နှလုံးမှာ ဖြူစင်ကြယ်နဲ့ (၂)
ဝမ်းသာပီတိစကား
ကျွန်တော့်အသက် ၇၀ ကျော်ပြီ၊ ဒီရေကန်တွေကို တစ်ခါမှပြန်မဆယ်ခဲ့ဘူး၊ အခုလို နိုင်ငံတော်က ဆောင်ရွက်ပေးတော့ ရွာသားတွေ တအားဝမ်းသာတယ်၊ ရွာသားတွေရော၊ နွားတွေရော ရေမငတ်တော့ဘူး၊ စိုက်ရေပျိုးရေလည်း လုံလောက်ပြီ
ဤစကားရပ်မှာ နယ်စပ်ရေးရာဝန်ကြီးဌာနက တူးဖော်ပေးနေသည့် ဖျောက်ဆိပ်ပင်ကျေးရွာ ရေကန်များ
အခြေအနေကို ကွင်းဆင်းစစ်ဆေးသည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံအား ပုဂံဒေသသား ဖျောက်ဆိပ်ပင်ကျေးရွာမှ ဦးမှတ်ကြီး ပြောခဲ့သည့် ဝမ်းသာပီတိစကားဖြစ်သည်။
ထိုအဖွဲ့တွင်တာဝန်ရှိသူများနှင့်အတူ အီတလီနိုင်ငံသား ရေစီမံခန့်ခွဲမှုပညာရှင် Dr. Massimo Sarti လည်းပါရှိသည်။ အဖွဲ့သည် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရေလမ်းကြောင်း ချိတ်ဆက်မှုများ၊ ပုဂံခေတ်ရေလမ်းကြောင်းနှင့် ရှေးဟောင်းကန်များ ဆယ်ယူထိန်းသိမ်းမှုလုပ်ငန်း အစည်းအဝေးတက်ရောက်ရန် ရောက်ရှိနေခြင်းဖြစ်သည်။
ဦးမှတ်ကြီး၏ ရင်တွင်းစကားသံသည် အားလုံးကို အပျော်တွေ ကြည်နူးစွာ ကူးစက်သွားစေခဲ့သည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းအနုပညာ
မြန်မာတို့သည် ရေ၊ မြေ၊ တောတောင်၊ သစ်ပင်နှင့် ကျေးငှက်တိရစ္ဆာန်တို့ကို ချစ်မြတ်နိုး တန်ဖိုးထားတတ်ကြသူများဖြစ်သည်။ ကာကွယ်စောင့်ရှောက်ခဲ့သူများလည်းဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် သောက်သုံးရေ၊ စိုက်ပျိုးရေရရှိရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအပေါ် အလေးထားခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။
ပုဂံရှေးဟောင်းလွင်ပြင် ဘူမိဗေဒဆိုင်ရာ လေ့လာချက်များအရ ဒေသအတွင်းရှိ ချောင်းများသည် တုရင်တောင်တွင် ချောင်းဖျားခံလျက် အနောက်ဘက်နှင့် အနောက်မြောက်ဘက်ရှိ ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သည်။ ပြန့်ပြူးသည့်ဒေသဖြစ်ပြီး ရေဆင်းစနစ်ဖြစ်သည့် ချောင်းနည်းပါးသည့်အတွက် ရေရရှိရေးအတွက် ရှေးယခင်က ရေကန်များကို တူးဖော်ခဲ့ဟန်ရှိသည်။
ဤဒေသတွင် ထင်ရှားသည့် မြကန်သည် ပုဂံနှင့် ရှစ်မိုင်အကွာ တုရင်တောင်ခြေတွင်တည်ရှိသည်။ ကျန်စစ်သား မင်းကြီးသည် မြကန်ကို ဆည်ဖို့ခဲ့သူဖြစ်၏။ မြကန်ကို ရှေးစာဆိုတို့သည် ဤသို့ကဗျာဖွဲ့ခဲ့ကြသည်-
မြကန်သာ၊
တောင်ကျချောင်းတေး၊ ရေဝင်ပြေးလှည့်၊
ရေအေးကြည်စွာ၊ ကန်ပိုင်မာလျက်၊
