တိုးတက်ပြောင်းလဲလာသော စာကြည့်တိုက် ဝန်ဆောင်မှုများဖြင့် အမျိုးသား စာကြည့်တိုက်(ရန်ကုန်)
နိုင်ငံတစ်နိုင်ငံ၏ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံအတွင်း စာပေပြန့်ပွားတိုးတက်မှုအပေါ် မှီတည်နေပါသည်။ စာကြည့်တိုက်အမျိုးအစား အမျိုးမျိုးရှိပြီး မြန်မာနိုင်ငံအတွင်းရှိ စာကြည့်တိုက်များအနေဖြင့် စာပေအသိပညာ ဗဟုသုတများပြန့်ပွားရန်၊ စာပေဝန်ဆောင်မှုများ ဆောင်ရွက်ပေးရန်တို့ကို နည်းအမျိုးမျိုးနှင့် ဆောင်ရွက်လျက်ရှိကြသည်။
အမျိုးသားစာကြည့်တိုက်သည်လည်း နိုင်ငံကို ကိုယ်စားပြုသည့် နိုင်ငံတော်အဆင့် စာကြည့်တိုက်တစ်ခုအဖြစ်ဖြင့် စာပေအမွေအနှစ်များကို ထိန်းသိမ်းနိုင်ရုံမကဘဲ နောင်လာနောက်သားများ အတွက် လက်ဆင့်ကမ်း သယ်ဆောင်ပေးလျက်ရှိသည်။
ယနေ့ခေတ်တွင် ခေတ်မီ သတင်းအချက်အလက် နည်းပညာတိုးတက် ပြောင်းလဲလာသည်နှင့်အမျှ စာကြည့်တိုက်အများစုတွင်လည်း စုဆောင်းထားရှိသည့် စာပေပစ္စည်း အထောက်အထားများကို ဒစ်ဂျစ်တယ်ပုံစံ ပြောင်းလဲထိန်းသိမ်း၍ ဝန်ဆောင်မှုနှင့် သတင်းအချက်အလက်ဝေမျှမှုများကို ခေတ်မီဒစ်ဂျစ်တယ်စနစ်သုံး စာကြည့်တိုက်များအဖြစ် ပြောင်းလဲဆောင်ရွက်လာကြသည်။
မြန်မာနိုင်ငံ အမျိုးသားစာကြည့်တိုက်သည် ဘားနတ်စာကြည့်တိုက်မှ စာစုကိုအရင်းတည်၍ ဖွင့်လှစ်သော စာကြည့်တိုက်ဖြစ်သည်။ ၁၈၈၃ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်တွင် ဝန်ရှင်တော်မင်းကြီး ဆာချားအက်ဒွပ်ဘားနတ် (Sir Charles Edward Bernard) နှင့် အောက်မြန်မာပြည်တရားပိုင်မင်းကြီး ပညာရေးဆင်ဒီကိတ်အဖွဲ့ဝင်ဥက္ကဋ္ဌ ဆာဂျွန်ဂျာဒင်း (Sir John Jardine) တို့က အမှူးပြု၍ “ဘားနတ် အခလွတ်စာကြည့်တိုက်”ကို ဖွင့်လှစ်ခဲ့သည်။
လွတ်လပ်ရေးရပြီးကာလ ၁၉၅၂ ခုနှစ် ဇွန်လ ၁ ရက်တွင် ယဉ်ကျေးမှုဝန်ကြီးဌာနမှ နိုင်ငံတော်စာကြည့်တိုက်၊ ၁၉၆၄ ခုနှစ်တွင် အမျိုးသားစာကြည့်တိုက်ဟူသော အမည်များဖြင့် ပြောင်းလဲဖွင့်လှစ်ခဲ့သည်။
အမျိုးသားစာကြည့်တိုက်သည် နေရာအသီးသီးပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီးနောက် ယခုအခါ အများပြည်သူသွားလာရ လွယ်ကူသောနေရာဖြစ်သည့် ရန်ကုန်မြို့လယ် ကုန်သည်လမ်းပေါ်တွင်ရှိသည့် ယခင်မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ရုံးချုပ်အဖြစ် အသုံးပြုခဲ့သည့် နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံကို ပြုပြင်မွမ်းမံခဲ့သည်။ ထို့နောက် ခေတ်မီစာကြည့်တိုက်တစ်ခုအဖြစ် ပြောင်းလဲဆောင်ရွက်၍ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး အများပြည်သူအား ဝန်ဆောင်မှုပေးနိုင်ခြင်းသည်လည်း ဂုဏ်ယူစရာတစ်ခုဖြစ်ခဲ့ပါသည်။ ခေတ်မီအမျိုးသား စာကြည့်တိုက်(ရန်ကုန်) အဆောက်အအုံသည် လေးထပ်အဆောက်အအုံဖြစ်ပြီး မြေညီထပ်တွင် Data Center, CCTV Control Room စာအုပ်စင်ခန်းများနှင့် Exhibition Hall တို့ဖြင့် ဖွဲ့စည်းထားပါသည်။ Exhibition Hall တွင်လည်း အခမ်းအနားများ၊ ပြပွဲများ၊ ပွဲတော်များ ကျင်းပနိုင်သည်။
