ပါမောက္ခဒေါက်တာစောဝင်း
(ကလေးကျန်းမာရေး)
ဆရာရေ အခုတလော ချောင်းဆိုးရင်ကျပ်တဲ့ကလေးတွေ ဆေးရုံအတက်များလာတယ်ဆိုတာဟုတ်သလား။
ဟုတ်ပါ့ဗျာ မိုးအကုန် ဆောင်းအကူးဆိုတော့ သွေးလွန်တုပ်ကွေးလူနာတွေကတော့ လျော့သွားပါ တယ်။ ဒါပေမဲ့ ချောင်းဆိုး၊ ရင်ကျပ်ဖြစ်တဲ့ အကျပ်ကလေး တွေကတော့ ပိုတွေ့လာရပါတယ်။ ဘယ်အသက်အရွယ်မှာ ပိုတွေ့ ရသလဲ။ အရွယ်စုံပါပဲဗျာ။ ဒါပေမဲ့ ကလေးက ငယ်လေ ပိုပြီး သတိထားရတာပေါ့။ ဘယ်လိုရောဂါပိုး တွေကြောင့် နှာစေး၊ ချောင်းဆိုး၊ ရင်ကျပ်ကပိုဖြစ်တတ်သလဲ။ အများစုကတော့ မိုးတွင်း၊ ဆောင်းတွင်းမှာ အဖြစ် များတဲ့ နှာစေး၊ ချောင်းဆိုးဖြစ်စေတဲ့ ဗိုင်းရပ်ပိုးတွေ ကြောင့်ပေါ့ဗျာ။ တချို့မှာလည်း နောက်ဆက်တွဲ တွေအနေနဲ့ ဗက်တီးရီးယားပိုးတွေ ဆက်ဝင်လာရင် တော့ ပိုပြီးဆိုးတာပေါ့။
အသက်နှစ်လအောက် ကလေးတွေမှာလည်း တွေ့ရသလားဆရာ။
နှစ်လအောက် ကလေးတွေလည်း နှာစေး၊ ချောင်း ဆိုး၊ အသက်ရှူကျပ်တာရှိပါတယ်။ ဒီအရွယ်ကတော့ ပိုပြီးအန္တရာယ်ကြီးလို့ ပိုပြီးသတိထားရပါတယ်။ ဘယ်လိုရောဂါတွေ တွေ့လဲဗျာ။ အစုံပါပဲဗျာ။ အတွေ့များတာကတော့ အအေးမိ တုပ်ကွေးဗိုင်းရပ်ပိုးတွေကြောင့် နှာစေး၊ နှာခေါင်းပိတ်၊ အဲ့ဒါက စကြတာပါပဲ။ နှာရည်ယို၊ နှာခေါင်းပိတ်တာများ အဆန်းလုပ်လို့ ဆရာရယ်။ ဒီအရွယ်ကလေးတွေမှာတော့ အရေးကြီးတယ်ဗျ။ သူတို့က လူကြီးတွေလို နှပ်ချေးညှစ်ထုတ်တတ်တာမှ မဟုတ်ဘဲ။ နှာခေါင်းပိတ်ရင် ပါးစပ်နဲ့အသက်ရှူရ တယ်ဗျ။ နို့စို့တဲ့အခါကျတော့ နှာခေါင်းပိတ်နေရင် အသက်ရှူလို့မရတော့ဘူး။ ဒီတော့ ကလေးက နို့ကလည်း စို့ချင်၊ အသက်ရှူလို့ကလည်း မရတော့ စိတ်တို၊ စိတ်ညစ်လာရော၊ နို့ကိုလည်း စို့ချင်၊ ကြာကြာ လည်း စို့လို့မရတော့ မကျေမနပ်နဲ့ ငိုတတ်လာတာ ပေါ့ဗျာ။ လူကြီးတွေလည်း ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကုန်တာပေါ့။ ဒီတော့ဘာလုပ်ပေးရမလဲဆရာ။ နှာခေါင်းပိတ်နေတာကို သက်သာလာအောင် လုပ်ပေးရတာပေါ့ဗျာ။ ကျွန်တော်တို့ကတော့ ဆားရည် (ဆေးအနေနဲ့ထုတ်ထားတဲ့ Physiodose ဆိုတာ ရှိပါတယ်)ကိုပဲ နို့မစို့ခင်တိုင်း တစ်စက်၊ နှစ်စက် ထည့်ပေးခိုင်း တာပါပဲ။ ဒီတော့ ပိတ်နေတဲ့နှပ်ချေး တွေကို ဆေးချသလိုဖြစ်တာပေါ့။ ဒီဆေးမရှိရင်လည်း ရေသန့်သန့် တစ်ဖန်ခွက်မှာ ဆားလက်ဖက်စားဇွန်း တစ်ဇွန်းလောက်ဖျော်ပြီး လုပ်လို့ရပါတယ်။ ရေချည်းထည့်လို့ရော မရဘူးလားဆရာ။ ရေချည်းပဲတော့ ထည့်လို့မကောင်းဘူး။ သဘာဝ ဆားရည်ဆိုတာက ကိုယ်တွင်းမှာရှိတဲ့ ရေဓာတ်က အားအနည်းငယ်ပါတယ်ဗျာ။ ဒါကြောင့် ကိုယ့် ကိုယ်တွင်းရည်နဲ့တူအောင် ဆားရည်ထည့်ခိုင်းတာပါ။ ဘယ်လောက်တစ်ခါထည့်လို့ရသလဲ။ ကလေးနို့မစို့ခင်တိုင်း ထည့်လို့ရပါတယ်။ အန္တရာယ် မရှိပါဘူး။
နှာရည်ယိုရင် စုပ်လို့ရသလား။
ရပါတယ်။ စက္ကူကလေးကို ကတော့ပုံခေါက်ပြီး ထိပ်ပိုင်းလေးနဲ့တို့ယူလို့လည်း ရပါတယ်။ ကလေးပစ္စည်း ဆိုင်တွေမှာရတဲ့ ပါးစပ်နဲ့စုပ်တဲ့ပစ္စည်းလေးတွေနဲ့လည်း စုပ်လို့ရပါတယ်။ ကလေးပါးစပ်ကို ကိုယ့်ပါးစပ်နဲ့စုပ် လို့လည်း ရပါတယ်။ ကျွန်တော်တော့ သဲသဲလှုပ်အဒေါ် တွေ၊ အဘွားတွေ၊ မိဘတွေပါလာရင် ပါးစပ်နဲ့စုပ်ပေး ဖို့သာ ပြောလိုက်ပါတယ်။ ကျန်တဲ့နှာခေါင်းပွင့်ဆေးတွေရော သုံးလို့ရသလား ဆရာ။ တချို့နှာခေါင်းပွင့်ဆေးတွေက ချက်ချင်းလိုလိုပွင့် ပြီး မကြာခင်မှာပဲ ပြန်ပိတ်တတ်ပါတယ်။ ကျွန်တော့် အမြင်တော့ ဆားရည်လို အသုံးမဝင်ပါဘူး။ ဒီအရွယ်ကလေးတွေမှာ ဘယ်လိုအခြေအနေဆို ဆရာဝန်ပြသင့် သလဲ။ ကလေးက နုနယ်တော့ စိတ်မချရင် ဆရာဝန်၊ ဆရာမတွေကိုပြပါ။ အဓိကကတော့ နို့စို့ခက်ရင် ပြဖို့လိုပါတယ်။ ကလေးက မှိန်းရင်၊ နို့မစို့နိုင်ရင်တော့ ဆေးရုံတက်ရမှာပါ။ ကလေးအသက်ရှူနှုန်းကို တစ်မိနစ်အပြည့်ရေတွက်ပါ။ တစ်မိနစ်မှာ ၆ဝ ထက် ကျော်ရင် အသက်ရှူမြန်နေပါတယ်။ ပြဖို့လိုပါတယ်။ အသက်ရှူလိုက်ရင် နံရိုးအောက်ပိုင်းတွေ တော်တော် ချိုင့်ဝင်ရင်လည်း အန္တရာယ်လက္ခဏာပါ။ ချောင်းဆိုး ရှည်ပြီး ကလေးပြာသွားတာ၊ အသက်ရှူရပ်တာတွေ ကလည်း အရေးကြီးလက္ခဏာပါ။