ကြာပေါင်းထုံထုံ၊ ငှက်မျိုးစုံသည်၊
ဘုံဝတိံသာ၊ နန္ဒာပေလော၊
တူစွဟုတ္တာ။ ။
တောင်ကျချောင်းရေကို အလဟဿ မဖြစ်အောင် ဆည်ဖို့ပေးခြင်းသည် ရေသယံဇာတ Water Resources"ကို ထိန်းသိမ်းပေးခဲ့ခြင်းပင်ဖြစ်သည်။ ကြာ အစရှိသော သစ်ပင်၊ ပန်းပင်များကို သင်းထုံစေရန်၊ စိမ်းစိုစေရန် စီမံလိုက်ခြင်းသည် သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက် လိုက်ခြင်း (Conservation of natural environment) ပင်ဖြစ်သည်။ ငှက်ပေါင်းစုံ ပျော်မွေ့နိုင်စေခြင်းသည် ဇီဝမျိုးနွယ်စုံ (Bio- diversity)ကို ထိန်းသိမ်းခြင်းပင်ဖြစ်သည်။
မြကန်ကဗျာကို AD1207 ခုနှစ်က ရေးဖွဲ့ခဲ့ခြင်းဖြစ်၏။ ဆိုရသော် မြန်မာတို့၏ ရေနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွေးအမြင်များသည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော်ကပင် စတင်ခဲ့ပြီးဖြစ်ကြောင်း ဖော်ပြလျက်ရှိသည်။
ရှေးမင်းအဆက်ဆက်မှသည် ယနေ့တိုင် နိုင်ငံတော်သည် နိုင်ငံသူ၊ နိုင်ငံသားတို့၏ သောက်သုံးရေဖူလုံရေးနှင့် စိုက်ပျိုးရေရရှိရေးတို့ကို တစိုက်မတ်မတ် အလေးထား ဆောင်ရွက်ခဲ့ကြကြောင်း မှတ်တမ်းများအရ တွေ့ရှိနိုင်ပေသည်။
ကောင်းမွန်သော အစဉ်အလာများကို ဆက်လက်ထိန်းသိမ်းရမည်မှာ နိုင်ငံသားတိုင်း၏တာဝန်ပင်ဖြစ်သည်။
ပညာရှင်၏ အကြံပြုချက် Dr. Massimo Sarti (Polytechnic University of Marche) က Water Storage And Flood Mitigation In Bagan World Hertiage Site ခေါင်းစဉ်ဖြင့် အစည်းအဝေးတွင်-
(က) Opportunity to learnlessons ရှေးခေတ်ရေထိန်းသိမ်းမှုပညာများကို သင်ခန်းစာများ လေ့လာနိုင်မည့် အခွင့်အရေး ဖြစ်ကြောင်း။
( ခ) Surveys, studies, field tests needed before action
လုပ်ငန်းများမစမီတွင် ကွင်းဆင်းလေ့လာ မြေပြင်စမ်းသပ်စစ်ဆေးမှု ဆောင်ရွက်ရန် လိုအပ်ကြောင်း။
(ဂ) Mandatory HIA (Mandatory Heritage Impact Assessment)
ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ထိခိုက်မှု ရှိ^မရှိ ဆန်းစစ်မှု မဖြစ်မနေ ဆောင်ရွက်မည်ဖြစ်ကြောင်း။
(ဃ) Adequately prepare documentation in the prospect of future UNESCO or WHC assessments (SOCs, others)နောင်တစ်ချိန်တွင UNESCO/ WHC တို့က လေ့လာဆန်းစစ်မှုများ ပြုလုပ်ပါက အချက်အလက်များ ပြင်ဆင်ထားရန်လိုအပ်ကြောင်း။
(င) Prioritize completion of flood