ပထမထပ်တွင် Multimedia Room, Audio & Video Room, Digital Library Room နှင့် ညီလာခံခန်းမ (Conference Hall) စသည်တို့ဖြင့် ဖွဲ့စည်းထားသည်။
Digital Data Base များကို အများပြည်သူအသုံးပြုနိုင်စေရန် Multimedia Room တွင် စီစဉ်ထားရှိသည်။ Audio & Video Room တွင် မှတ်တမ်းရုပ်ရှင်နှင့် သတင်းကားများ၊ မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ Documentary Film များ စုဆောင်းထားရှိပြီး အပတ်စဉ် စနေနေ့ မွန်းလွဲပိုင်းတွင် မှတ်တမ်းရုပ်ရှင်ပြသခြင်းအစီအစဉ်ကို ဆောင်ရွက်ပေးလျက်ရှိသည်။ ယင်းပြသမည့်အစီအစဉ်ကို အမျိုးသားစာကြည့်တိုက်(ရန်ကုန်) လူမှုကွန်ရက်စာမျက်နှာ (National Library - Yangon Facebook Page) မှ အပတ်စဉ် ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိသည်။
Digital Library Room တွင် အမျိုးသားစာကြည့်တိုက်ပိုင် စုဆောင်းထားသည့် စာပေပစ္စည်းများ၊ အခြား Electronic Form ဆောင်ရွက်ပြီးဖြစ်သည့် Digital စာစုများကို စာဖတ်သူများအနေဖြင့် စာကြည့်တိုက်တွင် လာရောက်အသုံးပြုနိုင်သကဲ့သို့ Online မှ မည်သူမဆို အခမဲ့ဖတ်ရှုနိုင်ပါသည်။
အွန်လိုင်းမှ အသုံးပြုရှာဖွေသူများအနေဖြင့် စာကြည့်တိုက်ပိုင် စာပေပစ္စည်းများ၏ အွန်လိုင်းကက်တလောက် အချက်အလက်များကို အမျိုးသားစာကြည့်တိုက် website www.nlm.gov.mm တွင် ဝင်ရောက်၍ Online Public Access Catalogue (OPAC) တွင် စာအုပ်ကက်တလောက်ပေါင်း တစ်သိန်းကျော်ကို ရှာဖွေနိုင်မည်ဖြစ်ပါသည်။ အမျိုးသားစာကြည့်တိုက်ပိုင် စုဆောင်းထားသည့် ဒစ်ဂျစ်တယ်စာစုများဖြစ်သည့် စာအုပ်၊ စာနယ်ဇင်း၊ ပေ၊ ပုရပိုက်၊ ပညာရေးဆိုင်ရာ အစီရင်ခံစာများ၊ ရှေးဟောင်းသုတေသနဆိုင်ရာစာစုများ၊ ဗုဒ္ဓစာပေဆိုင်ရာ စာအုပ်များ၊ စွယ်စုံကျမ်းများ၊ ကလေးစာပေဆိုင်ရာ စသည့် e-Resources ပေါင်း ၂၀၀၀၀ ကျော်အား ချိတ်ဆက်ဆောင်ရွက်ထားပြီး စာကြည့်တိုက်အသုံးပြုသူများအနေဖြင့် အမျိုးသားစာကြည့်တိုက် Website ရှိ NL e-Resources နှင့် Quick Links တို့တွင် ဝင်ရောက်ရှာဖွေအသုံးပြုနိုင်သည်။
ထို့ပြင် IG Publishing Database ကိုလည်း National Library Website တွင် အများပြည်သူ အသုံးပြုဖတ်ရှုနိုင်ရန် ဆောင်ရွက်ထားရှိသည်။ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) Website www.nlm.gov.mm တွင် OPAC Catalogue နှင့် e-resources များအား ဝင်ရောက်အသုံးပြုသူများအနေဖြင့် User Name နှင့် Password များ အသုံးပြုရန်မလိုဘဲ Library Home Page ရှိ Resources မှတစ်ဆင့် အခမဲ့ အလွယ်တကူအသုံးပြုနိုင်သည်။
