ငြိမ်းချမ်းရေးမျိုးစေ့
(သွေးချင်းတို့၏ တေးကဗျာ)
ရေးကဗျာများသည် ယနေ့ထိတိုင်အောင်ရှင်သန်ပျိုမျစ်နေဆဲဖြစ်သလို သစ်လွင်ခေတ်မီနေဆဲလည်းဖြစ်ပါသည်။ ယနေ့ထိတိုင်အောင်ရှင်သန်ပျိုမျစ်သစ်လွင်ခေတ်မီနေခြင်းမှာအစဉ်အဆက်အလေးထားပြီး တမြတ်တနိုးတန်ဖိုးထားကာထိန်းသိမ်းစောင့်ရှောက်ရင်း လက်ဆင့်ကမ်း သယ်ဆောင် လာခဲ့သောကြောင့် ဖြစ်ပါသည်။
ယနေ့ထိတိုင်အောင် လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့သော ရှေးရေးတေးကဗျာများထဲတွင်တိုင်းရင်းသားတေးကဗျာများလည်းပါဝင်သည်။
တိုင်းရင်းသားတေးကဗျာများထဲတွင် ''ကျွဲသားနှစ်ကောန်'' ထားဝယ်တေးကဗျာသည်လည်းအပါအဝင်ဖြစ်ပါသည်။ ''ကျွဲသားနှစ်ကောန်''တေးကဗျာမှာ-
''ကျွဲသားနှစ်ကောန် တိုက်ဖို့ဆောန်
ညောန်ပန်အော့မှာထား။
မလေစာ ဗြစ်ကိုစား
မလေစာ ဗြစ်ကိုစား။
ဟေး......မယ်ဝေ့၊မယ်ဝေ့
မဝါ လွမ်းစမား''ဟူ၍ ဖြစ်ပါသည်။
ကျွဲသားနှစ်ကောန်ထားဝယ်တေးကဗျာကိုထားဝယ်လေသံ၊ ထားဝယ်ဒေသိယစကားတို့ဖြင့်ရေးဖွဲ့ထားခြင်းဖြစ်ပါသည်။''ကျွဲသား''ကို''ကျွဲငယ်''၊''မလေစာ''ကို''မြေစာ''၊ ''မဝါ''ကို''မယ်တို့ရွာ''၊''မယ်ဝေ့''ကို''အသက်ငယ်သူကအသက်ကြီးသူကိုခေါ်သောအာလုပ်စကား''၊ ''ဗြစ်'' ကို ''မြက်''၊ ''လွမ်းစမား'' ကို ''လွမ်းဆွတ်မိသည်''၊ ''အော့'' ကို''အောက်'' ဟူ၍ အဓိပ္ပာယ်ရပါသည်။ ထားဝယ်လေသံ''နသတ်(န်)''သည်''ငသတ်(င်)''နှင့်အဓိပ္ပာယ်ချင်းတူသည်ဟု သဒ္ဒဗေဒပညာရှင်တို့က ကောက်ချက်ချအတည်ပြုထားကြ၏။ ထို့ကြောင့် ''ကျွဲသားနှစ်ကောန်''တေးကဗျာပါ''နှစ်ကောန် ''ကို''နှစ်ကောင်''၊''ဆောန်'' ကို ''ဆောင်''၊ ''ညောန်ပန်''ကို''ညောင်ပင်'' ဟူ၍ ဖွင့်ဆိုရပါမည်။ ''ကျွဲသားနှစ်ကောန်''တေးကဗျာကို ရွတ်ဆိုဖြန့်ကြက်ကြည့်ပါက ကျယ်ဝန်းသောမြင်ကွင်းကို တွေ့မြင်ရမည်ဖြစ်သလို''ကျွဲသားနှစ်ကောန်''၏ပုံရိပ်ကိုလည်း က်ကွက်ကွင်းကွင်း တွေ့မြင်ရမည်ဖြစ်ပါသည်။