risk mitigation measures over water storage (rainy season coming and the quinquennium 2020-2025 forecasts extreme events) ရေလွှမ်းမိုးမှုလျော့ပါးစေရေးအတွက် တိုင်းတာမှုများ အချိန်မီပြီးစီးရေး ဦးစားပေး ဆောင်ရွက်ရန်ဖြစ်ကြောင်း။
( စ) Consider Mya Kan rehabilitation as the source of water in the plain မြကန်မွမ်းမံပြင်ဆင်ခြင်းကို လွင်ပြင်ဒေသ ရေအရင်းအမြစ်အဖြစ် စဉ်းစားဆောင်ရွက်ရန်ဖြစ်ကြောင်း။
အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့လေသည်။ ဒေသအပေါ် စေတနာပါလှသော အကြံပြုချက်များပင်ဖြစ်လေသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနလုပ်ငန်းများ ပူးပေါင်းကူညီဆောင်ရွက်ရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနလည်း ပါဝင်ခဲ့သည်။ စာရေးသူသည် နယ်စပ်ရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခွင့်ရခဲ့သည်မှာ ဆယ်စုနှစ် နှစ်စု နီးပါးရှိခဲ့ပေပြီ။
ဝန်ကြီးဌာန၏ မဟာဗျူဟာမှာ အလွန်မွန်မြတ်လှ၏။ ဦးတည်ချက်၊ ရည်ရွယ်ချက်ကောင်းများလည်းဖြစ်ပေ
သည်။ အကြောင်းအမျိုးမျိုးကြောင့် ဖွံ့ဖြိုးမှု နောက်ကျကျန်ခဲ့ရသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုး
များ၏ဖွံ့ဖြိုးတိုးတက်မှုကို ပြည်နယ် ပြည်မ အကြားအလပ်မရှိစေရေး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ပေးရန် ဟူ၍ဖြစ်သည်။ ထို့ကြောင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို နိုင်ငံအနှံ့ ဆောင်ရွက်လျက်ရှိသည်။
ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သောဒေသတစ်ခုတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခွင့်ရခြင်းသည် ကြီးမြတ်သောလာဘ်တစ်ပါးပင်။ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနမှချမှတ်ထားသည့် မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ သောက်သုံးရေ ရရှိရေးလုပ်ငန်းသည်လည်း မပါမဖြစ်လုပ်ငန်းတစ်ခုဖြစ်လာသည်။
ယနေ့ကမ္ဘာတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံအများစုတွင် ရာသီဥတုပြောင်းလဲမှုကြောင့် သောက်သုံးရေအတွက် အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေကြရသည်။ တစ်နှစ်ထက်တစ်နှစ်တိုး၍ ရာသီဥတုပြောင်းလဲမှု ပြင်းထန်လာခြင်းသည် လူနေမှုစနစ်များ၊ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် စိုက်ပျိုးရေ စသည့်ဘက်ပေါင်းစုံအပေါ် ဆိုးကျိုးများ သက်ရောက်နေသည်။ ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ရေအရင်းအမြစ်များလည်း ယိုယွင်းပျက်စီးလာခြင်းကို ရင်ဆိုင်လာကြရသည်။
