မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ဟံသာဝတီ ယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့ သရေရလဒ် ထွက်ပေါ်
ရန်ကုန် နိုဝင်ဘာ ၃
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပလျက်ရှိသည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၃)ပွဲစဉ်အဖြစ် ယနေ့ညနေ ၄ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ဟံသာဝတီယူနိုက်တက် အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ နှစ်ဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် အမှတ်ပေးဇယားအဆင့်(၂)နှင့် (၃)နေရာ၌ရပ်တည်နေသည့် အသင်းများပီပီ ပွဲစကတည်းက အပြန်အလှန်ဖိအားပေးမှုများဖြင့် အကြိတ်အနယ်ရှိခဲ့ပြီး ပွဲချိန် ၁၁ မိနစ်တွင် သန်းတိုးအောင်နှင့် ပွဲချိန် ၃၃ မိနစ်တွင် အောင်မြတ်သူတို့ကဟံသာဝတီ ယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုးများ သွင်းယူနိုင်ခဲ့ပြီး ပထမပိုင်းအပြီးတွင် ဟံသာဝတီယူနိုက်တက် အသင်းက နှစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ထို့နောက် ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင် ချေပဂိုးများ လိုအပ်နေသည့် ရန်ကုန်ယူနိုက်တက်အသင်းက ပိုမိုတိုက်စစ်မြှင့်ဖိအားပေး ကစားလာခဲ့ပြီး ဟံသာဝတီယူနိုက်တက်အသင်း အနိုင်ရလဒ်ကို ထိန်းချုပ်ကစားရန် ကြိုးပမ်းခဲ့သော်လည်း ဥက္ကာနိုင်နှင့် ဝေလင်းအောင်တို့က ရန်ကုန်ယူနိုက်တက် အသင်းအတွက် ချေပဂိုး နှစ်ဂိုးပြန်လည် သွင်းယူနိုင်ခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် နှစ်ဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့ပြီး အဆိုပါပွဲစဉ်အတွက် အကောင်းဆုံးကစားသမားဆုကို ရန်ကုန် ယူနိုက်တက်အသင်းမှ ကွင်းလယ်ကစားသမား ဝေလင်းအောင်က ဆွတ်ခူးနိုင်ခဲ့သည်။
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲပွဲစဉ်(၁၃)အဖြစ် နိုဝင်ဘာလ ၄ ရက် ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ YUSC အားကစားကွင်းတွင် မြဝတီအက်ဖ်စီအသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်း၊ ညနေ ၄ နာရီတွင်သုဝဏ္ဏအားကစားကွင်း၌ ISPE အသင်းနှင့် ဒဂုံစတားအသင်းတို့ ဆက်လက် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။