တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၃ ဒသမ ၂၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ သန်းကျော်နှင့် အိုက်စ်(မက်သ်အဖက်တမင်း) ၂၀၂ ကီလို ဖမ်းဆီးရမိ
နေပြည်တော်၊ နိုဝင်ဘာ ၄
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၁ ရက်နေ့ ညနေ ၅ နာရီအချိန် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ရေပူစမ်းကျေးရွာရှိ စိုင်းကျိုင်း(ခ)ရဲလမ်း ၏ နေအိမ်တွင် မူးယစ်ဆေးဝါးများသိုဝှက်ထားကြောင်း သတင်းအရရှာဖွေရာ စိုင်းရီလွတ် နှင့် အိုက်ကောင် တို့ ၂ ဦးအား ဒေသကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၂၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၀၃၆ သန်း၊ အိုက်စ်(မက်သ်အဖက် တမင်း) ၂၀၂ ကီလို၊ အနံ့မှုန့် Vanillin ၇၅ ကီလို၊ အနံ့ဆေးရည် ၃၆၀ လီတာ၊ ISUZU D-MAX မော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသည့် အိမ်ပိုင်ရှင် စိုင်းကျိုင်း(ခ)ရဲလမ်းနှင့် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဟွေရဲကျေးရွာနေ အန်းဂျေလို တို့ ၂ ဦးမှ တာချီလိတ်နယ်စပ်တွင် အရောင်းအဝယ်ပြုလုပ်ရန် သိုဝှက်ထားသော ပစ္စည်းများဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း၊ အမှုတွင် ဆက်စပ်ပါဝင်သူများနှင့် ၎င်းတို့ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းနိုင်ရေး အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့်ပါ ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။