မြန်မာနိုင်ငံသည် ရေအရင်းအမြစ် ကယ်ဝမှု၌ ကမ္ဘာ့ထိပ်တန်းစာရင်းတွင် ပါဝင်သော်လည်း ယခုအခါ ရေအရင်းအမြစ်များသည် ရာနှုန်းပြည့်အရည်အသွေး မကောင်းတော့ပေ။ ကျေးလက်ဒေသ များနှင့် အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန်ဒေသများတွင် သောက်သုံးရေ၊ စိုက်ပျိုးရေများရရှိရန် ခက်ခဲလာပြီး ရေအရင်းအမြစ်များ လျော့နည်းခန်းခြောက် လာလျက်ရှိသည်။
စာရေးသူတို့နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းမှာလည်း ကျေးလက်ဒေသများ ဖြစ်ကြသည်။ နိုင်ငံတော်သည် ကျေးလက်ကိုအခြေခံ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်ပေးလျက်ရှိလေ၏။
ရေရရှိရေးလုပ်ငန်းများအတွက် ၁၉၉၁- ၁၉၉၂ ဘဏ္ဍာနှစ်မှ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်အထိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ပြည်နယ်/တိုင်းဒေသကြီး ၁၃ ခုတို့တွင် သောက်သုံးရေရရှိရေးလုပ်ငန်းများဖြစ်သော စိမ့်စမ်းရေ သွယ်ယူခြင်းလုပ်ငန်း ၁၀၀ ခု၊ လက်တူးရေတွင်း ၆၉ တွင်း၊ မြေသားမိုးရေကန် ၂၀၄ ကန်၊ အဝီစိတွင်း (တွင်းတိမ်/တွင်းနက်) ၉၈/၂၃ တွင်း၊ သောက်သုံးရေရရှိရေးလုပ်ငန်း ၁၉၉ ခု၊ ရေရရှိရေးလုပ်ငန်း ၂၁၄ ခု၊ solar စနစ်ဖြင့် ချောင်းရေတင်စနစ်စီမံကိန်း ၄၈ ခု၊ အခြားစိုက်ပျိုးရေရရှိရေးလုပ်ငန်း ၁၆ ခု နှင့် တစ်ဖက်ပိတ်ဆည် တည်ဆောက်ရေးလုပ်ငန်း သုံးခုတို့အား ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ပြုပြင်ထိန်းသိမ်းကြရမည်
ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ကွင်းဆင်းလေ့လာတွေ့ရှိမှုများအရ ရေတွင်း၊ ရေကန်၊ အင်း၊ အိုင် မြောက်မြားစွာကိုလည်း ယနေ့တိုင် တွေ့မြင်နိုင်သည်။
သို့သော် ရှေးခေတ်ကအသုံးပြုခဲ့သော ရေလှောင်ကန်၊ ရေစစ်ကန်များနှင့် ရေလမ်းကြောင်းတို့သည် ထိန်းသိမ်းပြုပြင်မှုမရှိခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ကျူးကျော်နေအိမ်များ၊ မြို့ပြလမ်းများ ဖောက်လုပ်ခြင်းကြောင့် ယခုအခါ မူလရေလမ်းကြောင်းများ ပျက်ပြားခဲ့ရသည်။ ထို့ကြောင့် မိုးရေ ကြီးသောနှစ်များတွင် မူလစီးဆင်းသော ရေလမ်းကြောင်းများ တိမ်ကောနေသဖြင့် နီးစပ်ရာ ရှေးဟောင်း အဆောက်အအုံများတွင် ရေဝင်ခြင်း၊ ရေဝပ်ခြင်းတို့ကြောင့် ရှေးဟောင်းအဆောက်အအုံများ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်။
