နယူးကာဆယ်အသင်းကို အာဆင်နယ်အသင်း ရှုံးနိမ့်ခဲ့ပြီး ဒုတိယမြောက် ရှုံးပွဲကြုံ

 

နယူးကာဆယ်အသင်းကို အာဆင်နယ်အသင်း ရှုံးနိမ့်ခဲ့ပြီး ဒုတိယမြောက် ရှုံးပွဲကြုံ

 

လန်ဒန်  နိုဝင်ဘာ   ၂

    ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၀)အဖြစ် နယူးကာဆယ်အသင်းနှင့် အာဆင်နယ်အသင်းတို့ကစားခဲ့ရာ အာဆင်နယ်အသင်းက အဝေးကွင်း၌  ၁ ဂိုး ဂိုးမရှိဖြင့်ရှုံးနိမ့်ခဲ့သည့်အတွက် ယခုနှစ်ဘောလုံးရာသီတွင် ဒုတိယမြောက် ရှုံးပွဲကြုံတွေ့ခဲ့ရကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် နှစ်သင်းစလုံးအဓိက ကစားသမားအစုံအလင်ဖြင့်ပွဲထွက်လာခဲ့ပြီး ပွဲစကတည်းက နှစ်သင်းစလုံးတိုက်စစ်ဖွင့်ပြီး  အပြန်အလှန်ဖိအားပေးမှုများဖြင့် အကြိတ်အနယ်ရှိခဲ့ကာ  အာဆင်နယ် အသင်းက  ဘောလုံးပိုင်ဆိုင်မှုအသာစီးဖြင့်   ဖိအားပေးကစားနိုင်ခဲ့သော်လည်း ပွဲချိန် ၁၂ မိနစ်တွင် နောက်ပိုင်းပွဲစဉ်များ၌ အကောင်းဆုံးခြေစွမ်း ပြသလျက်ရှိနေသည့် အီဆက်က ဂေါ်ဒွန်၏     ဖန်တီးပေးမှုမှတစ်ဆင့် နယူးကာဆယ်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သည့် အတွက် ပွဲချိန်ပထမပိုင်းအပြီးတွင် နယူးကာဆယ်အသင်းက ၁ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ထို့နောက် ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင် အာဆင်နယ်အသင်းက ချေပဂိုးနှင့်အနိုင်ဂိုးများအတွက် ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူပြီး ဖိအားပေးခဲ့သော်လည်း ဂူမာရေးစ်နှင့် တိုနယ်လီတို့၏ နယူးကာဆယ် အသင်းကွင်းလယ်ပိုင်းကို  ကျော်ဖြတ်ရန်ခက်ခဲခဲ့ပြီး ဒုတိယပိုင်းတွင် အာဆင်နယ်အသင်းထက် နယူးကာဆယ်အသင်းကပင် ဂိုးပေါက်တည့်ကန်သွင်းချက် ပိုမိုများပြားခဲ့ပြီး ဒုတိယပိုင်းတစ်ပိုင်းလုံးတွင် အာဆင် နယ်အသင်းအနေဖြင့်   ဂိုးပေါက်တည့်ကန်သွင်းချက်တစ်ကြိမ်မှ မပြုလုပ်နိုင်ခဲ့သည်ထိ ဆိုးရွားခဲ့ကာ လက်ကျန်ပွဲချိန်များတွင် နှစ်သင်းစလုံး ဂိုးသွင်းယူနိုင်ခြင်း မရှိသည့်အတွက်   ပွဲပြီးဆုံးချိန်တွင်   နယူးကာဆယ်အသင်းက အိမ်ကွင်းတွင် အီဆက်၏ တစ်လုံးတည်းသောသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲစဉ်တွင် အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်က ကစားခဲ့သည့် ဆောက်သမ်တန်အသင်းကို အနိုင်ရရှိခဲ့ပြီးနောက်ပိုင်းတွင် သုံးပွဲဆက်နိုင်ပွဲပျောက်ဆုံး ခဲ့ပြီး ဘုန်းမောက်အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့်ရှုံးနိမ့်ခဲ့ပြီး လီဗာပူးအသင်းနှင့်ပွဲစဉ်တွင် နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ကာ  ယခု နယူးကာဆယ်အသင်းနှင့်ပွဲစဉ်တွင်လည်း ၁ ဂိုး ဂိုးမရှိဖြင့်ရှုံးနိမ့်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

Dates: 
Sunday, November 3, 2024 - 11:59