်ပျိုးလေ့ရှိသည်။ ထန်းပင်အနည်းငယ်လောက်သာ စိုက်ပျိုးမည်ဆိုပါက မြေကြီးအနက်ခြောက်လက်မရှိအောင်တူး၍ တစ်စေ့ချင်းချပြီး ခြောက်ပေ၊ ခုနစ်ပေခွဲ၍ စိုက်ပျိုးလေ့ရှိသည်။
ထန်းဖိုပင်နှင့် ထန်းမပင်ခွဲခြားခြင်းထန်းပင်စိုက်ပျိုးရာတွင် ဒေသခံများ၏အယူအဆအရ မှောက်ပြီးစိုက်ပါက “ထန်းဖိုပင်”ဖြစ်ပြီး လှန်ပြီး စိုက်ပါက “ထန်းမပင်” ဟု ဒေသခံများက ပြောဆိုလေ့ရှိသည်။ ပထမဦးစွာ အဖိုပွင့် သို့မဟုတ် အမပွင့် ပွင့်သော ထန်းနို့ကို ထုခြေပစ်ရ၏။ ထို့နောက် ထိပ်ဖျားကို ဓားဖြင့်လှီးဖြတ်ရ၏။ ဤကဲ့သို့ နေ့စဉ်လှီးပေးခြင်းဖြင့် ထန်းနို့မှ ထန်းရည်များလိုက်လာသည်။ ထန်းရည်ကို မြေအိုး သို့မဟုတ် ဝါးကျည်တောက်ဖြင့် ခံယူကြသည်။ ထန်းရည်မှ ထန်းလျက်ကို ချက်ယူကြသည်။ ထန်းဖိုပင်နှင့် ထန်းအမပင်နှစ်မျိုးစလုံးမှ ထန်းရည်ရရှိနိုင်ပြီး ဆောင်းတွင်းရာသီနှင့် နွေဦးပေါက်ရာသီတို့တွင် ထန်းရည်လှိုင်လှိုင်ရနိုင်သည်။
ထန်းအမပင်များမှ မိုးတွင်း၌ပင်လျှင် ထန်းရည်ကို ရရှိနိုင်ပြီး အမပင်သည် အဖိုပင်ထက် ထန်းရည် တစ်ဆခွဲမျှ ပိုထွက်သည်။ ထန်းပင်ကို အသီးအရင့်များမှ စိုက်ယူခြင်းဖြစ်သည်။
ထန်းပင်ကို ဝါခေါင်လတွင် စတင်စိုက်ပျိုးပါက တော်သလင်းလတွင်အညှောက်ထိုးပြီး မြေအနေအထားနှင့် အခြေအနေပေါ်မူတည်၍ အပင်အရွယ်အစားမှာ ခြောက်လက်မမှ တစ်ပေအထိရှိနိုင်သည်။
ထန်းပင်ကိုစိုက်ပျိုးပြီး ၁၀ နှစ်ခန့်တွင် ထန်းရွက်များခုတ်၍ အသုံးပြုနိုင်သည်။ ထန်းပင်အသက် ၁၀ နှစ်မှ ၁၅ နှစ်ခန့်ရှိလာသည့်အခါ အသီးအပွင့်များ ထွက်စပြုလာပြီး အသီးသီးသည့် အပင်ကို “အမပင်” နှင့် ထန်းခိုင်ချောင်းမှ အပွင့်များပွင့်သည့်အပင်ကို “အဖိုပင်” ဟုခေါ်ကြသည်။ ထန်းပင်အသက်တစ်နှစ်သားတွင် အမြင့်တစ်ပေခန့်ရှိပြီး ကြက်တောင်စည်းကြိုးပုံစံထွက်လာသည်။ အသက်နှစ်နှစ်သားတွင် ထန်းလက် တစ်လက်၊ နှစ်လက် ထွက်လာပြီး သုံးနှစ်သားတွင် ပင်စည်ဖြစ်လာသည်။ အပင်ကြီးလာသည့်အခါတွင် တစ်လလျှင် ထန်းရွက်တစ်ရွက်နှုန်းထွက်သည်။ ထန်းပင်အသက် ၁၀ နှစ်၊ ၁၈ နှစ်၊ ၂၀ နှစ်အရွယ်တွင် အသီးစတင်သီး၍ ထန်းအရည်လည်း စတင်ထွက်ရှိလာပြီဖြစ်သည်။