ကျွဲငယ်ဟူသည်ကိုယ်ခန္ဓာဖွံ့ဖြိုး၏။ ခွန်အားတောင့်ခိုင်သန်မာ၏။ ချိုစွမ်းပြချင်နေသော သန်တုန်းမြန်တုန်း အရွယ်ဖြစ်ပါသည်။ ကျွဲငယ်အချင်းချင်း သူ့ထက်ငါအသာစွဲပြီး အနိုင်ခဲလိုကြသည်။ ထို့ကြောင့် ကျွဲငယ်အချင်းချင်းတွေ့ကြပြီဆိုပါက တစ်ကောင်နှင့်တစ်ကောင်ရန်စောင်သည်၊ မာန်ထောင်သည်။
မာန်ကြွသည်၊ ရန်စသည်။ မာန်ထူသည်၊ ရန်မူသည်။ မာန်ထုတ်သည်၊ ရန်လုပ်သည်။ အငြိုးတကြီးနှင့် ရန်ပွဲကြီးခင်းလေတော့၏။ ဦးခေါင်းနှင့်ဝှေ့သည်။ ချိုနှင့်ခတ်သည်။ ကိုယ်ခန္ဓာချင်းတွန်းထိုးသည်။ အနိုင်မရမချင်းတိုက်ခိုက်ကြ၏။ တိုက်ရင်းခိုက်ရင်းမှာပင် ကျွဲနှစ်ကောင်စလုံးထိမိခိုက်မိကြ၏။
အနာတရဒဏ်ရာရကြ၏။ သွေးသံရဲရဲနှင့်သွေးခြင်းခြင်းနီနေ၏။ အခန့်မသင့်ပါက အသက်ပါဆုံးပါးကြရ၏။ ကျွဲနှစ်ကောင်ခတ်ရာမြေပြင်ပေါ်က မြက်ပင်၊ မြေစာပင်များခမျာ ကြေမွပျက်စီးကြရရှာ၏။ ကျွဲနှစ်ကောင်ခတ်ပြီဆိုပါက အကျည်းတန်အရုပ်ဆိုးလှသည့် စိတ်မချမ်းမြေ့စရာအနိဋ္ဌာရုံမြင်ကွင်းကိုသာ မြင်တွေ့ကြရပေမည်။ ဣဋ္ဌာရုံမြင်ကွင်းကို မမြင်မတွေ့ရနိုင်ပေ။
''ကျွဲသားနှစ်ကောန်''တေးကဗျာပါကျွဲကျောင်းသားလေးသည် ဣဋ္ဌာရုံမြင်ကွင်းထက် အနိဋ္ဌာရုံမြင်ကွင်းကိုသာ မြင်တွေ့လိုပုံရသည်။ ကျွဲငယ်နှစ်ကောင်ကို ညောင်ပင်အောက်သို့ ခေါ်ဆောင်လာခဲ့သည်။
တစ်ကောင်နှင့်တစ်ကောင်တေ့ပေးပြီး ရန်တိုက်ပေးလိုက်ခြင်းသာဖြစ်ပါသည်။ ကျွဲကျောင်းသားခေါ်ဆောင်လာသည့် ကျွဲနှစ်ကောင်က ကျွဲကျောင်းသားဖြစ်စေချင်သလိုမဟုတ်။ တစ်ကောင်နှင့်တစ်ကောင်ရန်စောင်ခြင်းမရှိ၊ မာန်ထောင်ခြင်းမရှိ။ရန်မူခြင်းမရှိ၊ မာန်ထူခြင်းမရှိ။ ရန်လုပ်ခြင်းမရှိ၊ မာန်ထုတ်ခြင်းမရှိ။ ရန်လိုခြင်းမရှိ၊ မာန်ပိုခြင်းမရှိ။
ညောင်ပင်အောက်တွင်အတူတကွယှဉ်တွဲနေကြသည်။ညောင်ပင်အောက်တွင်ရှိနေသောစိုစိုရွှန်းရွှန်းမြေစာမြက်နုများကိုမြိန်ရေရှက်ရေစားနေကြ၏။
ကျွဲကျောင်းသားမြင်ချင်၊ တွေ့ချင်၊ ကြည့်ချင်သလို ကျွဲသားနှစ်ကောင်က ဖြစ်မလာ။ ချစ်ကြည်ရင်းနှီးနေကြသည်။
