လယ်တောအရှင်မ
ထွန်းမြင့်နှင့်အောင်အောင်သည် တစ်ရွာတည်းနေ တစ်ရေတည်းသောက်ဖြစ်၍ အလွန် ရင်းနှီးချစ်ခင်ကြသည်။ သူတို့နှစ်ဦးမှာ ဆားလင်းကြီးမြို့နယ် မင်းတောရွာတွင် နေထိုင်ကြ၍ ဆားလင်းကြီးအထက်တန်းကျောင်းသို့ စက်ဘီးဖြင့် ကျောင်းတက်ကာ သွားအတူ လာအတူ သူငယ်ချင်းများဖြစ်ကြသည်။
ဆဋ္ဌမတန်းဖြေဆိုထားပြီးဖြစ်၍ ယခုနွေရာသီကျောင်းပိတ်ရက်များတွင်လည်း တတွဲတွဲရှိကြပေ၏။ အောင်အောင်၏ဖခင်မှာ ကုန်သည်တစ်ဦးဖြစ်သည်။
ထွန်းမြင့်၏ဖခင် ဦးကျော်ညွန့်သည် လယ်သမားတစ်ဦးဖြစ်၍ ခေတ်မီစိုက်ပျိုးနည်းစနစ်များ၊ ထွန်စက်များနှင့် လယ်ယာစိုက်ပျိုးသူတစ်ဦးဖြစ်၏။ သို့သော် “ရှေးထုံးလည်း မပယ်နှင့်၊ ဈေးသုံးလည်းမလွယ်နှင့်” ဆိုသော စကားနှင့်အညီ လယ်သမားတို့၏ ရိုးရာကို မပစ်ပယ်၊ လေးစားလိုက်နာသူတစ်ဦး ဖြစ်လေသည်။
ယနေ့သည်ကား တပေါင်းလဆန်းသုံးရက်နေ့ဖြစ်၍ ထွန်းမြင့်တို့၏ လယ်တောတွင် ပုန်းမကြည်နတ် တင်ကြမည်ဖြစ်သည်။ ထွန်းမြင့်နှင့်အောင်အောင် သူငယ်ချင်းနှစ်ဦးကား လယ်ထဲသို့အတူ လိုက်ခဲ့ကြသည်။ ဝါဝင်းနေသော ရိုးပြတ်ငုတ်တိုများကား တစ်မျှော်တစ်ခေါ် ရှိလှပေသည်။ လယ်ကန်သင်းရိုးတွင် တပေါင်းနေကို အန်တု၍ ရှင်သန်နေကြသည့် လယ်ကန်စွန်း၊ မှိုနတို၊ ကနဖော့တို့ကား စိမ်းစိမ်းလန်းလန်း ရှိလှပါ၏။ တောင်လေအဝှေ့ဝယ် ရိုးပြတ်ရနံ့သင်းသင်းတို့ကား ပျံ့မွှေးလျက်ရှိလေသည်။
ထွန်းမြင့်၏ မိခင်သည် အိမ်တွင် ကြိုတင်၍ ကြော်ထားသော မုန့်ဖြူ၊ မုန့်နီ၊ နွားရုပ်၊ ထွန်ပုံ၊ ထယ်ပုံ၊ စပါးနှံများကို အိုးသစ်နှင့်ထည့်၍ ယူခဲ့သည်။ သူတို့ လယ်ကွင်းထဲသို့ရောက်သောအခါ လယ်မြေပေါ်တွင် ဝက်ခွခေါ် စင်ကလေးထား၍ မုန့်များကိုတင်ကာ ပူဇော်သည်။ ပုန်းမကြည်အရှင်မအတွက် အင်္ကျီ၊ ထဘီ၊ မှန်၊ ဘီး၊ ကျောက်ပျဉ်နှင့် သနပ်ခါးတုံး၊ ပန်း စသည့် မိန်းကလေးအသုံးအဆောင်များ စီထားကာ ထွန်းမြင့်၏ မိခင်က “ပုန်းမကြည်အရှင်မ မပါ၊ စပါ၊ စပါးတောင်လိုပုံအောင်မပါ” ဟု ရွတ်ဆိုပူဇော်၏။
ထွန်းမြင့်၏ ဖခင်ကလည်း “လှည်းဦးပေါ် သုံးတောင်ကျော်တဲ့စပါး ထွက်ပါစေသား” ဟု ဆုတောင်း၏။ ထွန်းမြင့်ကိုလည်း ဆုတောင်းခိုင်း၏။
ထို့နောက် လယ်ကွင်းစပ် ထနောင်းပင်ရိပ်တွင် ဝိုင်းဖွဲ့ထိုင်ကြသည်။ “နွေ ထနောင်း၊ ဆောင်း မန်ကျည်း” ဆိုသည့်အတိုင်း ထနောင်းရိပ်က အေးမြလှသည်။ ထနောင်းပင်ထက်မှ ကျေးငှက်ကလေးတို့၏ တီတီတာတာ အသံကလေးများကိုလည်း နားဆင်ရသည်။ ထွန်းမြင့် မိခင်က ပါလာသည့် မုန့်ဆီကြော်တို့ကို ရေနွေးကြမ်း အဖန်ရည်နှင့် စားသောက်စေသည်။ သူငယ်ချင်းနှစ်ဦး စားသောက်နေရာမှ အောင်အောင်က မေးလေ၏။