ပထမထပ်ရှိ ညီလာခံခန်းမ (Conference Hall) သည် လူဦးရေ ၂၅၀ ဆံ့ ခန်းမတစ်ခုဖြစ်ပြီး စာကြည့်တိုက်ပညာရပ်ဆိုင်ရာနှင့် သုတေသနဆိုင်ရာ စာတမ်းဖတ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပလေ့ရှိသည်။
ဒုတိယထပ်တွင် ရည်ညွှန်းစာဖတ်ခန်း၊ အထွေထွေစာဖတ်ခန်းနှင့် ပေ၊ ပုရပိုက်နှင့် ရှားပါးစာစုများ စာဖတ်ခန်းတို့ထားရှိသည်။ ရည်ညွှန်းစာဖတ်ခန်းတွင် ရည်ညွှန်းအမျိုးအစားအလိုက် စာအုပ်များကိုစီစဉ်ထားရှိ၍ မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာစာအုပ်များ၊ အာဆီယံနှင့် ကုလသမဂ္ဂဆိုင်ရာစာအုပ်များနှင့် လတ်တလောအသစ်ထွက်ရှိသည့် စာအုပ်၊ စာနယ်ဇင်းများကို ဖတ်ရှုနိုင်ရန် စီစဉ်ထားရှိသည်။
အထွေထွေစာဖတ်ခန်းတွင်လည်း စာအုပ်၊ စာနယ်ဇင်းများကိုထားရှိပြီး ပညာရပ်အလိုက် စင်တင်ထားရှိ၍ ဖတ်ရှုလိုသည့် စာအုပ်များကို စာဖတ်သူကိုယ်တိုင်ရွေးချယ်ရယူနိုင်ပြီး ယင်းစာဖတ်ခန်းရှိ စာအုပ်များအား ငှားရမ်းဖတ်ရှုလိုပါက အသင်းဝင်ကတ်ပြုလုပ်၍ စာငှားစည်းမျဉ်း သတ်မှတ်ချက်အတိုင်း ငှားရမ်းနိုင်မည်လည်း ဖြစ်သည်။
ရှားပါးစာနယ်ဇင်းနှင့် ပေ၊ ပုရပိုက်များကို ဒုတိယထပ်တွင် သီးခြားစာဖတ်ခန်းထားရှိ၍ သုတေသီများ၊ ပညာရှင်များနှင့် အများပြည်သူဖတ်ရှုလေ့လာနိုင်စေရန်အတွက် သီးခြားစာဖတ်ခန်းဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည်။
တတိယထပ်တွင်မူ ကလေးစာကြည့်တိုက်စာဖတ်ခန်းနှင့် ပုံပြောခန်း၊ မသန်စွမ်းသူများစာဖတ်ခန်း၊ အထူးစာဖတ်ခန်းများ စီစဉ်ထားရှိသည်။
ကလေးစာကြည့်တိုက်တွင် ကလေးများအတွက် ပြည်တွင်း၊ ပြည်ပမှထုတ်ဝေသည့် ကလေးစာပေဆိုင်ရာ စာအုပ်၊ ဂျာနယ်၊ ကာတွန်းရုပ်ပြနှင့် သင်ကြားရေးအထောက်အကူပြု စာအုပ်၊ စာစောင်များကိုစီစဉ်ထားရှိပြီး အပတ်စဉ် စနေနေ့ မွန်းလွဲပိုင်းတွင် ပုံပြောခြင်းနှင့် စာဖတ်ခြင်းအစီအစဉ်ကို ဆောင်ရွက်ပေးလျက်ရှိပြီး ကလေးစာကြည့်တိုက် အသင်းဝင်များအနေဖြင့်လည်း ဖတ်ရှုလိုသည့်စာအုပ်များကို အသင်းဝင်ကတ်ဖြင့် ငှားရမ်းဖတ်ရှုနိုင်သည်။
မသန်စွမ်းသူများ စာဖတ်ခန်းတွင် အမြင်အာရုံချို့ယွင်းသူများ ဖတ်ရှုနိုင်ရန် မျက်မမြင်စာဖြင့် ရေးသားထားသည့် စာအုပ်များ၊ Audio Book များ၊ MP3 Player နှင့် DVD Player များ ထားရှိပြီး စာကြည့်တိုက်မှူးများနှင့်အတူ စာဖတ်ခြင်းအစီအစဉ်များ သတ်မှတ်ဆောင်ရွက်ပေးလျက်ရှိသည်။