ကျွဲကျောင်းသားလေးက အံ့ဩဖွယ်ရာမြင်ကွင်းကို မြင်နေရသောကြောင့် တအံ့တဩဖြစ်နေပြီ။ ကျွဲသားနှစ်ကောင်ကိုကြည့်ပြီး အလိုလိုကြည်နူးဝမ်းသာလာသည်။ ကျေနပ်အားရလာသည်။ စိတ်ချမ်းသာလာသည်။ ထိုမြင်ကွင်းကို အခြားသူများကိုလည်း တွေ့စေချင်သည်၊ မြင်စေချင်သည်။ ထို့ကြောင့်''ဟေး.....အစ်ကိုတို့၊ အစ်မတို့ရေ။ အစ်ကိုကြီး၊အစ်မကြီးတို့ရေ။ မကြုံစဖူးကြုံရတဲ့၊ မမြင်စဖူးမြင်ရတဲ့ဟောဒီမြင်ကွင်းလေးကိုလာကြည့်ကြစမ်းပါဗျ။ စိတ်ချမ်းသာစရာကောင်းပြီး လွမ်းဆွတ်ကြည်နူးစရာကောင်းလွန်းလို့ပါဗျ'' လို့အားပါးတရအော်ဟစ်ကြွေးကြော်ပြီး ''ဟေး...မယ်ဝေ့၊ မယ်ဝေ့။ မဝါ လွမ်းစမား'' ဟုဝမ်းသာအားရပြောဆိုနေလေတော့၏။
ထားဝယ်တေးကဗျာတစ်ပုဒ်ဖြစ်သည့် ''ကျွဲသားနှစ်ကောန်'' ကဗျာထဲကမြင်ကွင်းထဲတွင် ''ရန်လိုကရန်ပိုသည်၊ ရန်မလိုကရန်ပြိုသည်'' ဟူသောပြယုဂ်ကိုအထင်းသားမြင်နေရသည်။
တစ်ဆက်တည်းမှာပင် ရန်လို၍ရန်ပိုလာသည့် အကျိုးဆက်ကြောင့်ဖြစ်ပေါ်လာမည့် အနိဋ္ဌာရုံကိုမြင်တွေ့လာရသကဲ့သို့ ရန်မလို၍ရန်ပြိုကာရန်ငြိမ်းအေးသည့် အကျိုးဆက်ကြောင့် ဖြစ်ပေါ်လာမည့်ဣဋ္ဌာရုံကိုလည်း မြင်တွေ့လာရပေသည်။ မည်သူမဆိုစက်ဆုပ်ရွံရှာဖွယ်ရာ ကောင်းသည့်အနိဋ္ဌာရုံမြင်ကွင်းကို မတွေ့လို၊ မမြင်လို၊ မကြားလိုကြပေ။
ကြည်နူးချမ်းမြေ့စရာ ဣဋ္ဌာရုံမြင်ကွင်းကိုသာတွေ့လို၊ မြင်လို၊ ကြားလိုကြပေသည်။ ထို့ကြောင့်ရန်ပြို၊ရန်ပြေ၊ ရန်အေး၊ ဘေးရန်ဝေးသည့်ငြိမ်းအေးခြင်းတည်း ဟူသောသန္တရသကို မည်သူမဆိုလိုလားကြ၏၊
နှစ်သက်ကြ၏၊တောင့်တကြ၏။မည်သူမဆိုလိုလား၊ နှစ်သက်၊ တောင့်တကြကုန်သော ငြိမ်းအေးခြင်းတည်းဟူသည့်သန္တရသကို''ကျွဲသားနှစ်ကောန်'' ထားဝယ်တေးကဗျာက ပေးနိုင်စွမ်းရှိ၏။ ထို့ကြောင့် ''ကျွဲသားနှစ်ကောန်''ထားဝယ်တေးကဗျာကို '' ငြိမ်းချမ်းရေးမျိုးစေ့'' ဟူ၍ အမွှမ်းတင်လိုက်ရခြင်းဖြစ်ပါသည်။ ။