ပုဂံခေတ်၏ မူလရေလမ်းကြောင်းများအတိုင်း ရေစီးရေလာကောင်းမွန်မှုနှင့် ရေလျှံမှုများ မဖြစ်နိုင်စေရန် ကွင်းဆင်းမှတ်တမ်းကောက်ယူခဲ့ကြသည်။ ရေကန် ၁၀၆ ကန်အနက် ၉၁ ကန်ကို ဦးစားပေးအလိုက် ပြုပြင်ထိန်းသိမ်းရန် အပိုင်း နှစ်ပိုင်းခွဲခြားခဲ့သည်။ ပထမအဆင့် ၄၆ ကန်နှင့် ဒုတိယအဆင့် ၄၅ ကန် သတ်မှတ်ခဲ့သည်။ ၂၀၂၃-၂၀၂၄ နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တို့တွင် ပြုပြင်ထိန်းသိမ်းခြင်းကို အကောင်အထည်ဖော်သွားမည်ဖြစ်သည်။ ပထမအဆင့်အနေဖြင့် ဦးစားပေး (၁) ၁၁ ကန်၊ ဦးစားပေး (၂) ၁၁ ကန်၊ ဦးစားပေး (၃) ၁၂ ကန်နှင့် ဦးစားပေး (၄) ၁၂ ကန်တို့ကို လျာထားသတ်မှတ်ထားပြီး စီမံချက်များရေးဆွဲ၍ ဦးစားပေးအလိုက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည်။
ရဟန်းရှင်လူပြည်သူများ တတ်စွမ်းသမျှ လှူဒါန်းလိုသည်ဖြစ်စေ၊ ရေကန်တစ်ကန်ချင်း လှူဒါန်းလိုသည်ဖြစ်စေ လက်ခံသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်အသိပေးနှိုးဆော်ထားသည်။
၆-၂-၂၀၂၄ ရက်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်တို့သည် မြကန်၊ ညောင်လက်ဖက်ကန်၊ ရွှေနန်းရင်တောကန် အစုအဖွဲ့နှင့် ဆက်စပ်ရေလမ်းကြောင်းများ၏ အခြေအနေကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
ပြီးနောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့ ပူးပေါင်း၍ ရေကန်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ကြသည်။ ဤသို့ဖြင့် မကြာသောကာလအတွင်း ပုဂံဒေသ၏ ရေထိန်းသိမ်းမှုစနစ်များသည် ပြန်လည်ဦးမော့ကောင်းမွန်လာပေတော့မည်။
နှလုံးမှာ ဖြူစင်ကြယ်နဲ့
တုရင်တောင်ခြေ မြကန်နှင့် အလံပုဂံကန်တို့တွင် ကျန်စစ်သားမင်းကြီး၏ကျောက်စာချပ်ရှိသည်။ AD-1086 ခန့်က ရေလှောင်တမံများ တည်ဆောက်စဉ် ရေးထိုးခဲ့ခြင်းဖြစ်လေ၏။ ထိုကျောက်စာ၌-သတ္တဝါအပေါင်းတို့ ငတ်မွတ်ခြင်းကင်း၍ ချမ်းသာကြွယ်ဝပေါများခြင်း အကျိုးငှာ ရေမရှိသော လယ်မြေ၊ ထွန်ယက်စိုက်ပျိုးခြင်း မရှိသောအရပ်တို့၌ အတို့သခင် အရှင်မင်းတရားကြီးသည် ရေကို မြဲမြံစွာ ဆည်စေ၏၊ ရေကန်ကို တူးစေ၏၊ စိုက်ပျိုးရန် လယ်မြေကို ဖြစ်စေ၏ဟု ဖော်ပြထားသည်။ မြန်မာတို့အတွက် ခိုင်ခံ့သော သမိုင်းအထောက်အထား တစ်ခုပင်ဖြစ်၏။