ထန်းပင်စိုက်ပျိုးရာတွင် အဖိုပင်သည် ထန်းဖိုတစ်လ၊ ညှပ်တစ်လ နှစ်လရပြီး ထန်းမပင်သည် လေးလရသောကြောင့် လုပ်ငန်းရှိရန် ထန်းဖိုနှင့် ထန်းမကိုညှိ၍စိုက်ပျိုးရသည်။ ထန်းဖိုအားပြုပြင်ရာတွင် ထန်းနို့ချောင်းပေါ်ရန်အတွက် ဘေးထန်းရွက်များကို ကလိုင်နှင့်နင်းခြေရသည်။ ထန်းဖိုသုံးသောအခါ ညှပ်နှင့် ထန်းဖိုချောင်းများကိုမှည့်ပြီး မွှေးလာသောအခါတွင် ယင်းထန်းနို့ချောင်းများအား မြူအိုးထဲဝင်ရန် ထန်းဖူးနှင့်စုစည်းရသည်။ ထန်းမပင်အားပြုပြင်ရာတွင် စောင်ခေါက်သံဖြင့် (၇)ပုံစံပြုလုပ်ထားပြီး ယင်းနှင့် ထန်းသီးခိုင်၏ ထန်းသီးလုံးကြားရှိ ရိုးတန်းကိုထုရသည်။ ထိုသို့ပြုပြင်မှသာလျှင် ထန်းရည်အဆက်မပြတ် ထွက်နိုင်ကြောင်းသိရှိရသည်။
ထန်းဖိုဦးထန်းလျက်
ထန်းအဖိုပင်မှ ထန်းရည်အချိုကို ပထမဦးဆုံး ထုတ်လုပ်ပြီး ကျိုချက်ရရှိသည့်ထန်းလျက်ကို “ထန်းဖိုဦးထန်းလျက်” ဟုခေါ်ပြီး ဆေးဖက်အလွန်ဝင်သော ထန်းလျက်ဖြစ်သည်။ အဆိုပါ ထန်းဖိုဦးရာသီသည် အချိန်ကာလအားဖြင့် အလွန်တိုတောင်းသဖြင့် “ထန်းဖိုနုအသက်ခုနစ်ရက်” ဟုပင်ဆိုကြသည်။ ထန်းဖိုပင်သည် ထန်းရည်ကို တပို့တွဲနှင့် တပေါင်းလတို့တွင် လှိုင်လှိုင်ထွက်ပြီး ထန်းအမပင်သည် ကဆုန်လမှဝါခေါင်လအထိ ထွက်ရှိသည်။ အရည်သည် ထန်းနို့ လေးခိုင်၊ ငါးခိုင်၊ ခြောက်ခိုင်ထွက်ပြီး ထန်းမပင်သည် မိုးရာသီနှင့် ထန်းဖိုပင်သည် နွေရာသီတွင် ထန်းရည်ထွက်ရှိသည်။ ထန်းပင်တစ်ပင်သည် ပျမ်းမျှတစ်နေ့လျှင် တစ်မြူလျှင်သုံးပုလင်းမှလေးပုလင်းခန့်အထိရှိသော ထန်းရည်ချိုနှစ်မြူထွက်ရှိသည်။ အချို့အပင်များသည် တစ်နေ့လျှင် အနည်းဆုံးတစ်မြူ၊ နှစ်မြူနှင့်အချို့အပင်များသည် အများဆုံး လေးမြူမှငါးမြူခန့်အထိထွက်ရှိပြီး ထန်းပင်သက်ရင့်လေ အရည်အထွက် ကောင်းလေဖြစ်သည်။ ထန်းဖိုပင်သည် တစ်နှစ်လျှင် ထန်းရည်ထွက်သည့်ရက်ပေါင်း ၆၀ ရှိရာ တစ်ရက်လျှင်နှစ်မြူနှုန်း ထွက်ရှိနိုင်သည်။ ထန်းလျက်အနေဖြင့် တစ်ရက်လျှင် တစ်ပင်မှ ၅၀ ကျပ်သားနှုန်းနှင့်ထန်းရည်မြူ ၂၀ မှ ၅၀ ကျပ်သားနှုန်းထွက်ခြင်းဖြစ်သည်။
ထန်းပင်၏အသုံးဝင်ပုံများ