“ဦးကြီး ပုန်းမကြည်ဆိုတာ ဘာလဲ၊ ဘာကြောင့် တင်မြှောက်ရသလဲဆိုတာ ကျွန်တော့်ကိုပြောပြပါဗျာ”
ထွန်းမြင့်၏ဖခင် ဦးကျော်ညွန့်က “အေး လူကလေးတို့ရေ ဦးကြီး သိသလောက်ပြောရရင် ပုန်းမကြည်ဆိုတာ ပူဏ္ဏကြည် ဒါမှမဟုတ် ပုဏ္ဏကျီက ပြောင်းလဲလာတဲ့ စကားပဲတဲ့။ တို့လယ်သမား၊ ကိုင်းသမား၊ ကျွန်းသမားတွေဟာ မိုးကောင်းသည်ဖြစ်စေ၊ မိုးခေါင်သည်ဖြစ်စေ၊ လယ်ယာဖွံ့ဖြိုးသည်ဖြစ်စေ၊ လယ်ယာဆွံ့အသည်ဖြစ်စေ ပုန်းမကြည်ဘီလူးမကို တင်မြှောက်ပသကြတာ ရှေးအစဉ်အလာပဲကွ၊ တို့လယ်တောရဲ့ အရှင်မပါပဲကွာ” ဟု ပြောပြကာ ရေနွေးကြမ်းတစ်ခွက်သောက်၍ ဆက်ပြောပြန်သည်။ “ဦးကြီးတို့ ဒီခေတ်မှာလည်း ခေတ်မီကိရိယာတွေ စိုက်ပျိုးနည်းစနစ်သစ်တွေနဲ့ စိုက်ပျိုးနေပေမယ့် ရိုးရာတော့ မပျောက်စေချင်လို့ လာတင်တာပဲဟေ့။ ဟိုး ရှေးခေတ်ကဆိုရင်တော့ အိုးစည်၊ ဒိုးပတ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် တီးမှုတ်ပြီး တင်ကြတာကလား”
“ဟုတ်ကဲ့ ဦးကြီး ဆက်ပြောပါဗျ” အောင်အောင်က စိတ်ဝင်စားစွာ နားထောင်ရင်းပြောသည်။ ဦးကြီးက “အေး…နှစ်စဉ် တပေါင်းလဆန်း တစ်ရက်၊ နှစ်ရက်၊ သုံးရက်အဲလို ဆက်တင်ကြတာကွဲ့။ ပထမနေ့ လေလာရင် မိုးဦးကောင်းမယ်။ ဒုတိယနေ့ လေလာရင် မိုးလယ်ကောင်းမယ်။ တတိယနေ့လေလာရင် မိုးနှောင်းကောင်းမယ်လို့ အယူရှိကြတယ် သားတို့ရေ” ဟု ရှင်းပြ၏။ အောင်အောင်က “ဟုတ်ကဲ့ ဦးကြီး ခုလိုရှင်းပြတာ ကျေးဇူးတင်ပါတယ်ဗျာ။ သားတို့ ဗဟုသုတရတာပေါ့နော်” ဟုပြောကာ ကျေနပ်နေ၏။ ဦးကြီးက “အေးပါကွာ၊ ရှေးထုံးလည်း မပယ်နဲ့ဆိုတဲ့ စကားလည်း ရှိတယ်မို့လား။ ကဲ…စားကြ စားကြ၊ နွားတွေနေမြင့်နေပြီ။ ပြန်ရအောင်။ အိမ်က နွားတွေလည်း အစာကျွေးရဦးမှာ မျှော်နေကြရော့မယ်” ဟု လောဆော်၏။
ထွန်းမြင့်၊ မိခင်၊ ဖခင်နှင့် အောင်အောင်တို့ကား လယ်ထဲမှ ပျော်ရွှင်စွာ ပြန်ခဲ့ကြလေသည်။ အောင်အောင်သည် ဦးကြီးတို့လယ်မှ “လှည်းဦးပေါ် သုံးတောင်ကျော်တဲ့စပါး ထွက်ပါစေသား” ဟု ကူညီဆုတောင်းပေးခဲ့လေ၏။ တောင်လေအဝှေ့ဝယ် သယ်ဆောင်လာသော သရဖီပန်းရနံ့တို့ကား သင်းပျံ့ပျံ့မွှေးလျက် ရှိပါတော့သည်။ လယ်တောအရှင်မကား သဘော ကျနေပြီထင့်။ ။