အမေရိကန်ဒီမိုကရေစီက ၂၀၂၄ ရွေးကောက်ပွဲရဲ့ စမ်းသပ်မှုကို ကျော်နိုင်ပါ့မလား

 

အမေရိကန်ဒီမိုကရေစီက ၂၀၂၄ ရွေးကောက်ပွဲရဲ့ စမ်းသပ်မှုကို ကျော်နိုင်ပါ့မလား

 

      နိုဝင်ဘာလ ၅ ရက်မှာကျင်းပမယ့် အမေရိကန် သမ္မတရွေးကောက်ပွဲကတော့ တဖြည်းဖြည်းနဲ့နီးကပ်လာနေပါပြီ။ ဒီအချိန်မှာ ပြိုင်ဘက်တွေဖြစ်ကြတဲ့ ဒီမိုကရက်တစ်ပါတီမှ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ် လက်ရှိဒုတိယသမ္မတ ကမ်မလာ ဟဲရစ်နဲ့ ရီပတ်ဘလစ်ကန်ပါတီမှ  ရွေးကောက်ပွဲဝင် ကိုယ်စားလှယ် သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ကြားမှာ ရင်ဆိုင်ယှဉ်ပြိုင်မှုတွေကလည်း ပြင်းထန်လို့လာနေပါတယ်။ လူကြိုက်များမှုအနေအထားကလည်း တစ်ယောက်နဲ့တစ်ယောက် အပြတ်အသတ်ကွာသွားတယ်ဆိုတာမရှိပါဘဲ အကြိတ်အနယ်ဖြစ်နေ ကြတာပါ။

အခုအမေရိကန်သမ္မတရွေးကောက်ပွဲက အမေရိကန်နိုင်ငံရဲ့ ဆက်လျှောက်ရမယ့် လမ်းကြောင်းကို သတ်မှတ်ပေးမှာဖြစ်သလို ဖြစ်ပေါ်လာနိုင်တဲ့အတား အဆီးအကျပ်အတည်းတွေကိုလည်း နိုင်ငံအနေနဲ့ ကြံ့ကြံ့ခံ  ရင်ဆိုင်ရမယ့် အနေအထားဖြစ်နေတာကို တွေ့ရပါတယ်။ တစ်နည်းအားဖြင့် အခုကျင်းပမယ့်ရွေးကောက်ပွဲက      အမေရိကန်နိုင်ငံရဲ့ သမိုင်းကို တစ်ဆစ်ချိုး ပြောင်းလဲသွားစေနိုင်တဲ့ ရွေးကောက်ပွဲလို့ပြောရင်လည်းမမှားပါဘူး။

အမေရိကန်ရဲ့ပြည်နယ်တွေမှာ သက်ဆိုင်ရာပါတီ အတွက် မလွဲမသွေအနိုင်ရရှိလိမ့်မယ်လို့ သတ်မှတ်ရတဲ့ပြည်နယ်တွေ များစွာရှိပါတယ်။ အဲဒီပြည်နယ်တွေ ကနေရရှိတဲ့ မဲအရေအတွက်က တစ်ဖက်နဲ့တစ်ဖက် အတူတူလောက်ပါပဲ။ ဒါပေမဲ့ အမေရိကန်သမ္မတ ဘယ်သူဖြစ်လာမလဲဆိုတာကို အဓိကသတ်မှတ်ပေးမယ့် ပြည်နယ်က ခုနစ်ခုရှိပါတယ်။ သူတို့ကိုတော့ ယိမ်းလွယ်ပြည်နယ်များလို့ ခေါ်ပါတယ်။ တစ်နည်းပြောရရင် သူတို့ကအဆွယ်ကောင်းတဲ့သူ နောက်ကို လိုက်မယ်ဆိုတဲ့သူတွေပေါ့။

ဗဟုသုတအနေနဲ့ပြောရရင် အဲဒီပြည်နယ်တွေက အရီဇိုးနား၊ ဂျော်ဂျီယာ၊ မီချီဂန်၊ နီဗားဒါး၊ မြောက် ကယ်ရိုလိုင်းနား၊ ပန်ဆယ်ဗေးနီးယားနဲ့ ဝစ္စကွန်ဆင် ပြည်နယ်တို့ဖြစ်ပါတယ်။    အဲဒီပြည်နယ်တွေမှာ ရွေးကောက်ပွဲ သမိုင်းကြောင်းကိုပြန်ကြည့်ရင် ဘယ်ပါတီကမှ တစ်သမတ်တည်း အနိုင်ရသွားတယ်ဆိုတာ မရှိပါဘူး။ ဒီတစ်ကြိမ်မှာ ရီပတ်ဘလစ်ကန်တွေက နိုင်ချင်နိုင်မယ်။  နောက်တစ်ကြိမ်မှာ ဒီမိုကရက်တစ် တွေက နိုင်ချင်နိုင်မယ်။ ဘယ်အကြိမ်မှာ ဘယ်သူနိုင်မယ်ဆိုတာ    ယတိပြတ်သတ်မှတ်ထားလို့ မရတဲ့ပြည်နယ်တွေပေါ့။

သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်တွေကလည်း အဲဒီပြည်နယ်ခုနစ်ခုကနေ ထောက်ခံမဲတွေရရှိအောင် ရေကုန်ရေခန်း ယှဉ်ပြိုင်ကြတာပါ။ လက်ရှိ လေ့လာမှုတွေအရနဲ့ စစ်တမ်းကောက်ယူမှုတွေအရ ဆိုရင် အဲဒီပြည်နယ်ခုနစ်ခုမှာ ကမ်မလာဟဲရစ်နဲ့ ဒေါ်နယ်ထရမ့်တို့ကြား ဘယ်သူမှ အသာစီးမရဘဲ တော်တော်လေးကို အကျပ်အတည်းနဲ့ ရင်ဆိုင်နေရ တဲ့ အနေအထားတွေ့ရပါတယ်။

ဒါ့အပြင် ဒီနှစ်ရွေးကောက်ပွဲက တခြားနှစ်တွေနဲ့ မတူဘဲ ထူးခြားမှုတွေလည်းရှိနေပါတယ်။ ဒီမိုကရက် တစ်တွေဘက်က ကိုယ်စားလှယ်လောင်းကို နှစ်ခါ တင်သွင်းရတယ်။ ပထမတင်သွင်းတဲ့ ဂျိုးဘိုင်ဒင်က သမ္မတတာဝန်    ဆက်လက်ထမ်းဆောင်ခြင်းငှာ မစွမ်းသာတဲ့အခြေအနေမျိုး ဖြစ်သွားတာကြောင့် ကမ်မလာဟဲရစ်ကို ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်အဖြစ် တင်သွင်းခဲ့ရတာပါ။

တစ်ဖက်မှာလည်း ရီပတ်ဘလစ်ကန်တွေအတွက် ကိုယ်စားလှယ်လောင်းဖြစ်တဲ့ ဒေါ်နယ်ထရမ့်အနေနဲ့ ရွေး‌ကောက်ပွဲမဲဆွယ် ကာလမှာပဲ လုပ်ကြံခံရမှုနဲ့ အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရသလို သေမင်းခံတွင်းဝကနေ လက်မတင်ကလေး အကြိမ်ကြိမ်လွတ်မြောက်ခဲ့ရသူပါ။ ဒီလိုလုပ်ကြံမှုဟာ သူကိုယ်တိုင်ဇာတ်ညွှန်း ရေးခဲ့သလားဆိုတဲ့ အယူအဆတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ သေချာတာက ထောက်ခံမဲရရှိဖို့ တစ်ခုတည်းနဲ့   သူ့အသက်ကိုစတေးရလောက်တဲ့ အထိတော့ ဒေါ်နယ်ထရမ့်တစ်ယောက် အရဲစွန့်မှာမဟုတ်ပါဘူး။

နောက်တစ်ခုထူးခြားတာက ဒီနှစ်ရွေးကောက်ပွဲ မှာမှ နှစ်ဖက်စလုံးမှာ ရွေးကောက်ပွဲအတွက် အသုံးပြု ဖို့ဆိုပြီး ငွေကြေးလှူဒါန်းမှုတွေ စံချိန်တင်ထည့်ဝင်လာတာပါပဲ။ ကမ်မလာဟဲရစ်ဘက်ကနေ သူဌေး ကြီးတွေက လှူဒါန်းသလို ဒေါ်နယ်ထရမ့်ဘက်ကနေ လည်း ကမ္ဘာ့နံပါတ်တစ် သူဌေးကြီး    အီလွန်မက်ကိုယ်တိုင် ငွေကြေးထည့်ဝင်ရုံသာမက လူကိုယ်တိုင်လိုက်ပါပြီး မဲဆွယ်စည်းရုံးနေတာပါပဲ။ ဒေါ်နယ်ထရမ့်က သူသာသမ္မတဖြစ်သွားရင် အီလွန်မက်ကိုအစိုးရအဖွဲ့ မှာ တစ်နေရာပေးမယ်လို့လည်း ဆိုထားပါသေးတယ်။ ကြည့်ရတာကတော့ အမေရိကန်နိုင်ငံရေးမှာ သူဌေးကြီးတွေက နေရာဝင်ယူလာတော့မယ့် ပုံစံပါပဲ။