ထန်းပင်တစ်ပင်လုံး အသုံးမဝင်သည့်နေရာမရှိပေ။ အခြားသောအပင်များအနေဖြင့် တစ်ပင်လုံးအသုံးဝင်သည်ဆိုသော်လည်း အရွက်မှာ လူတို့အတွက်အမှိုက်သာဖြစ်သည်။ ထန်းပင်ကား ထိုသို့မဟုတ်ဘဲ ကျေးလက်ဒေသများ၌ ထန်းရွက်ကို အမိုး၊ အကာအဖြစ် အသုံးပြုနိုင်သည်။ ပလတ်စတစ်ယပ်တောင်များထက် အေးချမ်းမှုကိုပေးနိုင်သော ထန်းရွက်ယပ်တောင်အဖြစ်လည်း တန်ဖိုးမြင့်ထုတ်လုပ်နိုင်သည်။ ထန်းလက်ကိုနှီးဖြာ၍ ထန်းကြောဖျာ၊ ထန်းခေါက်ဖာများ ရက်လုပ်အသုံးပြုနိုင်သကဲ့သို့ ထန်းလက်ကုလားထိုင်ပြုလုပ်၍လည်း အသုံးပြုနိုင်သည်။ ထန်းသားသည် သစ်သားထက်ပို၍ပင် မာကျောကောင်းမွန်သောကြောင့် ထန်းသားကို အိမ်အဆောက်အအုံများ၊ အိမ်ထောင်ပရိဘောဂများအဖြစ်လည်း အသုံးပြုလျက်ရှိကြသည်။ ထန်းတစ်ပင်သည် ထန်းရွက် ၁၂ ရွက်ရှိရာ တစ်ပင်လျှင်ခုနစ်ရွက်နှုန်း ထုတ်၍ရပြီး ယင်းကို ထန်းလျှော်အနေဖြင့်လည်း အသုံးပြုနိုင်သည်။ ထန်းသားအိမ်ဆောက်ခြင်း၊ ထန်းရွက်အားအိမ်မိုးခြင်း၊ ထန်းလျှော်အားတောင်းရက်ခြင်းနှင့် ချည်ထုတ်ခြင်း၊ ထန်းလက်ခြောက်အား အိမ်ထောင်ပရိဘောဂများပြုလုပ်ခြင်း၊ ပင်စည်အား နွားစားကျင်းပြုလုပ်ခြင်း၊ ထန်းသီးနုအားလူစားခြင်းနှင့် နွားကျွေးခြင်း၊ ထန်းစေ့မှထန်းပင်မြစ်အား စားသုံးခြင်းတို့ပြုလုပ်နိုင်သည်။
ယခုနောက်ပိုင်းတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(MSME)တစ်ခုအနေဖြင့် ထန်းရည်ဝိုင်ပုလင်းနှင့် ထန်းရည်ဘီယာသံဘူးများဖြင့် Value Added Product အဖြစ် ပြုပြင်ဖန်တီးထုတ်လုပ်ဖြန့်ဖြူးရောင်းချ၍ အရောင်းသွက်နေကြောင်းသိရှိရသည်။ ထန်းသီးမှထွက်လာသောအစို့ကို ထန်းမြစ်(ထန်းပင်မြစ်)ဟုခေါ်၍ မီး၌ဖုတ်၍ဖြစ်စေ၊ပြုတ်၍ဖြစ်စေ စားသုံးလေ့ရှိသည်။ အထူးသဖြင့် မြန်မာနိုင်ငံအထက်ပိုင်း၌ ထန်းတောများကို အများအပြားတွေ့ရှိရပြီး ထန်းပင်များမှာ မြန်မာ့စီးပွားရေး၌ အရေးပါသော အပင်တစ်မျိုးဖြစ်ပေသည်။ ထန်းသားသည် အတွင်းသားပျော့သော်လည်း အပြင်သားမှာ မာကျောသဖြင့် ထန်းသားကို တိုင်၊ ရေတံလျှောက်၊ လှေ စသည်များပြုလုပ်ရာ၌သုံးကြသည်။ ထန်းသားသည် ရေထိလျှင် ပို၍ခိုင်ခံ့သောသစ်သားမျိုးဖြစ်သည်။ ထန်းရွက်များဖြင့် ယပ်တောင်၊ ဖျာ၊ တောင်း၊ ပလုံး၊ ဦးထုပ်များကိုပြုလုပ်တတ်ကြသည့်အပြင် အိမ်မိုးရာ၌လည်း အသုံးပြုတတ်ကြသည်။ ရွက်လယ်ကြောများနှင့် ထန်းပင်မှရရှိသောအမျှင်များကို ဝက်မှင်ဘီးနှင့် ကြိုးပြုလုပ်ကြသည့်အပြင် ရွက်လယ်ကြောများကို