အာဆီယံဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်တွင် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနှင့် သြစတြေးလျအသင်းတို့ သရေရလဒ် ထွက်ပေါ်
ရန်ကုန် နိုဝင်ဘာ ၄
အာဆီယံဘောလုံး အဖွဲ့ချုပ်ကကြီးမှူးပြီး ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခကျင်းပလျက်ရှိသည့် အာဆီယံဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု(B)အုပ်စုပွဲစဉ် အဖြစ် ယနေ့နံနက်ပိုင်းတွင် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနှင့် သြစတြေးလျ လက်ရွေးစင်ဖူဆယ်အသင်းတို့ ကစားခဲ့ရာ သုံးဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် နှစ်သင်းစလုံးခြေစွမ်းပိုင်း ကွာခြားမှုမရှိခဲ့ဘဲ အပြန်အလှန် ဖိအားပေးမှုများဖြင့် အကြိတ်အနယ်ရှိခဲ့ကာ ပွဲချိန်ပထမပိုင်းတွင် သြစတြေးလျလက်ရွေးစင် ဖူဆယ်အသင်းက ၂ ဂိုး ၁ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် မြန်မာ့လက်ရွေးစင်ဖူဆယ် အသင်းက ချေပဂိုးများပြန်လည် သွင်းယူနိုင်ခဲ့သည့်အတွက် သုံးဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့ခြင်းဖြစ်ကာ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းအတွက် သွင်းဂိုးများကို နိုင်လင်းထွန်းကျော်၊ ထွဋ်ဝေထွန်းနှင့် ဂိုးသမား မိုင်းစိုးမြတ်ထွေးတို့က သွင်းယူပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း အနေဖြင့် အုပ်စုလက်ကျန်ပွဲစဉ်များ အဖြစ် နိုဝင်ဘာလ ၅ ရက်(ယနေ့)တွင် ကမ္ဘောဒီးယားအသင်း၊ နိုဝင်ဘာလ ၆ ရက်တွင် အင်ဒိုနီးရှား အသင်းတို့နှင့် အသီးသီး ကစားသွားရမည်ဖြစ်ကြောင်း သိရသည်။