စဉ်ဆက်ပညာရေး အကောင်အထည်ဖော်မှု အနေဖြင့် စာသင်ဝိုင်းပေါင်း ၄၅ ဝိုင်း စုဖွဲ့သင်ကြား ပေးလျက်ရှိ
နေပြည်တော် နိုဝင်ဘာ ၂
စာဖတ်ရှိန်မြှင့်တင်ပေးခြင်း၊ ဝင်ငွေတိုးပွားရေးအတွက် ချိတ်ဆက်ဆောင်ရွက် ပေးခြင်းနှင့် ဘဝသာယာရေးအတွက် အသိပညာပေးခြင်း စသည့်အစီအစဉ်သုံးခု ပါဝင်သော စဉ်ဆက်ပညာရေးကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း ရှိ သတ်မှတ်မြို့နယ်များတွင် ဆောင်ရွက်လျက်ရှိသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း စဉ်ဆက်ပညာရေး အကောင်အထည်ဖော်မှု အနေဖြင့် ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းကာ စာသင်သားပေါင်း ၄၄၉ ဦးကို စာသင်ဝိုင်းပေါင်း ၄၅ ဝိုင်းစုဖွဲ့၍ စေတနာလုပ်အားပေး နည်းပြ/ကြီးကြပ်ပေါင်း ၁၀၇ ဦးတို့က တစ်ရက်လျှင် ပျမ်းမျှ ၃ နာရီဖြင့် အောက်တိုဘာလ ၂၁ ရက်မှ စတင်ကာ သုံးလကြာ သင်ကြားပေးလျက် ရှိကြောင်းသိရသည်။
စဉ်ဆက်ပညာရေး အကောင်အထည်ဖော်မှုအနေဖြင့် ဒက္ခိဏသီရိမြို့နယ် အုန်းတောကျေးရွာ ရန်အောင်မြင် ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်သည့် ရန်အောင်မြင် စာသင်ဝိုင်းနှင့် လယ်ဝေးမြို့နယ် စည်ပိုင်းကျေးရွာအုပ်စု သာယာကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ ဖွင့်လှစ်သည့် သာယာကုန်းစာသင်ဝိုင်းများသို့ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှု အားပေးပြီး စာသင်သားပြည်သူများနှင့် စေတနာလုပ်အားပေး နည်းပြ/ကြီးကြပ်များအား စာရေးကိရိယာနှင့် ပံ့ပိုးပစ္စည်းများ ပေးအပ်ကြကြောင်း သိရသည်။