တံမြက်စည်းအဖြစ်လည်း ပြုလုပ်ရောင်းချကြသည်။ ထန်းပင်၏အလက်များကို ကုလားထိုင်များ၊ ထိုင်ခုံများ၊ စားပွဲများအဖြစ်လည်း ပြုလုပ်ရောင်းချကြသည်။ ထိုကဲ့သို့ ဘက်စုံအသုံးဝင် သော ထန်းပင်ထန်းတော ပိုင်ဆိုင်သူတစ်ဦးအနေဖြင့် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေများရရှိလျက်ရှိကြောင်းသိရှိရပါသည်။
ထန်းလျက်ချက်လုပ်ခြင်း
ထန်းရည်ချက်လုပ်ရာတွင် နံနက်ချင်းတက်၍ရသော ထန်းရည်ချိုကို တန်း၍ချက်ရသည်။ ညနေဘက်တွင် ထန်းပင်တက်လှီးချပြီး ထန်းရည်ချိုများကိုလည်း ဒယ်အိုးထဲတွင်ရော၍ မီးနွေးနွေးဖြင့်ထားရသည်။ ထန်းရည်ချိုကြာရှည်အထားခံရန်အတွက် မြူအိုးတစ်လုံးထဲတွင် မဖောက်ထုံး (Calcium Oxide-CaO) ဆီးဖြူသီးလုံးခန့်ခံ၍ ထည့်ထားရသည်။
(Calcium Hydroxide ဖောက်ထုံး (CaOH) ကို အပူချိန် ၃၀၀°C မှ၅၀၀ °C ကြားအပူပေးလိုက်ပါက ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2)ထွက်ပြီး မဖောက်ထုံး(CaO)ကိုရရှိသည်။ ယင်းမဖောက်ထုံး(CaO)ကို ရေနှင့်ထိတွေ့ဓာတ်ပြုပြီး ဖောက်ထုံး (CaOH)ကိုပြန်လည်ရရှိသည်။)
ထန်းရည်ချိုများကို အပေါက်ငါးပေါက်ပါ မီးဖိုဖြင့်ချက်ခြင်းဖြစ်ပြီး မီးမထိုးသောနေရာမှဝေးပြီးမြင့်သောနေရာရှိ ဒယ်အိုးသုံးလုံးကို ထန်းရည်ချိုအပြည့်ထည့်ထားရသည်။ လေးပေါက်မြောက်ဒယ်အိုးအား ထန်းရည်နှစ်မြူထည့်ပြီး ငါးပေါက်မြောက်မီးနှင့်အနီးဆုံးအိုးအား ထန်းရည်ချို တစ်မြူထည့်ထားပြီးနောက် ဒယ်အိုးငါးလုံးအား မွှေတံဖြင့်အဆက်မပြတ်မွှေပေးရသည်။ မီးနှင့်အနီးဆုံးအိုးသည် အစောဆုံးပွက်ပြီး အနည်ထိုင်သည်အထိဆက်မွှေနေပြီး
၎င်းအားအောက်ချ၍ အရည်ပျစ်အောင်ထပ်မံမွှေနှောက်ရသည်။ ထန်းရည်ပျစ်လာသောအခါတွင် သံပြားဆန်ခါပေါ်တွင်တင်၍ အလုံးလုံးသည်။ ထို့နောက် ချထားသောဒယ်အိုးနေရာတွင် နောက်ထပ်ဒယ်အိုးကိုတင်၍ မပွက်သေးသော ထန်းရည်အပြည့်ထည့်ထားသည့်အိုးများမှ ပူနေသောထန်းရည်ချိုကိုထည့်ပြီး ပထမနည်းအတိုင်း ဆက်လက်ပြုလုပ်သည်။ ထန်းလျက်တစ်ပိဿာရရှိစေရန် အချိန်တစ်နာရီခန့် ကျိုချက်ရသည်။ ကျောက်ပန်းတောင်းနယ်ရှိ အချို့နေရာများတွင် ထန်းလျက်တစ်ပိဿာအတွက် ထန်းရည်လေးမြူခန့်ကျိုချက်ရပြီး အချို့နေရာများတွင် ခြောက်မြူခန့်အထိ ကျိုချက်ရကြောင်းသိရသည်။