ပဋိဇီဝဆေးတွေရော ပေးဖို့လိုသလားခင်ဗျာ။
ဒါကတော့ ကလေးရဲ့အခြေအနေပေါ်မူတည်ပြီး တော့ ပေးဖို့၊ မပေးဖို့ ဆရာဝန်က ဆုံးဖြတ်ရပါတယ်။ ဒီထက်ကြီးတဲ့ကလေးတွေမှာရောဆရာ။ ဒီထက်ကြီးတဲ့ကလေးတွေ၊ ဥပမာ နှစ်လကနေ တစ်နှစ်အထိကလေးတွေမှာလည်း အများဆုံးတွေ့တာ ကတော့ ဗိုင်းရပ်ပိုးတွေကြောင့် နှာစေး၊ ချောင်းဆိုး ဖြစ်ပြီး အဲဒီကတစ်ဆင့် အဆုတ် လေပြွန် လေးတွေ ကျဉ်းမြောင်းသွားတဲ့ လေပြွန် ရောင် အဆုတ်ပွရောဂါ တွေကို အတွေ့များပါတယ်။ အဲဒီကလေးတွေရဲ့ အဓိက လက္ခဏာကရောဆရာ။
ဒီကလေးတွေမှာတော့ နှာစေး၊ ချောင်းဆိုး နှစ်ရက် လောက်နေပြီးရင် အသက်ရှူပိုမြန်လာတယ်။ ရှူလိုက် ရင် တရွှီရွှီမြည်သံကြားတယ်။ နံရိုးအောက်ပိုင်းရင်ဘတ် တွေ အသက်ရှူလိုက်ရင် ချိုင့်ဝင်တယ်။ ဒီထက်ပိုဆိုး လာရင် နို့စို့ခက်ပါတယ်။ နို့စို့ရင် မောလာတတ်ပါ တယ်။ အဖျားကတော့ သိပ်ကြီးလေ့မရှိပါဘူး။ ဒီကလေးတွေကိုရော ဘယ်လိုကုသသလဲ။ အဓိကကတော့ သူတို့အသက်ရှူရတာကို လွယ်ကူ အောင် လုပ်ပေးရတာပါပဲ။ လိုအပ်ရင် အောက်ဆီဂျင် ပေးမယ်။ နို့စို့လို့ သိပ်မောနေရင် အကြောဆေးရည် သွင်းပေးရပါတယ်။ ဆေးအနေနဲ့ကတော့ ပန်းနာရင်ကျပ် လိုပဲ လြေ>ွပန်ကျယ်စေတဲ့ ရှူဆေး၊ သောက်ဆေး၊ စတီး ရွိုက်ဟော်မုန်းပါ သောက်ဆေး၊ ထိုးဆေး စတာတွေ ပေးပါတယ်။ ပဋိဇီဝဆေးကိုတော့ အဖျားကြီးတဲ့ ကလေး၊ အန္တရာယ်လက္ခဏာရှိတဲ့ ကလေးတွေမှာ ပေးပါတယ်။ ဒီထက်ကြီးတဲ့ကလေးတွေမှာရောဆရာ။ တစ်နှစ်ကနေ သုံးနှစ်အောက် ကလေးတွေမှာ တော့ နှာစေး၊ ချောင်းဆိုးပြီးရင် တရွှီရွှီမြည်ပြီး ရင်ကျပ် လာတဲ့ကလေးတွေ တွေ့ရပါတယ်။ ခက်တာက ကလေးငယ်တွေမှာ လေပြွန် တွေက ကျဉ်းမြောင်းတော့ အလွယ်တကူပဲ တရွှီရွှီမြည်ပြီး ကျပ်လာလေ့ရှိပါ တယ်။ ဒီထဲက တချို့လည်း နောက်ပိုင်းမှာ တကယ် ပန်းနာရင်ကျပ်ရှိသွားကြပါတယ်။ တချို့လည်း အသက်ကြီးတော့ ပျောက်သွားကြပါတယ်။ ဒါတွေကို ဗိုင်းရပ်ပိုးကြောင့်ဖြစ်သော အသက်ရှူကျပ်ခြင်း၊ အရင်တုန်းကတော့ လေပြွန် ရောင်ရင်ကျပ်စသည်ဖြင့် ခေါ်ပါတယ်။ ဒီကလေးတွေကိုတော့ ပန်းနာရင်ကျပ် တတ်တဲ့လူနာကို ကုသသလိုပဲ လေပြွန် ကျယ်စေတဲ့ ရှူဆေး၊ သောက်ဆေးတွေနဲ့ ကုသတာရှိ ပါတယ်။