ကမ်မလာဟဲရစ်နဲ့ဒေါ်နယ်ထရမ့်တို့ကြား အခုလိုမျိုး အပြိုင်အဆိုင်ဖြစ်နေကြပေမယ့် ဘယ်သူကဒီရွေးကောက်ပွဲမှာ အနိုင်ရသွားမလဲဆိုတာကို ကျွန်တော် ကတော့သိပ်စိတ်မဝင်စားပါဘူး။      တကယ်လို့ ကမ်မလာဟဲရစ်နိုင်ရင် အမေရိကန်သမိုင်းတစ်လျှောက် ပထမဆုံးအမျိုးသမီး သမ္မတဖြစ်မယ်။ အမျိုးသမီး သမ္မတဖြစ်တာတောင်မှ အိန္ဒိယနွယ်ဖွား အမျိုးသမီး သမ္မတဖြစ်လာမှာပါ။ ဒါပေမဲ့ မူဝါဒပိုင်းမှာ လက်ရှိ သမ္မတဂျိုးဘိုင်ဒင်နဲ့ သိပ်တော့ကွာမယ်မထင်ပါဘူး။

ဘာကြောင့်လဲဆိုရင် သူတို့က တစ်ပါတီတည်းသား တွေဖြစ်နေတာကိုး။ဒီလိုမဟုတ်ဘဲ ရွေးကောက်ပွဲမှာ  ဒေါ်နယ်ထရမ့် သာ အနိုင်ရသွားရင်တော့ သူကတိပေးထားတဲ့ ရုရှားနဲ့ယူကရိန်းတို့ကြားက ပဋိပက္ခကို ၂၄ နာရီအတွင်း ဖြေရှင်းနိုင်မှာလား။ အီရန်-အစ္စရေးအရေးကို အထိအခိုက် အနည်းဆုံးနဲ့ ဖြေရှင်းနိုင်မှာလား။    သူ့ရဲ့စစ်သည်တွေကို ပြည်ပနိုင်ငံတွေမှာ အသက်စွန့်လွှတ်ရစေတဲ့ ပြည်ပစစ်ပွဲဆင်နွှဲမှုကို ရပ်တန့်မှာလားဆိုတာ

တွေကိုသာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် သူတို့နှစ်ယောက်ကြားမှာ ဘယ်သူပဲနိုင်နိုင် မြန်မာနိုင်ငံနဲ့ကမ္ဘာ့နိုင်ငံများအပေါ်ကို သက်ရောက်မှုက သိပ်တော့ကွာဟမယ် မထင်ပါဘူး။ သူ့ရဲ့ မဟာမိတ်တွေအပေါ်တော့   အနည်းငယ်သက်ရောက်မှု ရှိလာနိုင်ပါတယ်။

ဒါပေမဲ့ ဒီရွေးကောက်ပွဲရလဒ်က စမ်းသပ်ပေးမယ့် အရာတစ်ခုရှိပါတယ်။ အဲဒီအရာကိုပဲ ကျွန်တော်က ပိုပြီးစိတ်ဝင်စားပါတယ်။ ဘာလဲဆိုတော့ ဒီမိုကရေစီ ဆိုတာကြီးကိုပါ။ အမေရိကန်က ဒီမိုကရေစီစနစ်သာ အကောင်းဆုံးဖြစ်တယ်ဆိုပြီး တခြားနိုင်ငံတွေကို လည်း သူတို့ရဲ့ပေတံနဲ့လိုက်တိုင်းနေတာပါ။ ဒီတစ် ခေါက်မှာတော့ သူတို့ရဲ့ပေတံနဲ့ သူတို့ရဲ့ဒီမိုကရေစီ ကိုပြန်တိုင်းနိုင်ပါဦးမလားဆိုတာကတော့ စိတ်ဝင် စားစရာပါပဲ။

ဒီလိုပြောရတဲ့အကြောင်းရင်းရှိပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ဂျိုးဘိုင်ဒင်နဲ့ ယှဉ်ပြိုင်မှုမှာ ဒေါ်နယ်ထရမ့် ရှုံးသွားပါတယ်။ အဲဒီအချိန်တုန်းက ဒီမိုကရက်တစ်တွေဘက်မှာ မဲမသမာမှုလုပ်နေတာ တွေရှိတယ်ဆိုပြီး ရီပတ်ဘလစ်ကန်တွေက စောဒက တက်ခဲ့ပါတယ်။ ဒါပေမဲ့ တချို့နေရာတွေမှာသာမဲကို ပြန်လည်ရေတွက်ခဲ့တာပါ။ ရွေးကောက်ပွဲရလဒ်ပေါ် ထွက်လာချိန်မှာ ဒေါ်နယ်ထရမ့် ရှုံးသွားပါတယ်။ အဲဒီ အချိန်မှာပဲ ဒေါ်နယ်ထရမ့်ကိုထောက်ခံတဲ့သူတွေက အမေရိကန်လွှတ်တော် အဆောက်အအုံကို ဝင်ရောက်စီးနင်းမှုလုပ်ခဲ့တာ  အားလုံးပဲမှတ်မိဦးမယ်ထင်ပါတယ်။