ထန်းလျက် ၁၀ ပိဿာရရှိရန်အတွက် အလေးချိန် သုံးတန်ရှိ နှမ်းရိုး၊ စွန့်ပစ်ထန်းလျက်၊ ထန်းနို့ခိုင်တို့ကို ထင်းအဖြစ်နှင့် နွားလှည်း၏သုံးပုံတစ်ပုံခန့် အသုံးပြုရသည်။ ထန်းလျက်ပိဿာ ၃၀ ရရှိရန်အတွက် ထန်းရည်ချို ၂၄ မြူကို ထင်းနွားလှည်းတစ်စီးတိုက်အသုံးပြုကျိုချက်ရသည်။ ၆ ပေခန့်အရှည်ရှိ ကြိုးများဖြင့် ထန်းရည်မြူအိုးများကို ချည်နှောင်ထားရသည်။
ထန်းလျက်အချဉ်ပေါက်ခြင်းကို ကာကွယ်ရန် မြူအိုးကိုရေစိမ်ပြီး မီးမြှိုက်ခြင်းဖြင့် မြူအိုးတွင်မှိုင်းကပ်ပြီး အချဉ်မပေါက်စေနိုင်တော့ပေ။ ထန်းရည်အချိုမှအခါးသို့ပြောင်းလိုလျှင် ထန်းရည်အနည်(အလင်) ထည့်ပေးရသည်။ ထန်းပင်တွင်ချည်နှောင်ထားသည့် မြူအိုးများကို တစ်နေ့လျှင်နှစ်ကြိမ်နှုန်းဖြင့် ၁၂ နာရီလျှင်တစ်ကြိမ် သိမ်းဆည်းကြသည်။
အညိုရင့်ရင့် အမည်းရောင်ထန်းလျက်များကို အရက်ချက်လုပ်ရာတွင်အသုံးပြုရပြီး အရည်ပျစ်စေရန်ပိုမို၍မွှေပေးရသည်။ သာမန်မုန့်များပြုလုပ်ရန်အတွက်အသုံးပြုရသော အနီရောင်ထန်းလျက်များရရှိစေရန် ပုံမှန်သာမွှေပေးရသည်။ အလွတ်စားသုံးရန်အတွက် ထန်းလျက်ဖြူများရရှိရန် ထန်းပင်သက်ရင့်ပြီး ထန်းရည်မြူအိုးသန့်ရှင်းရန် အထူးလိုအပ်ပါသည်။
ထန်းရည်မှသကာရည်ထုတ်လုပ်ပုံနည်း ခေတ်မီနည်းစနစ်
ဆက်လက်၍ ခေတ်မီနည်းစနစ်ပုံစံဖြင့် ထန်းရည်မှ သကာရည် (တင်လဲရည်)ချက်လုပ်မှုအဆင့်ဆင့်ကို ဖော်ပြလိုပါသည်။ပထမဦးစွာ ထန်းရည်တွင်ပါဝင်သော အမှိုက်သရိုက်များ၊ အမှုန်အမွှား၊ သဲ၊ ခဲ၊ အနည်အနှစ်များ သန့်စင်ရသည်။ ထိုသန့်စင်ပြီး ထန်းရည်ကြည်များကို ချက်ဒယ်အိုး (Stainless Steel Pan) အတွင်းသို့ ၁၀၀°C မှ ၁၁၀°C အတွင်းရရှိစေရန် ချိန်ညှိထားပြီး လေဟာနယ်စနစ် (Vaccum System) ဖြင့် သကာရည်အဆင့် အချိုဓာတ်ပါဝင်နှုန်းအတွင်းရရှိသည်အထိချက်လုပ်ရသည်။ ချက်ဒယ်အိုးမှထွက်ရှိသော သကာရည်များအား ထုတ်လုပ်မှုနည်းစဉ်ဆက်မပြတ်ရှိစေရန်နှင့် အေးခဲမသွားစေရန် မွှေတံဖြင့် မွှေပေးထားပြီး Steam Jacket Receiver နှစ်ခုဖြင့် အလှည့်ကျဆောင်ရွက်စေသည်။ Receiver နှစ်ခုမှ ထွက်လာသော သကာရည်များအား Stainless Steel Tray များအသုံးပြု၍ အအေးခံယူခြင်းဖြင့်လည်းကောင်း၊ သကာရည်အဆင့်အတွက် ပီပါခွံများဖြင့်လည်းကောင်း စုဆောင်းရယူသည်။
