ဟိုပုံးမြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ၏ ရင်တွင်းစကားသံများ
ဟိုပုံး နိုဝင်ဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ စာဖတ်သည့်အလေ့အထတွင် ပျော်မွေ့လာစေရန်ရည်ရွယ်၍ အခြေခံပညာ စာသင်ကျောင်းများကို အခြေခံကာ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့၏ကြီးကြပ်မှုဖြင့် ဒေသအဆင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ကို အောက်တိုဘာလ ၃၀ ရက်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ကျင်းပခဲ့ပြီး ပါဝင်ဆင်နွှဲခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ၏ရင်တွင်းစကားသံများကို ယခုလိုကြားသိရပါသည်။
ဦးလေးလွင် ၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းအုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့
ကျွန်တော်ကတော့ ဦးလေးလွင်ဖြစ်ပါတယ်။ ကျွန်တော်ကတော့ အ.ထ.က (၁) ဟိုပုံး ဟိုပုံးခရိုင် ဟိုပုံးမြို့မှာ တာဝန်ကျတာပါခင်ဗျ။ ဒီပွဲတော် ကျင်းပတာကတော့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနကနေ ကျွန်တော်တို့ပညာရေးနဲ့ ပူးပေါင်းပြီးတော့ ကျင်းပတဲ့ပွဲတစ်ပွဲ ဖြစ်ပါတယ်။ ဒီပွဲတော်မှာ အဓိကကတော့ ကျွန်တော်တို့အပိုင်းနှစ်ပိုင်းနဲ့ ကျင်းပတာဖြစ်ပါတယ်။ ပထမတစ်ပိုင်းကတော့ ကာယပိုင်း၊ ဒုတိယတစ်ပိုင်းကတော့ ဉာဏပိုင်းဖြစ်ပါတယ်။ ကာယမှာတော့ ကလေးတွေအတွက် ကိုယ်ခံစွမ်းအား မြှင့်တင်နိုင်ဖို့အတွက် အာလူးကောက်၊ ဂုန်နီအိတ်စွပ်စတဲ့ ကာယပိုင်းနဲ့ သက်ဆိုင်တာကို ယှဉ်ပြိုင်ခွင့်ပေးထားပါတယ်။ ကျွန်တော်တို့ဉာဏပိုင်းမှာတော့ မူလတန်းအောက်ဆင့်၊ မူလတန်းအထက်ဆင့် ကျွန်တော်တို့နှစ်မျိုး ပြိုင်တဲ့ပွဲရှိသလို အထက်တန်းအဆင့်မှာဆိုရင်တော့ စာစီစာကုံး၊ ကျပန်းစကားပြော၊ English Story၊ ပုံပြောပြိုင်ပွဲ၊ မူလတန်းအောက်ဆင့်မှာ ကဗျာရွတ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ အပိုင်းနှစ်ပိုင်းနဲ့ ပြိုင်ပွဲဝင်ခွင့်ပေးထားပါတယ်။ ဒီနေ့လုပ်ပေးတဲ့ပွဲမှာ ကျွန်တော်တို့ ကျောင်းသား၊ ကျောင်းသူတွေအတွက်တော့ သူတို့ရဲ့ အများရှေ့မှာ ပြောဆိုနိုင်တဲ့စွမ်းအား၊ ပြိုင်ဆိုင်နိုင်တဲ့ခွန်အားတွေရရှိလာပါမယ်။
မမေဝတီထွန်း ၊ အ.ထ.က (၁) ဟိုပုံး၊ Grade-5
သမီးရဲ့နာမည်ကတော့ မေဝတီထွန်း ဖြစ်ပါတယ်ရှင့်။ သမီးက ဟိုပုံးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဟိုပုံးခရိုင် ဟိုပုံးမြို့ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ ကျောင်းတက်နေပါတယ်။ သမီးရဲ့အတန်းကတော့ Grade-5 ဖြစ်ပါတယ်ရှင့်။ သမီးကတော့ အမြဲတမ်း ကျောင်းစာကြည့်တိုက်ကိုသွားပါတယ်ရှင့်။ သမီးတို့ရဲ့ ကျောင်းအုပ်ဆရာကြီးကလည်း ကျောင်းစာကြည့်တိုက်အတွက် စာအုပ်တွေကို များစွာဝယ်ပေးထားပါတယ်ရှင့်။ သမီးက အမြဲတမ်းကျောင်း စာကြည့်တိုက်မှာ စာအုပ်သွားဖတ်ရင်းနဲ့ ဆရာကြီး မင်းယုဝေရေးသားထားတဲ့ (၃၈)ဖြာ မင်္ဂလာပုံပြင်စာအုပ်များကို ဖတ်ပါတယ်။