တစ်ဆက်တည်း စဉ်းစားမိပြန်သည်။ ပုဂံခေတ်ဦးမင်းမြတ်တို့၏ ပုဂံလွင်ပြင်နယ်နိမိတ်အတွင်း ရေအသုံးချစီမံခန့်ခွဲမှု အတတ်ပညာ၊ အတွေ့အကြုံဖြင့် အနော်ရထာသည် ကျောက်ဆည် လယ်တွင်းကိုး ခရိုင်အတွင်း ဆည်မြောင်း၊ ရေကန်၊ တာတမံများကို တည်ဆောက်နိုင်ခြင်း ဖြစ်သည်ဟုလည်း ယူဆနိုင်သည်။ ထိုလုပ်ငန်းများက မြန်မာနှင့် မြန်မာ့သမိုင်း၏ ဂုဏ်ရောင်ကို တောက်ပြောင်စေခဲ့သည်။
ဤရေကန်များ ဆယ်ယူထိန်းသိမ်းခြင်းလုပ်ငန်းခွင်တွင် တာဝန်ယူ ဆောင်ရွက်နေသည့်၊ အကောင်အထည်ဖော် ပေးနေသည့် အဖွဲ့အစည်းအားလုံးကို လေ့လာကြည့်မိသည်။ သူတို့သည် မိမိတို့ချစ်မြတ်နိုး တန်ဖိုးထားရသည့် ပုဂံမြေအတွက် နှလုံးသားဖြူစင်စွာ၊ စိတ်ထားစင်ကြယ်စွာနှင့် ဆောင်ရွက်လျက်ရှိပေသည်။ ပုဂံအလှကို ပိုမိုလှပပေါ်လွင်စေတော့မည်။
ဆက်စပ်၍ ငယ်ငယ်ကသင်ယူခဲ့ရသည့် ဆရာကြီးဇော်ဂျီရေးသားသည့် ရှေးခေတ်ပုဂံပြည်ကဗျာမှ ကြိုက်နှစ်သက်သော စာပိုဒ်လေးကို ဖော်ပြလိုပါသည်-
ယာလက်ရုံးငဲ့ပြင်
နှလုံးမှာ ဖြူစင်ကြယ်နဲ့
လူတွင်ကျယ် ပုဂံသားတွေကို
ကိုယ့်အားကို ကိုယ်ယုံကိုးကာပ
ကိုယ့်မျိုးဂုဏ် တမာန်တက်ပေလိမ့်
ဓားထက်တဲ့ ပုဂံမှာ
မြန်မာတို့ ခေတ်ဟောင်း။ ။
စေတီနဲ့ တန်ဆောင်း
ဆည်ချောင်းနဲ့ စပါးနှံ
ရွှေပေါက္ကံ ပြည်တကြောမှာ
ပေါချင်တိုင်း ပေါတဲ့ပြင်
ဝပြောတဲ့ သာသနာ
ခေါင်းလောင်းသံ ညံမစဲရယ်နဲ့...
ပုဂံအပြန်လမ်း
ဖျောက်ဆိပ်ပင် ရွာသူရွာသားများ နေညိုညို ရေချိုခပ်ချိန်တွင် ပုဂံမြေမှ နေပြည်တော်သို့ ပြန်ခဲ့၏။ လမ်းတစ် လျှောက်တွင်လည်း ဤသို့တွေးတောနေမိပြန်သည်-
ဘုရင်နှင့်နန်းတော် မရှိတော့သည်မှလွဲ၍ ယနေ့တိုင် ပုဂံမြေသည် မပြောင်းလဲခဲ့။ ပုဂံသားတို့သည် ထန်းပင်ကို မြတ်နိုးဆဲ၊ ထန်းတက်ဆဲ၊ ထန်းလျက်ချက်ဆဲပင်။ လယ်/ယာတို့ကိုလည်း ကျွဲနှင့် နွားနှင့် ထွန်ယက်ကြတုန်းပင်။ သနပ်ခါးကို မြတ်နိုးစွာ လိမ်းကျံဆဲပင်။ ဧည့်ဝတ်ကျေပွန်စွာ ချိုသာသောစကားကိုဆိုလျက် စေတနာ ဗရပွနှင့် ဆက်ဆံကြတုန်းပင်။ မြေသြဇာကောင်းလှသည့် ဧရာဝတီမြစ်ကမ်းပေါ်တွင် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များမှာ လတ်ဆတ်သန့်ရှင်းအရသာ ရှိဆဲပင်။
၁၆ စတုရန်းမိုင်ကျော်ဧရိယာအတွင်းရှိ ဤရှေးဟောင်းမြို့တော်သည် ယနေ့ ၂၁ ရာစုတိုင် မြန်မာလူမျိုး အများစုတို့၏ နှလုံးသားထဲတွင် ခိုင်ခံ့စွာတည်တံ့လျက်ရှိပေသည်။ နောင်ရာစုနှစ်ပေါင်းများစွာအထိတိုင် မြန်မာတို့အတွက် ပုဂံသည် ဂုဏ်ယူမြတ်နိုးရသောမြေအဖြစ် အမြဲတမ်း ဖြစ်တည်နေပေလိမ့်မည်။ ။
ဝဌကလသ(နတလ)