ဘယ်အခါမှာ ပန်းနာရင်ကျပ်လို့သတ်မှတ်သလဲ။
ဒီထက်အသက်ကြီးတဲ့ ကလေးတွေမှာ မကြာခဏ ဆိုသလို ချောင်းဆိုးလာ၊ အသက်ရှူခက်လာပြီး တရွှီရွှီမြည်တဲ့ကလေးတွေကိုတော့ ပန်းနာရင်ကျပ် အနေနဲ့ သတ်မှတ်ပြီး ကုပါတယ်။ ပန်းနာရင်ကျပ်ရဲ့ အဓိကလက္ခဏာတွေ ပြောပြ ပေးပါဦးဆရာ။
ပန်းနာရင်ကျပ်ရဲ့ အဓိက လက္ခဏာတွေကတော့ မကြာခဏ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း၊ အသက်ရှူ လိုက်ရင် တရွှီရွှီမြည်ခြင်းတို့ပဲဖြစ်ပါတယ်။ တခြားအထောက်အကူလက္ခဏာတွေကရောဆရာ။ ပန်းနာရင်ကျပ်လို့ သတ်မှတ်ရာမှာ အကူအညီ ပေးတဲ့ တခြားလက္ခဏာတွေကတော့ မိသားစုမှာ ပန်းနာရင်ကျပ် သို့မဟုတ် နှင်းခူ၊ အင်ပျဉ်စတဲ့ သွေးမတည့်တာကိုပြတဲ့ လက္ခဏာတွေရှိခြင်း၊ ငယ်စဉ်က နို့ပွေးပေါက်ခြင်း၊ အရေပြားတွင် အင်ပျဉ်၊ နှင်းခူ စသည်တို့ရှိခြင်းတို့ပါပဲ။ ဒါ့အပြင် တစ်ခါ နှာစေး၊ ချောင်းဆိုးဖြစ်ပြီးရင် တော်တော်နှင့်မပျောက်ခြင်း၊ ပြေးလိုက် လွှားလိုက်ရင် ချောင်းဆိုး၊ ရင်ကျပ်လာခြင်း၊ ငိုလိုက်၊ ရယ်လိုက်ရင် ချောင်းဆိုး၊ ရင်ကျပ်လာခြင်း တို့ပဲဖြစ် ပါတယ်။ ပန်းနာရင်ကျပ်မှာ ရှူဆေးနဲ့သောက်ဆေးတွေ ဘယ်ဟာက ပိုကောင်းပါသလဲဆရာ။ ရှူဆေး တွေက ပိုကောင်းပါတယ်။ ရှူဆေးတွေက လိုချင်တဲ့နေရာဖြစ်တဲ့ အဆုတ်ကို ချက်ချင်းရောက် သွားလို့ အာနိသင်ပိုမြန်ပါတယ်။ ဒါ့အပြင် မလိုလား အပ်တဲ့ အာနိသင်လည်းနည်းပါတယ်။ သောက်ဆေး၊ ထိုးဆေးတွေကျတော့ တစ်ကိုယ်လုံးကို ပျံ့နှံ့ပြီးမှ တစ်စိတ်တစ်ပိုင်းပဲလိုချင်တဲ့ အဆုတ် လေပြွန် တွေဆီ ကို ရောက် တာပါ။ ဒါကြောင့်မို့ အာနိသင်ရဖို့လည်း ကြာပြီး မလိုလားအပ်တဲ့ အာနိသင်လည်းများပါ တယ်။
ရှူဆေးတွေပေးရင် ဘာသတိထားရမလဲ။