တကယ်တော့ ဒီမိုကရေစီဆိုတာ ပြည်သူတွေရဲ့ ဆန္ဒအတိုင်းကိုမှ မှန်မှန်ကန်ကန် ထုတ်ပြန်ပေးရတဲ့၊ အရေးတယူဆောင်ရွက်ပေးရတဲ့ အုပ်ချုပ်မှုစနစ်ဖြစ် ပါတယ်။    ဒါပေမဲ့ ဒီမိုကရက်တွေက မဲမသမာမှုကျူးလွန်တယ်ဆိုတဲ့ ရီပတ်ဘလစ်ကန်တွေရဲ့စောဒက တက်မှုကို တာဝန်ရှိသူတွေက ထိရောက်စွာအရေး တယူမပြုခဲ့ပါဘူး။ ဒါကြောင့်လည်း အမေရိကန်ရဲ့ ဒီမိုကရေစီဟာ အဲဒီအချိန်ကတည်းက မေးခွန်းထုတ်စရာဖြစ်နေခဲ့တာပါ။ ဒါတောင်မှ အဲဒီရွေးကောက်ပွဲ ဟာ အခုလောက်အထိ အကြိတ်အနယ်မဖြစ်ခဲ့သေးပါဘူး။

အခုကျင်းပမယ့် ရွေးကောက်ပွဲကတော့ အစောပိုင်းကပြောခဲ့သလိုပဲ အကြိတ်အနယ်ရှိလှပါတယ်။ ဒီအချိန်မှာ မဲလေးတစ်မဲကအစအမှားမခံနိုင်ပါဘူး။  တင်စားပြီးပြောရမယ်ဆိုရင်တော့ မဲလေးတစ်မဲမှား ယွင်းမှုက‌နေမှ ပြည်တွင်းစစ်ကြီးကို ဖြစ်သွားစေနိုင်တယ်လို့ ပြောရမယ့်အနေအထားပါ။ တကယ်လို့ များဆိုတဲ့ အတွေးနဲ့ကြည့်မယ်ဆိုရင် ဒီတစ်ခေါက်မှာ မဲမသမာမှုတစ်ခုခု  ဒါမှမဟုတ်     ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လိမ်လည်မှုတစ်ခုခု ရှိလာတယ်ဆိုရင်တောင်မှ အမေရိကန်ရဲ့ဒီမိုကရေစီစနစ်ကြီး ပြိုလဲသွားနိုင်တဲ့ အနေအထားဖြစ်ပါတယ်။

မည်သို့ပင်ဖြစ်စေကာမူ အမေရိကန်ပြည်သူများ ကတော့ နိုဝင်ဘာလ ၅ ရက်ရောက်ရင် မဲရုံတွေဆီ သွားပြီး ကိုယ်သမ္မတဖြစ်စေချင်တဲ့သူကို မဲပေးကြ တော့မှာပါ။ နိုင်ငံကိုပြည်သူတွေကအုပ်ချုပ်တယ်ဆိုတဲ့ ဒီမိုကရေစီသတ်မှတ်ချက်အရ ပြည်သူတွေရဲ့ မဲရလဒ်ကအစစ်အမှန်ထွက်ပေါ်လာမှာလား။  ဒါမှမဟုတ် ကြားထဲကနေပဲ လှည့်ကွက်တွေလုပ်ပြီး အမေရိကန်နိုင်ငံကို ပြည်တွင်းစစ်ဆီ ဆွဲခေါ်သွားမှာလားဆိုတာ တော်တော်လေးသတိထားရမယ့် ကိစ္စဖြစ်နေပါတယ်။

ဒါကြောင့် ဒီမိုကရေစီဘိုးအေကြီးလို့ တင်စားခေါ်ဝေါ်နေကြတဲ့ အမေရိကန်နိုင်ငံရဲ့ ဒီမိုကရေစီဟာ အခု ရွေးကောက်ပွဲရဲ့စမ်းသပ်မှုကို ကြံ့ကြံ့ခံနိုင်မလား။ ဒါမှမဟုတ် သမိုင်းတစ်ပတ်လည်ပြီးတော့ပဲ ပြည်တွင်းစစ်ဖြစ်ကာ  ဒီမိုကရေစီ ပျက်သုဉ်းသွားတော့လေမလားဆိုတာကိုသာ စောင့်ကြည့်ရမှာဖြစ်ပြီး ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို တွက်ချက်ကာ   ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ကြောင်း ရေးသား တင်ပြလိုက် ရပါတယ်။       ။

Ref: SCMP