စုဆောင်းထားသောသကာရည်များကို သကြားအညိုချက်ခြင်းနှင့် အရက်ချက်လုပ်ခြင်းတို့ပြုလုပ်နိုင်သည်။
ထန်းလျက်တွင်ပါဝင်ပစ္စည်းများ
ထန်းလျက်ကို သရေစာနှင့်ဆေးဖက်ဝင် အပင်အဖြစ် စားသုံးရန်သာမကဘဲ မုန့်အမျိုးမျိုး ပြုလုပ်သုံးစွဲကြသည်။ ရဟန်းတော်များအတွက် ဆေးအဖြစ်မှီဝဲရန်ခွင့်ပြုထားသော “စတုမဓူ” တွင်လည်း ပျားရည်၊ ထောပတ်၊ နှမ်းဆီ၊ တင်လဲရည်(သကာရည်)တို့ ဆတူရောစပ်ပြီး အသုံးပြုထားသည်။ ထန်းလျက် ၁၀၀ ဂရမ်တွင် ကယ်လိုရီ ၃၅၉ ဂရမ်၊ ပရိုတင်း ၁ ဂရမ်၊ အဆီဓာတ် သုည ဒသမ ၁ ဂရမ်၊ ကစီဓာတ် ၉၈ ဒသမ ၅၈ ဂရမ်တို့ပါဝင်သည်။
နိဂုံးချုပ်အနေဖြင့် လှပကျန်းမာသည့်ဆံသား၊ အရေပြားနှင့် ခြေသည်းလက်သည်းများ ပိုင်ဆိုင်ချင်သည်ဆိုပါက ထန်းရည်သည် စဉ်းစားသင့်သည့် သဘာဝဆေးတစ်မျိုးဖြစ်သည်။ ထန်းရည်သည် နှလုံးသွေးကြောဆိုင်ရာရောဂါများ ခံစားရနိုင်ခြေကို လျှော့ချပေးနိုင်သောကြောင့် ထန်းရည်ကို နေ့တိုင်းတစ်ခွက်စီလောက်သောက်ပေးမည်ဆိုပါက ထန်းရည်မှာ ပိုတက်စီယမ်ပါဝင်နေသောကြောင့် နှလုံးကျန်းမာစေနိုင်ပြီး သွေးတိုးကျစေနိုင်သည်။ ထန်းလျက်ကို သရေစာနှင့် ဆေးဖက်ဝင်အပင်အဖြစ် စားသုံးရန်သာမကဘဲ ထန်းပင်မှထန်းရည်ကိုလည်း လူအများကြိုက်နှစ်သက်ကြသည်။ ထန်းရည်မှထန်းလျက်ချက်၍ စားသုံးနိုင်သည်။ ထန်းသီးအနုသည် ဂျယ်လီ ကဲ့သို့ နှစ်သက်စွာစားသုံးနိုင်ပြီး ထန်းသီးမှည့်၏ အခွံကို အနှစ်တိုက်၍ ထန်းသီးမုန့်ပြုလုပ်စားသုံးနိုင်သည်။ ထန်းသီးအမှည့်များကို မြေကြီးပေါ်တွင် စုပုံ၍ထားလျှင် လေးလခန့်အကြာတွင် ထန်းမြစ်အဖြစ်ပြောင်းလဲသွားပြီး ထန်းမြစ်ကိုပြုတ်၍ဖြစ်စေ၊ မီးဖုတ်၍ဖြစ်စေ နှစ်သက်သလိုစားသုံးနိုင်သည်။
ထန်းပင်မှရသောထန်းရည်ဖြင့် စားသောက်စရာအမျိုးမျိုးပြုလုပ်စားသောက်နိုင်ခြင်း၊ ထန်းသားဖြင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုး ပြုလုပ်အသုံးပြုနိုင်ခြင်းနှင့် ထန်းပင်မှအသုံးမလိုပိုလျှံသည့်စွန့်ပစ်ပစ္စည်းတစ်ခုမှမရှိခြင်း စသည်ဖြင့် ဘက်စုံအသုံးဝင်သည့်အဖိုးတန်ထန်းပင်၏အကြောင်းကို လက်လှမ်းမီသမျှ တင်ပြလိုက်ရပါသည်။