ရှူဆေးတွေက သောက်ဆေးထက်ပိုကောင်းပေမယ့် ရှူတဲ့ပစ္စည်းပစ္စယလိုပါတယ်။ ဆေး၊ ကြားခံ ပစ္စည်း စသည်ဖြင့် ကလေးရဲ့အသက်အရွယ်ကိုလိုက်ပြီး သင့်လျော်တဲ့ ရှူဆေးဘူး၊ သင့်လျော်တဲ့ကြားခံပစ္စည်း သုံးရပါ တယ်။ သုံးပုံသုံးနည်းကို စနစ်တကျသင်ပေးရ ပါတယ်။ သုံးပုံသုံးနည်းမမှန်ရင် ထိရောက်မှုမရှိဘဲ ဖြစ်နိုင်ပါတယ်။ ပန်းနာရင်ကျပ်မှာ ရင်ကျပ်မထအောင် ဆေးပေး လို့ရသလား။
ရပါတယ်။ ပန်းနာရင်ကျပ်ရောဂါမှာ အဓိကက အဆုတ် လေပြွန် တွေ နာတာရှည်ရောင်ရမ်းနေလို့ ဖြစ်ပါတယ်။ ဒီလို ရောင်ရမ်းနေတဲ့ လေပြွန် တွေက လွန့်တုံ့မှုလွန်ကဲပြီး ပတ်ဝန်းကျင်က ရောဂါပိုး၊ အနံ့ အသက်၊ ဓာတုပစ္စည်း စတာတွေကို ပြင်းပြင်းထန်ထန် တုံ့ပြန်တတ်ပါတယ်။ ဒါကြောင့် လေပြွန် တွေကျဉ်းပြီး ရင်ကျပ်ထတာဖြစ် ပါတယ်။ ဒါကြောင့် လေပြွန် တွေ ရေရှည်ရောင်ရမ်းတာကို ထိန်းထားတဲ့ဆေးတွေ ပေးထားလို့ရပါတယ်။ အသုံး အများဆုံးနဲ့ အထိရောက်ဆုံး ကတော့ စတီးရွိုက်ဟော်မုန်းပါ ရှူဆေးတွေကို ရေရှည်ပေးထားတာပါပဲ။ ဒီဆေးတွေဟာ သောက်ဆေး အနေနဲ့ပေးရင် ဘေးထွက်ဆိုးကျိုးတွေအများကြီးရှိ ပါတယ်။ ရေရှည်ပေးလို့ မရပါဘူး။ ရှူဆေးအနေနဲ့ ပေးရင်တော့ ပမာဏနည်းနည်းနဲ့ပေးတာမို့လို့ ရေရှည် ပေးလို့ရပါတယ်။ ဘေးထွက် ဆိုးကျိုးလည်းမရှိ သလောက်နည်းပါတယ်။ ဒါကြောင့် ရေရှည်ပေးထား နိုင်ပါတယ်။
တရွှီရွှီမြည်တဲ့ကလေးတွေနဲ့ပတ်သက်လို့ ဆရာ ဘာများနိဂုံးချုပ်ပြောချင်ပါသလဲ။
တရွှီရွှီမြည်ပြီး ရင်ကျပ်နေတဲ့ ကလေးတွေကတော့ ကျွန်တော်တို့ နိစ္စဓူဝတွေ့ကြုံနေရတဲ့ ကျန်းမာရေး ပြဿနာပါ။ ကလေးရဲ့အသက်အရွယ်နဲ့ ပြင်းထန်မှု ကိုလိုက်ပြီး ကုသမှုကွာခြားပါတယ်။ ကလေးကြီးတွေ မှာ ပိုဖြစ်တတ်တဲ့ ပန်းနာရင်ကျပ်ထတာဖြစ်ရင်တော့ သင့်လျော်တဲ့ရှူဆေးတွေကို မှန်ကန်တဲ့နည်းစနစ်နဲ့ စနစ်တကျထားခြင်းဖြင့် သာမန်ကလေးတွေလို နေနိုင် ထိုင်နိုင်၊ ပညာသင်နိုင်၊ အားကစားလုပ်နိုင်အောင် ပြုလုပ်ပေးလို့ရကြောင်း သတင်းကောင်းပါးလိုပါ တယ်။ ။