စာကြည့်တိုက်ဖွင့်ချိန်မှာ နေ့စဉ် အင်္ဂါနေ့မှ စနေနေ့အထိ (နံနက် ၀၉:၃၀ နာရီမှ ညနေ ၁၆:၃၀ နာရီထိ) ဖွင့်လှစ်ပေးလျက်ရှိပြီး တနင်္ဂနွေနေ့၊ တနင်္လာနေ့နှင့် အစိုးရပြန်တမ်းဝင် ရုံးပိတ်ရက်များမှာ စာကြည့်တိုက်ပိတ်ရက်ဖြစ်သည်။
အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် ဆောင်ရွက်ထားရှိသည့် Digital Database လေးခုအနက် နှစ်ခုဖြစ်သည့် အမျိုးသားစာကြည့်တိုက်ပိုင် e-resources ပေါင်း ၂၀၀၀၀၀ ကျော်နှင့် IG Publishing Database ၏ E-Books ပေါင်း ၃၀၀၀၀၀ ကျော်ဖြစ်သည့် Asian Literature Collection၊ Rare Books On Asian Literature၊ Children’s Literature Collection၊ Children’s Literature Collection-Audio စသည်တို့ကို website တွင်ဖြစ်စေ၊ စာကြည့်တိုက်တွင် လာရောက်၍ဖြစ်စေ နှစ်နေရာစလုံးတွင် ရယူအသုံးပြုနိုင်သည်။
သို့သော် အခြား Digital Library Database (၂) ဖြစ်သည့် eTekkatho MyLibrary နှင့် Research 4Life Database တို့ကိုမူ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)အနေဖြင့် သီးသန့်အသုံးပြုခွင့် User-Name၊ Password တို့ဖြင့် ခွင့်ပြုချက်ရရှိဆောင်ရွက်ထားပါသဖြင့် စာဖတ်သူများအနေဖြင့် ယင်း Digital Data Base များကိုမူ စာကြည့်တိုက်တွင်သာ လာရောက်အသုံးပြုနိုင်မည်ဖြစ်သည်။
eTekkatho MyLibrary သည် အဓိကအားဖြင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ မူလတန်းမှ အထက်တန်းအထိ ကျောင်းသား၊ ကျောင်းသူများ၊ ကလေးများအတွက် ပညာရေးဆိုင်ရာအချက်အလက်အကြောင်းအရာများ၊ အင်္ဂလိပ်ဘာသာစကားများကို ရှာဖွေလေ့လာဖတ်ရှုနိုင်သည့် Database တစ်ခုဖြစ်သည်။ eTekkatho MyLibrary တွင် ပညာရပ်ပေါင်း ၁၇၀၀ ကျော်ရှိပြီး Full text ဖတ်ရှုနိုင်သည့်အပြင် Download ပြုလုပ်နိုင်သည်။
Research 4 Life သည် WHO, FAO, UNEP, ILO အစရှိသည့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် Microsoft ကဲ့သို့ ကုမ္ပဏီများ၊ နိုင်ငံတကာတက္ကသိုလ်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ပေါင်းစည်းထားသော အစီအစဉ်တစ်ခုဖြစ်သည်။ ဆေးပညာဆိုင်ရာများ၊ စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်း၊ အစားအစာ၊ ပတ်ဝန်းကျင်နှင့် လူမှုရေးသိပ္ပံအကြောင်းအရာများ၊ သဘာဝပတ်ဝန်းကျင်နှင့် ရူပဗေဒ၊ ဓာတုဗေဒကဲ့သို့သော သိပ္ပံပညာရပ်ဆိုင်ရာများ၊ ဖန်တီးမှု၊ ဆန်းသစ်တီထွင်မှုဆိုင်ရာများကို ကာကွယ်ပေးထားသည့် အကြောင်းအရာများ၊ ဥပဒေနှင့် လူမှုရေး သိပ္ပံဆိုင်ရာပညာရပ်များ၊ နိုင်ငံရေး၊ စီးပွားရေး၊ ဒဿနိကဗေဒ၊ သမိုင်းနှင့် အခြားသောပညာရပ်ဆိုင်ရာ ထုတ်ဝေသူများ၏ သုတေသနဆောင်းပါးများ စသည့် အကြောင်းအရာ၊ ပညာရပ်ပေါင်းများစွာ၏ နှစ်စဉ်တွေ့ရှိချက်များနှင့်ပတ်သက်၍ ထုတ်ဝေသည့်စာအုပ်၊ စာနယ်ဇင်းပေါင်းများစွာကို လေ့လာသိရှိနိုင်သည်။
