လီဗာပူးအသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ပွဲဦးထွက်ဘောလုံးရာသီအစ ၁၀ ပွဲကစားပြီးချိန်တွင် နိုင်ပွဲအများဆုံးနည်းပြအဖြစ် ဆလော့မှတ်တမ်းဝင်
လန်ဒန် နိုဝင်ဘာ ၃
ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၀)အဖြစ် ကစားသည့် လီဗာပူးအသင်းနှင့် ဘရိုက်တန်အသင်းတို့ ပွဲစဉ်တွင် လီဗာပူးအသင်းက ၂ ဂိုး- ၁ ဂိုးဖြင့်အနိုင် ရရှိပြီးနောက် လီဗာပူးအသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ပွဲဦးထွက်ဘောလုံးရာသီအစ ၁၀ ပွဲကစားပြီးချိန်တွင် နိုင်ပွဲအများဆုံး နည်းပြအဖြစ် နည်းပြဆလော့က မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
ယခုဘောလုံးရာသီတွင် လီဗာပူးအသင်းကို စတင်တာဝန်ယူကိုင်တွယ်ခဲ့သည့် နည်းပြဆလော့သည် အသင်းကို ရလဒ်ကောင်းများ ဆက်တိုက်ရရှိအောင် စွမ်းဆောင်နိုင်ပြီးနောက် ပရီးမီးယားလိဂ် ၁၀ ပွဲ တာ၀န်ယူထားပြီးချိန်တွင် အသင်းကိုအောင်မြင်မှများ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြ ဟောင်း ကလော့ပင် မစွမ်းဆောင်နိုင်ခဲ့သည့် စံချိနမှတ်တမ်းကောင်း တစ်ရပ်ကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။
နည်းပြဆလော့သည် ပရီးမီးယားလိဂ်ပြိုင်ပွဲ ၁၀ ပွဲကစားပြီးချိန်တွင် နော်တင်ဟမ် တစ်သင်းတည်းကို သာရှုံးနိမ့်ပြီး အာဆင်နယ်အသင်းနှင့်သရေရလဒ် ထွက်ပေါ်ခဲ့ကာ ကျန်ရှစ်ပွဲအနိုင်ရရှိပြီးနောက် စံချိန် မှတ်တမ်းကောင်း တစ်ရပ်ကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။
လီဗာပူးအသင်း သမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ပွဲဦးထွက်ဘောလုံးရာသီအစ ၁၀ ပွဲကစားပြီးချိန်တွင် နည်းပြ ကွန်နယ်လ်က ခုနစ်ပွဲအနိုင်ရရှိကာ သုံးပွဲသရေရလဒ် ထွက်ပေါ်ခဲ့ပြီး နိုင်ပွဲအများဆုံးနည်းပြအဖြစ် နှစ်များစွာ ရပ်တည်နိုင်ခဲ့သော်လည်း ယခုအခါ နည်းပြ ဆလော့က ရှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးဖြင့် အသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ပွဲဦးထွက် ဘောလုံးရာသီအစ ၁၀ ပွဲကစားပြီးချိန်တွင် နိုင်ပွဲအများဆုံးနည်းပြအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် လီဗာပူးအသင်းသည် ယခုဘောလုံးရာသီတွင် ရလဒ်ကောင်းမွန်လျက်ရှိပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲ ၁၀ ပွဲကစားပြီးချိန်တွင် နော်တင်ဟမ် တစ်သင်းတည်းကိုသာ ရှုံးနိမ့်ထားကာ ဘရိုက်တန်အသင်းကို အနိုင်ရရှိပြီးနောက် ရှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး ရမှတ် ၂၅ မှတ်ဖြင့် မန်စီးတီးအသင်းကို ရမှတ် နှစ်မှတ်ဖြတ်တောက်ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နိုင်ခဲ့ကြောင်း သိရသည်။