အဲ့ဒါကြောင့်မလို့ ဒီထဲက “ချိုသာသော စကားနဲ့ နွားလိမ္မာ” ဆိုတဲ့ ပုံပြင်လေးဟာဆိုရင် ဒီကျောင်းသားတွေအတွက် ချိုသာယဉ်ကျေးတဲ့ စကားတွေပြောကြားရမယ်ဆိုတဲ့ သင်ခန်းစာရတဲ့အတွက် သမီးကစိတ်ဝင်စားလို့ အားလုံးကို ပြန်လည်ဝေမျှပေးချင်လို့ ဒီပွဲတော်မှာ ပုံပြင်ပြောပြိုင်ပွဲကနေ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်ရှင့်။ သမီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပုံပြင်လေးရဲ့ခေါင်းစဉ်ကတော့ “ချိုသာသော စကားနဲ့နွားလိမ္မာ” ဆိုတဲ့ပုံပြင်လေးပဲဖြစ်ပါတယ်ရှင့်။ သမီးကအခုလို ဝင်ပြိုင်ခဲ့တဲ့အတွက် သူငယ်ချင်းတွေအားလုံးကိုလည်း ဒီလိုမျိုးဝင်ပြိုင်နိုင်ဖို့အတွက် ပြောပြနိုင်ပါတယ်ရှင့်။ ပြီးတော့ သမီးရဲ့ ကိုယ်ပြောပြနိုင်သလောက်ကို သူငယ်ချင်းတွေအားလုံးကို ပြောပြနိုင်ခဲ့ပါတယ်ရှင့်။ ပြီးတော့ သမီးရဲ့ ဒီပုံပြင်လေးကို ပြောပြခဲ့ရတဲ့အတွက် သူငယ်ချင်းတွေ အားလုံးကလည်း ချိုသာယဉ်ကျေးတဲ့ စကားတွေကိုပြောရင် ပြိုင်ပွဲအားလုံးကို အနိုင်ရရှိတယ်ဆိုတဲ့ သင်ခန်းစာတွေကိုလည်း ပေးနိုင်ခဲ့ပါတယ်ရှင့်။ သမီးကတော့ ဒီလိုပြိုင်ပွဲကြီးတွေ စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ကြီးတွေကို ကျင်းပပေးတဲ့အတွက် အရမ်းကိုကျေးဇူးတင်ပါတယ်ရှင့်။ နောင်လာနောက်သား လူငယ်တွေအတွက်ကိုလည်း တကယ့်ကို အထောက်အကူပြုပါတယ်ရှင့်။ အဲ့ဒါကြောင့်မလို့ သမီးကတော့ ဒီလိုပြိုင်ပွဲတွေကို နှစ်စဉ်နှစ်တိုင်း ကျင်းပပေးစေချင်ပါတယ်ရှင့်။
မအိမ့်ချစ်ချစ်ပို ၊ အ.ထ.က (၁) ဟိုပုံး၊ Grade-10
သမီးရဲ့ နာမည်ကတော့ မအိမ့်ချစ်ချစ်ပို ဖြစ်ပါတယ်ရှင့်။ သမီးကတော့ Grade-10 ကပါရှင့်။ သမီးတို့ကျောင်းကတော့ အ.ထ.က (၁) ဟိုပုံးပဲ ဖြစ်ပါတယ်ရှင့်။ သမီးကတော့ ကျပန်းစကားပြောပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တာပဲ ဖြစ်ပါတယ်ရှင့်။ သမီးယှဉ်ပြိုင်ခဲ့တဲ့ ခေါင်းစဉ်ကတော့ “ကျောင်းသားနဲ့ စာပေ” ဖြစ်ပါတယ်ရှင့်။ ခေါင်းစဉ်သုံးခုကို မဲနှိုက်တဲ့စနစ်နဲ့ ယှဉ်ပြိုင်ရပြီး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် ရက်သတ္တတစ်ပတ် အချိန်ယူခဲ့ရပါတယ်ရှင့်။ ဒီပြိုင်ပွဲက သမီးတို့လို ကျောင်းသား၊ ကျောင်းသူတွေအတွက် အရမ်းကိုအကျိုးရှိပါတယ်ရှင့်။ ပြိုင်ပွဲတွေက အရမ်းကောင်းတော့ နှစ်စဉ်နှစ်တိုင်း ကျင်းပပေးစေချင်ပါတယ်ရှင့်။
မနန်းသန်းသန်းချို ၊ မူလွန်(၃) ဟိုပုံး၊ Grade-5
သမီးနာမည်ကတော့ နန်းသန်းသန်းချို ပါရှင့်။ သမီးကတော့ အမှတ်(၃)အခြေခံ ပညာမူလတန်းလွန်ကျောင်း ပဉ္စမတန်းမှာ ပညာသင်ကြားနေပါတယ်ရှင့်။ သမီးက ဒီပွဲတော်မှာ ပန်းချီပြိုင်ပွဲမှာ “စာကြည့်တိုက်သို့သွားကြစို့” ခေါင်းစဉ်နဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်ရှင့်။ သမီးက ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် ရက်သတ္တ တစ်ပတ်လောက် အချိန်ယူခဲ့ရပါတယ်ရှင့်။ ပထမစစပြိုင်ချင်းတော့ သမီးအတွက် ရင်ခုန် စိတ်လှုပ်ရှားဖွယ်ကောင်းတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သမီးအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ် မဖြစ်ခဲ့ဘဲနဲ့ ကိုယ်က စိတ်လှုပ်ရှားစရာမလိုဘူးပေါ့။ အကယ်၍သာ ကိုယ်ကစိတ်လှုပ်ရှားခဲ့မယ်ဆိုရင် ပြိုင်ပွဲအတွက် ကိုယ်ကအာရုံရောက်ခဲ့မှာလည်း မဟုတ်ဘူး။ ဒီပွဲတော်ကတော့ ကျောင်းသား၊ ကျောင်းသူတွေအတွက် အကျိုးရှိပါတယ်။ ပြီးတော့ ဒီပွဲတော်မှာ ပါဝင်ဆင်နွှဲရတဲ့အတွက်လည်း သမီးကပျော်ရွှင်ရပါတယ်။ ယခုလို ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ကျောင်းတိုင်းမှာ ဒီလိုပွဲတော်တွေကို နှစ်စဉ်နှစ်တိုင်း ကျင်းပပေးစေချင်ပါတယ်။