ထို့ပြင် အမျိုးသားစာကြည့်တိုက်ရှိ e-resource အသွင် ဆောင်ရွက်ပြီး ပေ၊ ပုရပိုက်နှင့် ရှားပါးစာအုပ်၊ စာနယ်ဇင်းများ၏ URL Link များကိုလည်း ASEAN Digital Library Portal သို့ ပေးပို့ချိတ်ဆက်ခြင်းဖြင့် မြန်မာ့စာပေအမွေအနှစ်များအား နိုင်ငံတကာမှ လေ့လာသိရှိနိုင်စေရန် ဆောင်ရွက်လျက်ရှိသည်။
စာပေပစ္စည်းများ စုဆောင်းထိန်းသိမ်းခြင်း၊ ဝန်ဆောင်မှုပေးခြင်း၊ သတင်းအချက်အလက် မျှဝေခြင်း၊ စာကြည့်တိုက်လှုပ်ရှားဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ခြင်း၊ နိုင်ငံတကာစာကြည့်တိုက်များနှင့်ချိတ်ဆက်၍ စာကြည့်တိုက်ပညာရပ်ဆိုင်ရာ လှုပ်ရှားမှုများကို ပူးပေါင်းဆောင်ရွက်ခြင်း စသည့် လုပ်ငန်းအသီးသီးကို နည်းပညာပံ့ပိုးမှုများနှင့်အတူ ပိုမိုထိရောက်စွာ မြှင့်တင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ခဲ့သည့်အတိုင်း ခေတ်မီဒစ်ဂျစ်တယ်စာကြည့်တိုက်တစ်ခုအဖြစ် ပြောင်းလဲဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်။
အမျိုးသားစာကြည့်တိုက်(ရန်ကုန်)အနေဖြင့် စာကြည့်တိုက်အသင်းဝင်များဖိတ်ခေါ်၍ စာငှားဝန်ဆောင်မှုကို ၂၀၂၃ ခုနှစ် မေလမှစတင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ အသင်းဝင်ပေါင်း အမျိုးသားစာကြည့်တိုက်အသင်းဝင် ၁၆၀ ဦးနှင့် ကလေးစာကြည့်တိုက်အသင်းဝင် ၂၅ ဦး စုစုပေါင်း ၁၈၅ ဦး ရှိပြီဖြစ်သည်။
ထို့ပြင် စာဖတ်သူအလိုရှိသည့် စာပေပစ္စည်းများ၏ အချက်အလက်များကို အွန်လိုင်းမှပေးပို့သည့် Document Delivery Service ကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။ အွန်လိုင်းဝန်ဆောင်မှုတစ်ခုဖြစ်သည့် ရည်ညွှန်းမေးခွန်းများနှင့် စာဖတ်သူသိရှိလိုသည်များကို Library Website ရှိ Ask a Librarian တွင် ဝင်ရောက်မေးမြန်းနိုင်သည်။
မေးမြန်းလိုသူများအနေဖြင့် ဦးစွာမေးမြန်းစုံစမ်းခြင်းကို စာကြည့်တိုက် website ရှိ Query Form (သို့) မေးမြန်းစုံစမ်းလွှာပုံစံကိုအသုံးပြု၍ မေးခွန်းများကို တင်ပြမေးမြန်းနိုင်သည်။ မေးမြန်း လာသည်များကို ပုံမှန်အားဖြင့်တစ်ပတ်အတွင်း nlm.reference@gmail.com မှ ပြန်လည်ဖြေကြား ခြင်းကို ဆောင်ရွက်ပေးနေပါသည်။
ယခုကဲ့သို့သော စာကြည့်တိုက်ဝန်ဆောင်မှုများအား အများပြည်သူအတွက် ပိုမိုတိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန် အစဉ်ကြိုးစားဆောင်ရွက်လျက်ရှိသည့် အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၏ ဆောင်ရွက်ထားရှိမှုများအား ပြည်သူများသိရှိ အသုံးပြုနိုင်စေရန် အလို့ငှာ အသိပေးရေးသား လိုက်ရပါသည်။ ။